တစ်နေ့သော ညနေပိုင်း၌ ဘုန်းကြီးကျောင်းသားငသွင်တစ်ယောက်
ဘွားမယ်စိန်၏အိမ်သို့ရောက်လာပြန်၏။
(ဘွားမယ်စိန်နှင့်သချိုင်းကုန်းမှ
ဒင်္ဂါးပြားစာမူကိုအရင်ဖတ်ပါ)
ထိုသို့ ငသွင်ရောက်လာချိန်၌ ဘွားမယ်စိန်၏သမီးဖြစ်သူဒေါ်ဝင်းသည်လည်းအိမ်၌ ရှိပေသည်။
"ဟဲ့...ငသွင်.အထူးအဆန်း အိမ်အလည်လာတာလား"
ဒေါ်ဝင်းကဝိုင်းထဲဝင်လာသော ငသွင်အား မေးလိုက်သည်။
ငသွင်က...
"ဟုတ်တယ် အရီးရေ...ကျုပ်ဘွားဆီလာခဲ့တာဗျ...."
"ရှိတယ်...ရှိတယ်....မင်းအဘွားအစောကမှ ခြံထဲလမ်းလျှောက်နေသေးတာ...နေပါဦး အရီးခေါ်ပေးပါ့မယ်"
ဆိုကာ ခြံနောက်ဖက်ဆီသို့ ဒေါ်ဝင်းထွက်သွားလေသည်။
ငသွင်ကတော့ကွပ်ပျစ်၌သာ ဝင်ထိုင်နေလိုက်သည်။
ခဏကြာလေတော့ ဒေါ်ဝင်းနှင့် ဘွားမယ်စိန်တို့ပြန်ရောက်လာကြ၏။
ဘွားမယ်စိန်က ငသွင်အားမြင်လေတော့...
"ဘယ့်နဲ့တုန်းမောင်ကျောင်းသား...တလောက ကိစ္စအဆင်ပြေရဲ့လားကွဲ့...."
ဟုမေးရင်း ငသွင်၏ဘေးရှိ ကွပ်ပျစ်ခင်း၌ ဝင်ထိုင်လေသည်။
"ပြေတယ်ဘွားရေ...ဘွားပြောသလိုလုပ်လိုက်ကတည်းက ဘာမှကိုထပ်မကြုံရတော့တာဗျာ...."
"အင်း...အင်း....ပြေတယ်ဆိုရင်ကောင်းတာပေါ့.....
ဟဲ့သမီး..."
"ရှင်အမေ..."
"အေး...အမေမေ့နေတာ...ရွာလယ်က ဘိုးမောင်ပုဆီက ထန်းလျက်သွားယူလိုက်ဦး...အမေမနက်ကျရင် ဆေးလေးကျိုဖို့ ထန်းလျက် မှာထားတာကို.မေ့နေသကွယ်...."
"သြော်...ဟုတ်....ဟုတ်အမေ...ဒါဆို ကျုပ်သွားယူလိုက်မယ်လေ....
ကဲ ငသွင်ရေ....အကြမ်းရေလေးသောက်
လက်ဖက်လေးစား မင်းအဘွားနဲ့နေခဲ့ကြဦးကွယ်"
"ဟုတ်ကဲ့အရီး...."
ဟု ငသွင် ဖြေလိုက်သည်။
အမှန်မှာ ဘွားမယ်စိန်က ငသွင်၏အကြောင်းကိုသိ၍ ဒေါ်ဝင်းအား အပြင်သို့ခိုင်းလိုက်ခြင်းဖြစ်၏။
ဒေါ်ဝင်း ရွာလယ်ပိုင်းသို့ ထွက်သွားချိန်၌...
"ကဲ...မောင်ကျောင်းသား...မင်းထပ်ရောက်လာတာ ဘာများသိချင်လို့တုန်း...."
"ဟာ...ဘွားက ကျုပ်စိတ်ကိုသိနေတာပါလားဗျ...."
"အင်း...ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက မင်းဆီမှာ သိလိုစိတ်တွေရှိနေတာကို ဘွားသိထားလို့ပါကွယ်..."
"ဒါဆို ကျုပ်သိချင်တာ ဘွားကိုမေးမယ်ဗျာ...
ဒီလိုပါ ကျုပ်လေ ဘွား ဒီပညာတွေဘယ်လိုတတ်မြှောက်ထားသလဲဆိုတာရယ်
ပြီးတော့လေ ဘွားရဲ့ပညာတွေကို
ကျုပ်ကိုဘာလို့သင်မပေးတာလဲဆိုတာရယ်...အဲ့တာလေး
သိချင်တာပါ ဘွား....."
"အင်း....မောင်ကျောင်းသားက သိလိုစိတ်ပြင်းထန်နေသကိုး....ဒါဆို ဘွားပြောပြပါ့မယ်ကွယ်....."
***
ရွာလေးအမည်က "ခရေပင်ကုန်းရွာ"ဖြစ်၏။
ထိုရွာလေးသည် မြစ်နား၊ချောင်းနား နီးသည်မို့ တစ်ရွာလုံးလိုလို တံငါသည်အလုပ်ကို လုပ်ကိုင်ကြ၏။
တံငါလုပ်ကိုင်သည့် ထိုရွာလေး၌ ဦးကျော့...ဒေါ်တုဆိုသည့် တံငါသည်လင်မယားရှိပေသည်။
ထိုလင်မယား၌အသက်ဆယ့်ရှစ်နှစ်အရွယ် ချောမောသည့် မယ်စိန်ဆိုသည့် သမီးတစ်ယောက်ရှိပေသည်။
လင်မယား နှစ်ယောက်လုံးသည် တံငါသည်အလုပ်ကို လုပ်ကိုင်ကြပါသော်လည်း သမီးဖြစ်သူ မယ်စိန်လေးအား မည်သည့်အလုပ်မှမလုပ်ခိုင်းကြ။
အသက်ငါးဆယ်ကျော် မိအို၊ဖအိုများသည် မယ်စိန်လေးအား အသည်းတမျှ ချစ်မြတ်နိုးကြ၏။
မိအို၊ဖအိုများကဲ့သို့ မယ်စိန်လေးအား ချစ်မြတ်နိုး
နေသူတစ်ယောက်လည်း ရှိပေသည်။
ထိုသူသည်က ခင်မောင်ဆွေဆိုသည့် အင်းသူကြီး တစ်ယောက်ဖြစ်၏။
ခင်မောင်ဆွေ၏
အသက်သည်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး ဆယ့်ရှစ်နှစ်အရွယ် မယ်စိန်လေးအား အရှင်ရရ အသေရရလိုချင်သူတစ်ယောက် ဖြစ်သည်။
ထိုသို့ ခင်မောင်ဆွေက ချစ်ကြိုက်နေပါသော်လည်း မယ်စိန်ကမနှစ်မြို့ပေ။
"တော်ကြီးကို...ကျုပ်ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး....ဒါကြောင့် တော်ကြီး ကျုပ်ကိုထပ်ပြီးချစ်တယ်၊ကြိုက်တယ် မပြောနဲ့"
ဟု
မယ်စိန်က ခင်မောင်ဆွေအား ခပ်ပြတ်ပြတ်ပြောတတ်၏။
တစ်ရက်မှာတော့ ခင်မောင်ဆွေတစ်ယောက်
မယ်စိန်အိမ်ဆီသို့ လူကြီးစုံရာဖြင့် ကန်တော့ပွဲရွက်ကာ လာတောင်းလေသည်။
ထိုနေ့သည်....
" ဒီမှာ...ကျုပ်တော်ကြီးကို မကြိုက်ပါဘူး....မချစ်ပါဘူးပြောထားတာကို တော်ကြီးကအရှက်မရှိရောက်လာတာပါလား...တော်ကြီး
လူတွေလည်းခေါ်သွား...နောက်ဘယ်တော့မှလာမတောင်းနဲ့ တော်ကြီးကို ကျုပ်မယူနိုင်ဘူး....သွားကြ...သွားကြ"
မယ်စိန်သည် စိတ်ဆတ်၏။
ခင်မောင်ဆွေတစ်ယောက်လူကြီးများကြား
မျက်စိမျက်နှာပျက်နေလေသည်။
မယ်စိန်၏ ဖခင်ဦးကျော့ကလည်း...
"ကဲ...မောင်ခင်မောင်ဆွေ...ငါ့သမီးသဘောထားလည်း မင်းသိပြီးပါပြီ....အဲ့တော့ မင်းလူတွေခေါ်ပြီး ပြန်ကြတော့ကွာ....ပြန်ကြတော့......."
ဟု မောင်းထုတ်လိုက်၏။
ခင်မောင်ဆွေသည် မည်သည့်စကားကိုမှ မဆိုဘဲ မယ်စိန်အားကြည့်လေသည်။
မယ်စိန်ကတော့ မျက်နှာထားတင်းတင်းဖြင့် ပြန်ကြည့်၏။
ခင်မောင်ဆွေ ထွက်သွားဖို့ပြင်ရင်းမှ မယ်စိန်အား တစ်ချက်ပြန်ကြည့်ကာ....
"ငါမင်းကို လက်မလျော့ဘူး မယ်စိန်....
မင်းကိုငါပိုင်ကိုပိုင်ရမှဖြစ်မယ်....."
ခင်မောင်ဆွေ၏စကားကြောင့် မယ်စိန်ဒေါသထွက်ကာ....
"သေလိုက်လေ....သေလိုက်ပါလား......"
ဟု
ဒေါ်သတကြီးအော်ပြောလိုက်တော့သည်။
ထိုအခါ ခင်မောင်ဆွေသည်ကတော့ နောက်ကြောင်းပင်လှည့်မကြည့်
ပြန်သွားတော့၏။
****
ကံကြမ္မာသည် လူတိုင်းအပေါ်မကောင်းလှ။
တစ်နေ့သ၌....
"မယ်စိန်....မယ်စိန်.....ရေ.......မယ်စိန်..........."
"အရီးဘာဖြစ်တာလဲ......"
အမောတကောဖြင့်အပြေးလာသူသည်က မယ်စိန် မိဘများနှင့်အတူ တံငါလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ကြည်ဖြစ်နေ၏။
အမောတကောပြေးလာသော ဒေါ်ကြည်အား မယ်စိန်မေးလေတော့...
"ညည်း....ညည်းပြေးတော့ မယ်စိန်....ညည်းပြေးတော့....."
"ဘာ....ဘာလို့လဲ..... ဘာလို့လဲအရီး..."
ဒေါ်ကြည်၏စကားကြောင့် မယ်စိန်တုန်လှုပ်သွား၏။
ဒေါ်ကြည်ကလည်း မည်မျှပြေးလာသည်မသိ မောဟိုက်နေရှာသည်။
"ညည်းမိဘတွေ....ညည်းမိဘတွေကို ခင်မောင်ဆွေတို့သတ်လိုက်ပြီ.....ညည်းကိုရချင်လို့ ညည်းမိဘတွေအသတ်ခံလိုက်ရပြီ မယ်စိန်ရဲ့.....အခု ညည်းပြေးတော့ မယ်စိန်....ပြေးတော့...."
"အာ.....ဟာ....မဖြစ်....မဖြစ်နိုင်ပါဘူး.....ကျုပ်....ကျုပ်အမေနဲ့ အဖေ....အီး....ဟီး....ဟာ...မဖြစ်နိုင်ပါဘူး....ကျုပ်....ကျုပ်မသွားဘူး....ကျုပ်မယုံဘူး..........."
"ကောင်မလေး....အရီးစကားကိုနားထောင်ပါအေ....အရီး
မျက်စိနဲ့ကိုမြင်ခဲ့ရတာ....အခု ညည်းဘဝမလုံခြုံဘူးမယ်စိန်....
တစ်ဖက်ရွာက အရီးရဲ့မောင်အိမ်ကိုသိတယ်မလား.....သူ့ဆီကို သွား....အဲ့ကိုရောက်ရင် ကြုံတိုင်းရွာကိုအရီးကလိုက်ပို့ခိုင်းတယ်ဆိုတာပြော....အဲ့ရွာကဒီနဲ့အတော်ဝေးတော့ ခင်မောင်ဆွေတို့သိမှာမဟုတ်ဘူး.....သွားတော့ မယ်စိန်...
သွားတော့ အချိန်မရတော့ဘူး...."
"ဟင့်....ဟင့်အင်း....သူကြီးဆီသွားမယ်လေ....သူကြီးနဲ့တိုင်မယ်လေ...ပြီးရင်အမေနဲ့အဘက်ိုကယ်မယ်လေ အရီး...."
"မရဘူး..........မရဘူးဟဲ့ မယ်စိန်ရဲ့ အဲ့အကောင်တွေကငွေအားကိုးနဲ့သတ်တာ...တိုင်ရင်လည်းသူကြီးကအရေးယူမယ်လို့ညည်းထင်နေတာလား....
သွားတော့မယ်စိန်ရယ်....အမြန်သွားပါတော့... တောလမ်းကသွား....မြန်မြန်သွားတော့........"
ဒေါ်ကြည်က ငိုရင်းမှ ပြောနေ၏။
မယ်စိန်ကတော့ စိတ်များ ကယောင်ခြောက်ခြားဖြစ်နေပေသည်။
မိခင်နှင့်ဖခင်အား ဆုံးရှုံးရသည့်စိတ်....
မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပြီး....မျက်ရည်များသည်
လည်း သူ၏မျက်နှာ၌ အိုင်ထွန်းနေရှာသည်။
နောက်ဆုံးမှာတော့ မယ်စိန်အံကိုကြိတ်၍ ရွာအနောက်ဖက်တောလမ်းဆီသို့ ဒယိမ်းဒယိုင်ပြေးထွက်လာခဲ့တော့သည်။
ကျန်ရစ်သော ဒေါ်ကြည်ကတော့ ငိုကြွေးရင်း...
"ဘေးကင်းပါစေ မယ်စိန်ရယ်...ညည်းဘဝလေးကလည်း ခါးလိုက်တာအေ......အီး.......ဟီး....ဟီး........."
***
ထိုသို့ဖြင်မယ်စိန်တစ်ယောက် ဒေါ်ကြည်၏ကူညီမှုဖြင့် ကြုံတိုင်းရွာသို့ရောက်သွားတော့၏။
ကြုံတိုင်းရွာ၌ ဒေါ်ကြည်၏ အဘွားရှိပေသည်။
ထိုအဘွားနှင့် မယ်စိန်အတူနေရင်းတစ်နေ့သ၌...
"မယ်စိန်...ညည်းမိဘတွေကိုသတ်တဲ့အကောင်ကို ညည်းမမုန်းဘူးလား...."
အဘွား၏အမေးကြောင့်မယ်စိန် အံကိုကြိတ်လိုက်သည်။
အံကိုကြိတ်ရင်း...
"သိပ်ကိုသတ်ချင်တာပေါ့ ဘွားရယ်....ကျုပ်လေ အဲ့အကောင်တွေကို သတ်ဖို့အမြဲစိတ်ထဲတွေးနေတာ...."
"အင်း....ဒါဆို ညည်းငါ့ဆီက ပညာသင်မလား..."
"ရှင်...ပညာ....ဟုတ်လား ဘွား"
"အေး....ပညာ....ညည်းဘဝရဲ့နာကျည်းချက်တွေကို ချေမွ ပေးမယ့်ပညာ....အဲ့ပညာ ညည်းယူမလား..."
"ယူမယ်ဘွား....ကျုပ်မိဘတွေအတွက်ဒင်းတို့ကိုလက်တုန့်ပြန်နိုင်မယ်ဆိုရင် ကျုပ်အဲ့ပညာကို မရရအောင်ယူမယ်ဘွား...."
"အေး....ညည်းစိတ်မာဖို့ပဲလိုတာပါ....စိတ်ပျော့ရင်တော့
မရဘူးနော်မယ်စိန်....."
"စိတ်ချပါ ဘွားရယ်....ကျုပ်စိတ်ဘယ်တော့မှ မပျော့ပါဘူး....ကျုပ်မိဘတွေအတွက် ကျုပ်စိတ်မာပါတယ်"
"အေး....ကောင်းပြီမယ်စိန်....ဒီနေ့ကစပြီး ညည်းကိုငါ့ပညာတွေ သင်ပေးမယ်........."
ထိုနေ့မှစတင်ကာ မယ်စိန် ဒေါ်သစ်ဆိုသည့် အဘွားကြီးထံမှ ပညာဆက်ခံတော့၏။
ထိုပညာသည် စက်စုပ်ဖွယ်အတိ။
သို့သော် မယ်စိန်အားမလျော့ခဲ့.......။
ဇွဲအပြည့်ဖြင့််သင်ယူခဲ့ရှာ၏။
****
"ဒါဆို...ဘွားက ဘွားသစ်ဆီက ပညာယူခဲ့တာပေါ့"
"အမ်း......။ဟုတ်တာပေါ့....ဘွားသစ်ဆီက ပညာကို ရလိုစိတ်အပြည့်နဲ့ ဘွားယူခဲ့တာ....အဲ့အချိန်တုန်းက စိတ်ဓာတ်တွေပြင်းထန်ခဲ့သလောက်...အခုချိန်ကျတော့ သင်ယူမိတာကိုဘွားနောင်တရနေမိတယ်ကွယ်......."
ဘွားမယ်စိန်က ပြောလေတော့ ငသွင်စိတ်ဝင်တစားဖြင့်...
" ပညာတွေယူပြီးတော့ ဘွားက ခင်မောင်ဆွေဆိုတဲ့လူကြီးကိုသတ်ရောလားဗျ......"
ငသွင်၏အမေးအား.....
"အင်း.....သတ်တာပေါ့ကွယ်....။ဒင်းကိုသတ်ချင်လို့ ယုတ်ညံ့တဲ့ပညာကိုဘွားကြိုးစားသင်ခဲ့တာကိုး......။ဒင်းနဲ့ ဒင်းလူတွေကို ဘွားပညာနဲ့ အသေကိုသတ်ခဲ့တာ.....။ဘွားသတ်တယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြဘူးလေ။မောင်ကျောင်းသားကိုသာဘွားပြောပြတာကွယ့်....ဘွား သားသမီးတွေကိုဒီအကြောင်းတွေပြောမပြခဲ့ဘူးဘူး....
ဒီအကြောင်းတွေကပြန်ပြောပြလို့ကောင်းတဲ့
အရာတွေမှမဟုတ်တာကွယ်....."
"ဟုတ်တာပေါ့ ဘွားရယ်.....။ဒါနဲ့ ဒီပညာတွေယူပြီး ဘွား ဘာဆက်လုပ်ခဲ့သေးလည်း......"
ငသွင်ကမေးလေတော့ ဘွားမယ်စိန်ပြန်တွေးရင်း.....
"အဲ့ပညာတွေစုံတော့ ဘွားရဲ့ဆရာဘွားသစ်လည်းဆုံးပါးသွားရှာတယ်....။သူသေတော့သူ့နေရာကိုဘွားရခဲ့တာပေါ့....ဒါပေမယ့် ဘွားအဲ့သည် အောက်လမ်းပညာသည်နေရာမှာမပျော်နိုင်ပါဘူးကွယ်.....ဘာလို့ဆိုတော့ ဘွားရဲ့ဆရာ ဘွားသစ်မဆုံးခင်ကလူးလိမ့်ခံစားနေရတဲ့အဖြစ်ကိုမြင်ပြီး ဘွားကြောက်လာတာ...ဘွားသစ်က သူ့ပညာတွေနဲ့လူတွေကို သတ်တဲ့ ခြောက်တဲ့နေရာမှာအတော်နာမည်ကြီးတဲ့
အောက်လမ်းဆရာမကြီးလေ...ဘွားကတော့ ဘွားသစ်ရဲ့အဖြစ်ကိုမြင်ရပြီးကတည်းက ဘွားပညာတွေကို ယုတ်မာတဲ့နေရာတွေမှာအသုံးမချချင်တော့ဘူး....
အဲ့သည်လိုနေရင်းကနေ ဒီသောင်ထွန်းရွာသား မင်းအဘ ဘိုးသာမောင်နဲ့ယူပြီး ဒီရွာမှာပဲအခြေချဖြစ်ခဲ့တာပဲမောင်ကျောင်းသားရယ်....."
"ဘွားအဖြစ်ကလည်း ရင်နာစရာလည်းကောင်း....ကြောက်ဖို့လည်းကောင်းတယ်ဗျာ....."
ငသွင်၏ အပြောကြောင့်ဘွားမယ်စိန်ကပြုံး၏။
ပြုံးနေရင်း....
"ဘယ်လိုလဲ မောင်ကျောင်းသား...ဘွားဆီက
ပညာသင်ချင်သေးလားကွဲ့....."
"အာ....ကျုပ် မသင်ချင်တော့ပါဘူး ဘွားရယ်...."
ငသွင်ကထိတ်ထိတ်ပြာပြာငြင်းလေတော့ ဘွားမယ်စိန်ခမြာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရယ်မောနေတော့၏။
ငသွင်ကလည်း ဘွားမယ်စိန်ကသူအားကြည့်ရင်းရယ်မောနေ၍ ရှက်ရှက်ဖြင့် ခေါင်းအား တဗြင်းဗြင်းကုပ်နေတော့လေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)