◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင်(တတိယပိုင်း)

◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင်(တတိယပိုင်း)

14 Jun, 2026
◾​အခန်း (၁) ညအချိန်အခါဖြစ်ပြီး ​ညောင်ပင်စုရွာ၏သချိုင်းဇရပ်တွင် မီးအိမ်အလင်းရောင်လေးထွက်ပေါ်လို့နေသည်။ကွေးကွေးလေးရှိနေသော လ၏အလင်းရောင်အောက်တွင် ဇရပ်ပေါ်၌ မီးလင်းနေသည်ကို ခပ်လှမ်းလှမ်းကတည်းကလှမ်းမြင်နေရပြီး ယခုဇရပ်ပေါ်တွင် လူသုံးယောက်ရှိနေကာ ထိုသူတို့မှာ ဘိုးထင်၊သာအေးနှင့် ပေတူးတို့ဖြစ်လေသည်။​ဘိုးထင်သည် မနေ့ညကရခဲ့သည့် အင်းကွပ်ချထားသော အိုးခြမ်းပဲ့များအား ဇရပ်ပေါ်တွင်တင်ထားသည်။ထို့နောက်တွင် ဘိုးထင်သည် သူ၏လွယ်အိတ်ထဲတွင်ပါလာသော အဝတ်စလေးများဖြင့် အိုးခြမ်းပဲ့များအားပတ်နေသည်။ပေတူးနှင့် သာအေးတို့သည် ကား ဘိုးထင်ပြုလုပ်နေသည်ကိုစိတ်ဝင်တစားဖြင့်ကြည့်နေကြသည်။ဘိုးထင်မှ အိုးခြမ်းပဲ့များအားလုံး အဝတ်စနှင့်ပတ်ပြီးသွားသည့်အချိန်တွင်တော့ ဘိုးထင်ပြုလုပ်နေသည့်အရာအား စိတ်ဝင်တစားဖြင့်ကြည့်နေသည့် သာအေးမှ မေးမြန်းလိုက်သည်။ ​"ဘိုးထင်ရေ မင်းကွာ အခုလိုအဝတ်စပတ်တာများ ဒီအထိလာစရာမလိုပါဘူး ဘကြီးမှုန်အိမ်မှာလည်းပတ်လို့ရတာကို" ​"အဲ့လိုလည်းပြောလို့မရဘူးကွ ငါတို့အခုလုပ်နေတာ အောက်လမ်းအစီအရင်တွေ‌လေကွာ ဘကြီးမှုန်အိမ်မှာ ငါ ဒီလိုမျိုး အစီအရင်တွေမလုပ်ချင်ဘူး ဘယ်သူမှလည်း သူ့အိမ်ပေါ်ဒီလိုလုပ်တာ ကြိုက်မှာမဟုတ်ဘူး" ​"အေး အဲ့ဒါတော့ဟုတ်တယ်ဟ နေပါဦး နေပါဦး မင်းဒီအိုးခြမ်းပဲ့တွေကို အခုလိုလုပ်နေတာ ဘာထူးမှာမို့လို့လဲ ပြောပါဦး" ​"ထူးတာပေါ့ သာအေးရ မနက်ဖြန် မင်းတို့စောင့်ကြည့်နေအောက်လမ်းစိုးတင့် မရှုမလှဖြစ်လိမ့်မယ်" ​"ဘယ်လိုဖြစ်မှာတုန်း" ​" သူ့ပညာတွေသုံးမရဖြစ်လိမ့်မယ်ကွာ" ​"ငါတို့က သူခံရတယ်ဆိုတာကို ဘယ်လိုသိမှာလဲ" ​"မင်းကလည်း လွယ်ပါတယ် သူ့အိမ်သွားကြည့်မှာပေါ့" ​"ဟာ ကောင်းပါ့မလားကွ" ​"ဘာလို့မကောင်းရမှာလဲ ဘာလဲ မင်းကြောက်လို့လား" ​ဘိုးထင်မှ သာအေးအားသေချာကြည့်၍မေးလိုက်သည်။ ထိုသို့မေးလိုက်သောအခါ သာအေးသည် မဲ့ပြုံးတစ်ချက်ပြုံးပြီး ​"ဘာလဲ ဘိုးထင် ငါ့ကိုကြောက်တတ်တဲ့ကောင်မှတ်နေလား" "မမှတ်ပါဘူး မင်းကငြင်းနေတော့ ကြောက်များကြောက်‌နေသလားလို့" ​"ကြောက်စရာလားကွာ သာအေးရာဇဝင်မှာ ကြောက်တယ်ဆိုတာ ဘာမှန်းကိုမသိဘူး " ​"ဟုတ်ပြီ ဟုတ်ပြီ အဲ့ဒါဆို မင်းတို့ဇရပ်အောက်ကို ခဏဆင်းကြဦးကွာ ငါ့အထင် ဟိုစိုးတင့်ဆိုတဲ့သူ သူ့အင်းတွေကို လှမ်းနှိုး‌တော့မယ်ထင်တယ် အခုအချိန်က အမှောင်ပညာ အားကောင်းတဲ့အချိန်ဖြစ်ပြီကွ" ​ဘိုးထင်သည်ထိုသို့ပြောပြီး သာအေးနှင့် ပေတူးတို့နှစ်ယောက်အား ဇရပ်ပေါ်မှ ဆင်းစေသည်။သာအေးနှင့် ပေတူးတို့သည်လည်း အချိန်မဆိုင်းဘဲ ဇရပ်ပေါ်မှဆင်းကာ ဇရပ်နှင့် မလှမ်းမကမ်းတွင်ရှိသော သချိုင်းထဲမှ အုတ်ဂူတစ်လုံးပေါ်တွင် နှစ်ယောက်သားထိုင်လိုက်ကြသည်။သူတို့နှစ်ယောက်သည် အုတ်ဂူပေါ်တွင်ထိုင်ရင်း တစ်ယောက်တည်းကျန်ခဲ့သော ဇရပ်ပေါ်မှ ဘိုးထင်အားလှမ်းကြည့်နေကြပြီး သာအေးမှ ပေတူးအား စကားဆိုလိုက်သည်။ ​"ပေတူး ငါတော့ သိပ်မကြာခင် ဘိုးထင်ကိုပညာသင်ခိုင်းတော့မယ်ကွာ ဒီကောင်ပညာတွေက သိပ်မိုက်တာပဲကွာ တော်တော်အသုံးတည့်တယ် မင်းကောသင်ခိုင်းမှာလား" ​"မသင်ပါဘူးကွာ ဒီပညာမျိုးတွေ မတတ်ချင်ဘူး" ​"မင်းကလည်းကွာ ဘိုးထင်နဲ့ပေါင်းနေပြီး ဒီပညာမျိုးတွေ မတတ်ချင်ဘူးဆိုတော့ ဘာသဘောလဲ" ​"ဘာသဘောရမှာလဲကွာ မင်းတို့ကိုငါပြောဖူးတယ်ကော ငါတို့ငယ်ငယ်တုန်းက ဘိုးတော်ဆိုတာလေ မင်းမှတ်မိလား ငါကသူတတ်တဲ့ပညာမျိုးပဲတတ်ချင်တာ" ​"တော်စမ်းပါ ပေတူးရာ နှစ်တွေလည်းအတော်ကြာပြီ အဲ့ဒါကိုအခုထိ မမေ့နိုင်သေးဘူးလား မင်းကတော့ အတော်ကိုအမှတ်သည်းခြေကြီးတဲ့ကောင်ပဲ အဲ့ဒါ ဘိုးတော်မဟုတ်ပါဘူးကွ လျှောက်သွားနေတဲ့ လူကြီးပါ ရူးနေတာလားတောင်မသိဘူး" ​"မဟုတ်ဘူး သာအေးရ မင်းတို့နဲ့တွေ့မှ ဘိုးတော်က အဲ့လိုဖြစ်တာ ငါနဲ့နှစ်ယောက်တည်းဆို အဲ့လိုမဟုတ်ဘူး သူကျွေးတဲ့ ငှက်ပျောသီးတစ်ကိုက်တည်းနဲ့ဗိုက်ပြည့်တာပါဆိုကွာ" ​"မင်းကလည်းကွာ အဲ့ဘိုးတော်ကိုယ်တိုင်က သူဘာမှမစွမ်းပါဘူးလို့ပြောထားတာကို အခုထိမမေ့သေးဘူးလား ငါတို့ မုတ်ဆိတ်ဖြူဆီသင်တယ်ဆို ဟုတ်သေး ငါတခုအကြံပေးမယ် မင်း ဘိုးထင်တတ်ထားတဲ့ပညာတွေမသင်ချင်ဘူးဆိုရင် မုတ်ဆိတ်ဖြူကိုသင်ခိုင်းပါလား အဲ့ဒါဆို မဆိုးဘူး" ​သာအေးတယောက် ပေတူးအားကြည့်ကာ အကြံပေးလေသည်။ပေတူးသည်ကား ဦးခေါင်းအား ခါရမ်းလိုက်ပြီး ​"ငါကတော့ ဘိုးတော်ဆီကပဲသင်ချင်တာကွာ" ​"မင်းကတော့ရူးနေပြီ ဟေ့ကောင် ပေါင်းတော့အောက်လမ်း ဖြစ်ချင်တော့ဘိုးတော် တော်တော်ဂွကျတဲ့ကောင်ပဲ ဟိုကောင်ကြာဦးမှာလားမသိဘူး ငါနည်းနည်းမှေးလိုက်ဦးမယ်" ​သာအေးသည် ပြောပြောဆိုဆို ထိုင်‌နေသော အုတ်ဂူကြီးပေါ်၌ ကျောဆန့်လိုက်သည်။ပေတူးသည်ကား မည်သည့်စကားမှမပြောဘဲ ခပ်လှမ်းလှမ်းရှိဇရပ်ပေါ်မှ ဘိုးထင်အား အာရုံစိုက်၍ကြည့်နေလိုက်သည်။ ​ဘိုးထင်သည် အဝတ်စုတ်များပတ်ထားသော အင်းရေး ထားသည့်အိုးခြမ်းပဲ့များအား သူ၏အရှေ့တွင်ထား၍ တင်ပျဥ်ခွေထိုင်နေသည်။ဇရပ်ကြမ်ပြင်ပေါ်၌ထွန်းထားသော မီးအိမ် ၏အလင်းရောင်ကြောင့် အိုးခြမ်းပဲ့များအား အတိုင်းသားမြင်နေရသည်။အချိန်အတန်ကြာသောအခါ အဝတ်စုတ်ပတ်ထားသော အိုးခြမ်းပဲ့များမှာ စတင်ခုန်ပေါက်လို့လာသည်။ထိုအခါ၌ ဘိုးထင်သည် စီရင်ထား‌သောမြေကြီးမှုန့်အချို့ကိုလွယ်အိတ်ထဲမှထုတ်ယူလိုက်ကာ အိုးခြမ်းပဲ့များအပေါ်တွင်ဖြူးပြီးနောက် မန္တန်တပုဒ်အားစတင်ရွတ်ပါလေတော့သည်။ဘိုးထင်မန္တန်ရွတ်လိုက်သည်နှင့် အိုးခြမ်းပဲ့များမှာလည်း ပို၍ပို၍ခုန်ပေါက်နေပြီးနောက် ကွမ်းတစ်ယာညက်ခန့်အကြာတွင်တော့ အင်းချထားသော အိုးခြမ်းပဲ့များသည် တဖျောက် ဖျောက်မြည်သံနှင့်အတူ အစိပ်စိပ်အမွှာမွှာကွဲအက်သွားလေတော့သည်။ဘိုးထင်သည်လည်း မန္တန်ကိုရွတ်နေသည်ကိုရပ်လိုက်ပြီး ကျေနပ်စွာဖြင့်တချက်ပြုံးလိုက်ကာ မီးအိမ်ကိုယူ၍ ဇရပ်အောက်သို့ ဆင်းလာလေသည်။ထို့နောက် သူသည် ခပ်လှမ်းလှမ်းရှိအုတ်ဂူတလုံးတွင်ထိုင်နေသော ပေတူးနှင့် သာအေးအား လှမ်းခေါ်လိုက်သည်။ ​"ဟေ့ကောင်တွေ ပြီးပြီ လာခဲ့ကြတော့" ​"အေး အေး မင်းဟာက မြန်လှချည်လားဟ" ​"မြန်တာပေါ့ကွာ ဟိုအောက်လမ်း‌ကောင်က ပြောလောက်အောင်အဆင့်မှမရှိတာ" ​"အဲ့ဒါဆို မင်းနိုင်တယ်ပေါ့" ​"မနိုင်စရာလားကွာ ငယ်ငယ်ကတည်းက ဒီပညာသင်လာတာ ဦးအုန်းရဲ့ သားတပည့်လေကွာ ဒီလောက်ကတော့ အပျော့ပေါ့" ​"အေးပါကွာ အေးပါ နောက်နေ့သွားကြည့်လို့ မင်းကောင်ကြီးက အလန်းကြီးဆိုရင်တော့ မင်းကို ငါတို့ သမမှာဗျ" ​သာအေးမှထိုသို့ပြောလိုက်ရာ ဘိုးထင်သည် သဘောကျစွာဖြင့်ရယ်လိုက်ပြီး ​"သာအေး သာအေး မင်းဆိုတဲ့ကောင် ငါ့အကြောင်း မသိတာကြာနေတာပဲ ဘိုးထင်တဲ့ကွ တစ်ထင်တည်းရှိတယ်" ​"အေးပါကွာ အေးပါ မင်းကိုမမြှောက်တော့ဘူး ငါတို့မမြှောက်တာတောင် လူကအလိုလိုမြှောက်နေတာ မြှောက်များမြှောက်လို့ကတော့ လပေါ်တောင်ရောက်သွားမလားမသိဘူး" ​ဘိုးထင်သည် သူ့အားစကားဆိုရင်း သချိုင်းအုတ်ဂူပေါ်မှဆင်း၍လမ်းလျှောက်လာနေသော ပေတူးနှင့် သာအေးကိုကြည့်ရင်း ပြုံးနေမိသည်။ထို့နောက် သူသည် ပေတူးကို သေချာကြည့်ကာ ​"ပေတူး မင်းဘာဖြစ်နေတာလဲဟ မျက်နှာကြီး သုန်မှုံနေတာပဲ သာအေး ပေတူးဘာဖြစ်တာလဲ မင်းနဲ့ စကားများထားတာလား" ​"ဟာ ပေါက်ကရ မဟုတ်ပါဘူးကွာ မင်းကောင်က ကြောင်နေတာ" ​"ဘာကြောင်နေတာတုန်းဟ" ​"ဘာကြောင်ရမှာလဲကွာ ဘိုးတော်ကြောင်ပေါ့ မင်းမှတ်မိ သေးလားမသိဘူး ဒီကောင် ငါတို့ကိုခေါ်ပြတဲ့ ဟိုအရူးဘိုးတော်ကြီးလေကွာ သူ့ကိုငှက်ပျောသီးကျွေးတယ်ဆိုတဲ့ ဘိုးတော်ကြီးလေ" ​"အေး သိတယ် မှတ်မိတယ်" ​"အဲ့လိုဖြစ်ချင်တာတဲ့ဟေ့ တကယ်ကောင်" ​"ပေတူး ပေတူး မင်းဆိုတဲ့ကောင်ကတော့မဟုတ်တော့ဘူး" ​ဘိုးထင်သည် ထိုသို့ပြောပြီး ပေတူး၏ပုခုံးအားဖက်လိုက်သည်။ပေတူးသည်ကား ဘာမျှမပြောပေ။ထိုအခါ သာအေးသည်လည်း ပေတူး၏ပုခုံးကိုဖက်ပြီး ပေတူးမပြုံး ပြုံးအောင် စနောက်ကာ ရွာသို့ သုံးယောက်သားပြန်ဝင်လိုက်ကြပါလေတော့သည်။ ◾​အခန်း (၂) ​ညောင်ပင်စုရွာအပြင်ရှိ အောက်လမ်းဆရာစိုးတင့်၏ နေအိမ်တွင်ဖြစ်သည်။ထုံးစံအတိုင်း ပညာသည်တို့၏နေအိမ်မို့ ဘုရားဆောင်မရှိ၊ဘုရားဆောင်ထားရမည့်နေရာတွင် အမျိုးစုံလှသော အစီအရင်များကိုသာ ကျွန်းစားပွဲခုံဖြင့်တင်ဆောင်ထား၏။​အချိန်သည်ကား ညသန်းခေါင်ကျော်အချိန်ဖြစ် သည်။မီးခွက်ထွန်းထားသည်မို့ အိမ်လေးထဲရှိ ပစ္စည်းပစ္စယ များနှင့် ထိုင်နေသည့်လူတို့အား ထင်ထင်ရှားရှားမြင်တွေ့နေရသည်။ထိုအစီအရင်များတင်ဆောင်ထားသော ကျွန်းစားပွဲခုံရှေ့တွင် အောက်လမ်းဆရာ စိုးတင့်တယောက် တင်ပျဥ်ခွေ ထိုင်နေပြီး သူ၏နောက်တွင်တော့ အရက်မူးနေဟန်ရှိသည့် မင်းစိန်နှင့် မိငွေတို့လင်မယား ရှိနေလေသည်။မိငွေသည် တင်ပျဥ်ခွေထိုင်နေသော စိုးတင့်အားသေချာကြည့်၍ အမေးစကားဆိုလာလေသည်။ ​"ဆရာစိုးတင့် ဆရာပြောတော့ မနေ့ကအပြီးဆို အခုဘယ်လိုဖြစ်ရတာလဲ‌တော် ကျုပ်တို့ကိုတောင် ညကြီးမင်းကြီး ခေါ်လို့ပါလား ဘယ်လိုလဲ ဆရာလည်းမနိုင်တော့ဘူးလား" ​"တော်စမ်းပါ မိငွေရယ် ငါ နင်တို့လင်မယားကိုခေါ်တယ်ဆိုတာက အကြောင်းရှိတယ် အဲ့အကြောင်းက နင့်တို့ကို ငါ့ပညာအစွမ်းပြချင်လို့ဟဲ့ သိပြီလား" ​"ပြပါ ဆရာရယ် ပြပါ ဟိုကောင်မကတော့ မနေ့ကတည်း က မြောက်တောက်မြောက်တောက်ဖြစ်‌နေတာ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘူး ဒီကောင်မ မရှိမှပဲ နားအေးမယ်" ​"နေပါဦး နင့်လင်ကကော သူနှမကိုအသေလုပ်မှာလက်ခံရဲ့လား တော်ကြာ ပြဿနာရှာနေမယ်နော်" ​အောက်လမ်းဆရာစိုးတင့်မှ ထိုသို့ပြောလိုက်ရာ အရက်မူးနေသည့် မင်းစိန်သည် အားလေးလျှာလေးလေသံဖြင့် စိုးတင့်အား စကားဆိုလာလေသည်။ ​"ဆရာရယ် ကျုပ်မိန်းမဖြစ်စေချင်သလိုသာလုပ်ပေးစမ်းပါကျုပ်က ကျုပ်မိန်းမပြီးရင်ပြီးတယ်" ​"မင်းသေချာတယ်နော် မင်းစိန် တော်ကြာ ရွာလူကြီးကိုသွားတိုင်တာတွေဘာတွေ မင်း မလုပ်ဘူးမလား" ​"ဆရာစိုးတင့်ကလည်းဗျာ အောက်လမ်းနဲ့လုပ်တာ ရွာလူကြီးနဲ့ဘာဆိုင်လို့လဲ ဒီကောင်မက ဟိုးကတည်းက ကျုပ်တို့လင်မယားနှစ်ယောက်လုံးကိုအသေသတ်တာ ကိုယ့်အစ်ကိုဆိုပြီး ညှာတာရကောင်းမှန်း ဘာမှန်းသိတာမဟုတ်ဘူးရယ် ဆရာလည်းသိပါတယ် အဲ့အကြောင်းတွေကို" ​"အေး အဲ့ဒါတော့ဟုတ်တယ် မင်းဖက်ကကြည့်ရင်တော့ ခံပြင်းစရာပေါ့ကွာ" ​"အဲ့တုန်းကတည်းက ဆရာသမားကူညီလို့ ကျုပ်တို့လင်မယားအသက်ရှင်ခဲ့တာမလား ဒါတောင် ကျုပ်က ကိုယ့်နှမလေးမို့ရူးအောင်ပဲလုပ်ပါလို့တောင်းဆိုတာလေ အခုလည်း ဘယ်ကကောင်တွေခေါ်လာပြန်ပြီလဲမသိဘူး အဲ့တော့ ကျုပ်ကတော့ သူ့ကိုအသက်ဆက်မရှင်စေချင်တော့ဘူးဗျာ" ​မင်းစိန်မှထိုသို့ပြောလာသဖြင့် အောက်လမ်းစိုးတင့်သည် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး ​"မင်းပြောတာဟုတ်တယ် မင်းနှမခေါ်လာတဲ့ကောင်တွေက နှယ်နှယ်ရရကောင်တွေတော့ မဟုတ်ဘူး ဒီကောင်တွေ ငါ့အင်းစောင့်ကိုလည်းမောင်းထုတ်နိုင်တယ် ပြီးတော့ ငါ့အင်းတွေကိုပါယူသွားတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး အဲ့လိုလုပ်တာ သူတို့ ကိုယ့်လည်ပင်းကိုယ် ပြန်ပြီးကြိုးကွင်းစွပ်တာပဲ" ​"အဲ့အင်းတွေကို ဖျက်ဆီးပစ်ရင်ကော ဆရာစိုးတင့်" ​"ငါ့အင်းတွေရှိနေသေးတယ်ဆိုတာ ငါသိတာပေါ့ အဲ့ကောင်တွေရဲ့ နီးနီးနားနားမှာကိုရှိတယ်" ​"အဲ့တော့ ဆရာစိုးတင့်က ဘယ်လိုလုပ်ဦးမလို့လဲ" ​"ငါ့အင်းတွေက သူတို့ကို ဒုက္ခပေးမှာပေါ့ကွ ဟေ့ကောင်အိမ်အောက်က ကြက်ဖတစ်ကောင်သွားယူလိုက်" ​"ဘာလုပ်မလို့လဲ ဆရာသမား" ​"သွားယူဆို သွားယူလိုက်စမ်းပါကွာ လျှာရှည်မနေနဲ့" ​စိုးတင့်၏စကားကြောင့် မင်းစိန်သည် ဘာမျှထပ်မမေးဘဲ အိမ်အောက်သို့သာဆင်းသွားသည်။ထိုအခါ စိုးတင့်သည် မိငွေကိုလှည့်ကြည့်ကာ ​"မိငွေ နင်တစ်ယောက်တည်းလာပါဆိုတာ ဘာလို့အဲ့ငနာကို ခေါ်လာရတာလဲ" ​"ဒီအချိန်ကြီး ကျုပ်တစ်ယောက်တည်းလာစရာလား သူရိပ်မိသွားမှာပေါ့" ​"ဒီကောင် တော်တော်ရှုပ်တဲ့ကောင်ပဲ နင်လည်း ပြတ်ပြတ်သားသားလုပ်ဟာ ဟိုကောင်မကိုရှင်းပြီးတာနဲ့ သူ့ကိုပါရှင်းပစ်ကြမယ် ဘယ်လိုလဲ" ​"အဲ့ဒါကို နောက်မှသာပြောစမ်းပါ သူကြားသွားရင် ဒုက္ခ ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ်" ​မိငွေ၏စကားကြောင့် စိုးတင့်သည်လည်း နောက်ထပ်စကားမဆိုတော့ဘဲ ခပ်တည်တည်နှင့် သူ၏အစီအရင်များကိုသာကြည့်နေ၏။မကြာသောအချိနိတွင်တော့ မင်းစိန်သည် ကြက်ဖကြီးတစ်ကောင်အားခြေမှဆွဲကာ အိမ်ပေါ်သို့ သယ်လာလေ၏။ကြက်ဖကြီး၏အော်သံကြောင့် စိုးတင့်သည် မကျေမနပ်နှင့် မင်းစိန်ကိုကြည့်လိုက်ပြီး ​"ဟေ့ကောင် ကြက်ကိုမအော်စေနဲ့လေကွာ မင်းဆိုတဲ့ကောင်က အတော်ကိုအ တာပဲ လာ လာ ငါ့ကိုပေး" ​စိုးတင့်သည် မင်းစိန်လက်ထဲမှ ကြက်ကိုယူလိုက်ပြီး လက်ဖြင့် လည်ပင်းနှင့် အတောင်ပံကိုပါရောကိုင်လိုက်ရာ ကြက်ဖကြီးမှာ ရုန်းကန်နေသော်ငြား မအော်နိုင်တော့ပေ။မင်းစိန်သည်ကား မိငွေ့အနားတွင်ပြန်ထိုင်လိုက်ပြီး ဦးခေါင်းကိုရမ်းကာ စိုးတင့်နှင့် မိငွေကိုတစ်လှည့်စီကြည့်၍ အာလေးလျှာ လေးဖြင့် စကားဆိုလာလေသည်။ ​"ဆရာနဲ့ မိန်းမ ကျုပ်နှမကို ရူးအောင်ပဲလုပ်ထားလို့မရဘူးလားဗျာ သူ့ကိုသေတဲ့အထိတိုက်မယ်ဆိုတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့ ကျုပ်လည်း မူးအောင်သောက်ထားတာပဲ ဒါပေမဲ့ သွေးကစကားပြောတာလားဘာလားတော့မသိဘူး ဝမ်းနည်းသလိုကြီးဖြစ်နေတယ်" ​"ဟေ့ကောင် မင်းစိန် မင်း အခုမှ ကြောင်တောင်တောင်လာမလုပ်နဲ့ ဟိုနေ့ကကျတော့ မင်းပဲအသေလုပ်ဆို အဲ့တုန်းကတောင် မင်းသဘောတူသေးတာ အခုမှ ဘယ်လိုဖြစ်တာတုန်း" ​"မသိဘူးဗျာ ခုက အမူးပြေသွားလို့လားမသိဘူး" ​မင်းစိန်တယောက် အားလေးလျှာလေးဖြင့်ထိုစကားများ ပြောနေလေရာ မိငွေသည် မင်းစိန်၏လက်မောင်းအား လက်ဝါးနှင့်ရိုက်လိုက်ပြီး ​"တော် ဘာဖြစ်နေတာလဲ တော့်နှမ ရှင်နဲ့ကျုပ်ကို အသေသတ်တာ ရှင်မမှတ်မိဘူးလား တော်ပြောလို့ ရူးအောင်လုပ်ထားတာ အခု တော့်နှမကပြန်ကောင်းနေပြီ ရှင်အခုလို ကြောင်တောင်တောင်ဆက်လုပ်နေရင် ရှင်နဲ့ ကျုပ်ကွဲမယ်" ​"အဲ့လိုတော့လုပ်လို့မဖြစ်ဘူးလေ မိငွေရာ ဟုတ်တယ် နင်ပြောတာမှန်တယ် အဲ့ကောင်မ အကြံဆိုး အဲ့တော့ နင်တို့လုပ်ချင်သလိုလုပ်ဟာ ဒါနဲ့ ဆရာစိုးတင့် ခင်ဗျား ဟိုကောင်တွေကို နိုင်ကောနိုင်လို့လား ဟိုက ခင်ဗျားအင်းတွေကိုတောင် ဖော်သွားတာနော် တော်ကြာ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်နေဦးမယ်" ​မင်းစိန်မှ မိန်းမဖြစ်သူ မိငွေကိုစကားဆိုရင်း အာလေး လျှာလေးဖြင့် အောက်လမ်းဆရာ စိုးတင့်ကိုပါသတိပေးလိုက်သည်။ထိုအခါ စိုးတင့်သည် မင်းစိန်အားမကျေမနပ်ဖြင့် ကြည့်လိုက်ကာ ​"တောက် အဲ့နေ့က ဒီကောင်တွေဒီလောက်အစွမ်းရှိမှန်းမသိလို့ နည်းနည်းလျှော့လိုက်တာပါ အခုတော့မရတော့ဘူး" ​"ဆရာစိုးတင့် အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ ကျုပ်က သတိပေးတာ" ​"တော်စမ်း မင်းမူးနေရင် အေးဆေးနေ နောက်ထပ် ဘာစကားမှမပြောနဲ့ ကြားလား" ​"ဟုတ်ကဲ့ပါဗျာ ဟုတ်ကဲ့ပါ" ​မင်းစိန်သည် နောက်ထပ်မည်သည့်စကားမှမပြောတော့ဘဲ ရီဝေနေသောမျက်ဝန်းတို့ဖြင့်သာ အောက်လမ်းဆရာစိုးတင့် ပြုလုပ်နေသည့်အရာများအားကြည့်နေသည်။အောက်လမ်းဆရာစိုးတင့်သည်ကား အစီအရင်များတင်ထားသည့် ကျွန်းစားပွဲပေါ်မှ အနက်ရောင်ဓားမြှောင်တစ်ချောင်းကိုယူကာ ကြက်၏လည်ပင်းအားလှီးလိုက်ပြီး ကျလာသောသွေးများကို အစီအရင်တင်ထားသည့် အမဲရောင်ရုပ်တုများပေါ်သို့လောင်းချလိုက်သည်။​သူသွေးလောင်းချလိုက်သည်နှင့် အနက်ရောင်ရုပ်တုကလေးများမှာ အနည်းငယ်လှုပ်ရှားလို့လာသည်။ ထိုအခါ စိုးတင့်သည် ကျေနပ်စွာပြုံးလိုက်ပြီး ရုပ်တုများဘေး သို့ စီးကျလာသောသွေးစများကို သူ၏လက်ညိုးဖြင့်ယူလိုက် ကာ ကျွန်းစားပွဲခုံပေါ်တွင် အစီအရင်အား ရေးလိုက်လေ၏။ထိုသို့ရေးဆွဲလိုက်သည်နှင့် နီရဲနေသောသွေးတို့မှာ တမဟုတ်ချင်း အနက်ရောင်ပြောင်းသွားကာ အမျိုးအမည်မသိသော စာလုံးအက္ခရာများပါပေါ်လာသည်။​ထိုအခါမှ သူသည် အသံခပ်ကျယ်ကျယ်နှင့် မန္တန်တပုဒ်အားစတင်ရွတ်ဆိုလိုက်သည်။ သူမန္တန်ရွတ်လိုက်သည်နှင့် အရုပ်များနှင့် ရေးထားသော အက္ခရာများအကြား၌ အနက်ရောင်အခိုးအငွေ့များရစ်သိုင်းလာပြီး မကြာမီ အစီအရင်စားပွဲခုံတစ်ခုလုံး အနက်ရောင်အခိုးအငွေ့များဖြင့်ပြည့်သွားတော့သည်။အချိန်အတန်ကြာသောအခါ ​စိုးတင့်သည် မန္တန်ကိုရွတ်နေရင်းကပင် သူ၏အသံတို့မှာ ကဏှာမငြိမ်စွာတဖြည်းဖြည်းနှင့်တုန်ယင်လာသည်။ သူ၏အရှေ့တွင်ရှိသော အနက်ရောင်အခိုးအငွေ့များသည်လည်း နည်း၍နည်း၍သွားကာ စားပွဲခုံမှ အစီအရင်အက္ခရာများနှင့် အရုပ်များသည်လည်း တုန်ယင်လို့လာသည်။စိုးတင့်တယောက် ချွေးစေးချွေးပေါက်များကျသည့်အထိ မန္တန်ကိုရွတ်နေရင်း သူ့ရှေ့မှ အရုပ်များ ရုတ်တရက်ဆိုသလိုကြေမွသွားပြီး စိုးတင့်နှုတ်ခမ်းမှနေ၍ သွေးများအန်လာကာ သူ၏ ကိုယ်ခန္ဓာသည်လည်း အနောက်သို့ လန်ကျသွားသည်။​မထင် မှတ်ထားသောထိုအဖြစ်အပျက်ကြောင့် စိုးတင့်၏နောက်တွင် ထိုင်နေသော မင်းစိန်နှင့် မိငွေမှာအံ့ဩနေပြီး မည်သို့ပြုလုပ်ရမည်မှန်း မသိဖြစ်နေကြ၏။သတိပြန်ဝင်လာသောအခါ မိငွေသည် စိုးရိမ်တကြီးမျက်နှာဖြင့် စိုးတင့်၏အနားကပ်ကာ ပုခုံးမှယူ၍ပွေ့ထူလိုက်ပြီး စိုးရိမ်ကြီးစွာဖြင့်မေးမြန်းလိုက်လေသည်။ ​"ဆရာစိုးတင့် ဘယ်လိုဖြစ်တာတုန်း ဆရာစိုးတင့် သွေးတွေအန်နေတယ်" ​"အင်း မိငွေ ဟိုကောင်မခေါ်လာတဲ့ကောင်က အတော်ကိုအစွမ်းထက်တယ် ငါ ငါ့ပညာတွေ သုံးလို့ရမှာမဟုတ်တော့ဘူး ငါ ငါအချိန်တော်တော်ကြာကြာအနားယူရလိမ့်မယ် ထင်တယ်" ​"ဘယ်လိုဖြစ်တာလဲ ဆရာရယ် ကျုပ်တို့ကဖြင့် ဆရာ့ကို အားကိုးလိုက်ရတာ" ​"ဘာမှမပူနဲ့ မိငွေ ဒီကောင်ကိုနိုင်မယ့်သူ ငါ့မှာရှိတယ် သူက ငါ့ဆရာပဲ ငါ သူ့ဆီကိုသွားမယ်" ​စိုးတင့်သည် တင်ပျဥ်ခွေပြန်ထိုင်လိုက်ပြီး ပါးစပ်မှသွေးများကိုသုတ်ရင်း ထိုသို့ပြောလိုက်ခြင်းဖြစ်၏။သို့သော်လည်း မင်းစိန်သည်ကား ရီဝေနေသောမျက်လုံးဖြင့် စိုးတင့်ကိုကြည့်လိုက်ပြီး ​"ဟုတ်မှလည်းလုပ်ပါ ဆရာသမားရယ် တော်ကြာ ဆရာသမားရဲ့ ဆရာပါ ခံနေရဦးမယ်" ​"တော်စမ်း ဟေ့ကောင်မင်းစိန် မင်းပါးစပ်ကိုပိတ်ထားစမ်း ငါဒီလိုဖြစ်တာကို မင်းဘယ်သူ့ကိုမှလျှောက်မပြောနဲ့နော် ကြားလား" ​"ဟာ ဆရာသမားကလည်း ခင်ဗျားရှုံးပြီး သွေးအန်တာ ကျုပ်က သူများတွေကိုလျှောက်ပြောစရာလား ကိုယ့်အကာ အကွယ် ကိုယ်ပြန်ဖျက်သလိုဖြစ်နေမှာပေါ့ဗျာ" ​"အေး မင်းမဆိုးဘူး မိငွေ နင့်ယောက်ျားကို နင်သေချာထိန်းထားနော် အခုကိစ္စ ဘယ်သူမှသိလို့မဖြစ်ဘူး သိရင် ငါတို့ကို မလေးမခန့်လုပ်တော့မှာ" ​"စိတ်ချစမ်းပါ ဆရာစိုးတင့်ရယ် ကျုပ်သိပါတယ်" ​"ကဲ ကဲ အဲ့ဒါဆိုလည်း နင်တို့ပြန်ပေတော့" ​"ဆရာတစ်ယောက်တည်းဖြစ်ပါ့မလား ကျုပ်တို့ဒီည ဒီမှာပဲ စောင့်အိပ်ပေးမယ်လေ" ​"ရတယ် ငါကပြန်ဆို နင်တို့ပြန်လိုက် ဘာမှအထွန့်မတက်နဲ့" ​"အင်းပါ အင်းပါ အဲ့ဒါဆိုကျုပ်တို့လည်းပြန်ပြီ ကဲ ကိုမင်းစိန် ကျမတို့ ပြန်ကြမယ်" ​မိငွေနှင့် မင်းစိန်တို့ပြန်သွားသည့်အခါ အောက်လမ်းဆရာ စိုးတင့်၏ပါးစပ်ထဲမှ သွေးများထပ်အန်ထွက်ကျလာပြီး တင်ပျဥ်ခွေပင်မထိုင်နိုင်တော့ဘဲ ထိုနေရာ၌ပင် ခွေခွေကလေး လဲလျောင်းနေရလေ၏။ဘိုးထင်တို့သုံးယောက်မှာဖြင့်အောင်ပွဲရသူများနှယ် ညောင်ပင်စုရွာသချိုင်းဆီမှ ရွာထဲသို့ပြန်လာနေပြီဖြစ်သည်။ယခု အောက်လမ်းဆရာ စိုးတင့်မှာမူ သူ၏အစီအရင်စားပွဲရှေ့တွင် လဲလျောင်းကာ အားအင်ကုန်ခမ်းပြီး ပြင်းစွာသောဝေဒနာအား အလူးအလဲခံစားနေရပါလေတော့သည်။ ◾​အခန်း (၃) ​ထန်းပင်များအကြားမှ နေရောင်သည် ထန်းလက်များဖြင့် ထိုးထားသော ထန်းတဲလေးပေါ်သို့ နေပျောက်သဏ္ဍာန်ဖြင့် ဖျာကျနေသည်။ထန်းတဲဘေးတွင်လည်း အရောင်ပြောင်းစပြုနေပြီဖြစ်သော မြူအိုးများသည်လည်း အထပ်လိုက်ရှိနေ သည်။မကြာမှီ ထန်းတက်သမားကြီးသည် မြူအိုးများအား ခါးတွင်ချည်ပြီး ရင်းထောင်ကိုထမ်းကာ ထန်းတက်ရန်အတွက် ထန်းပင်များရှိရာဆီသို့ သွားနေသည်။ထန်းပင်အောက်၌ ဖျာတချပ်ကိုခင်းပြီး ကျွန်းစားပွဲဝိုင်းခုံပုလေးဖြင့် ထန်းရည်ဝိုင်းဖွဲ့နေသောသူများသည်မှာဖြင့် ထန်းတက်သမားကြီးအား အားလေးလျှာလေးဖြင့် လှမ်းနှုတ်ဆက်နေသေးသည်။မကြာမီ ထန်းတဲထဲမှ အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးတယောက်သည် ထန်းရည်မြူအိုးများကိုမကာ ထန်းပင်အောက်ရှိ ဝိုင်းသို့ သွားချပေးလေသည်။ထန်းရည်ရသည်နှင့် တချို့သောသူများသည် မြူအိုးလိုက်မော့သောက်ကြသလို တချို့သူများသည်လည်း ဝါးဆစ်ပိတ်ခွက်ကလေးများဖြင့် ငှဲ့သောက်ကာ အချင်းချင်း စကားဆိုကြလေသည်။ ​"ကိုမင်းစိန် ခင်ဗျားနဲ့မတွေ့တာ တော်တော်ကြာပြီ သောက်ဗျာ သောက်ကျုပ်တို့တိုက်မယ် " ​"အေး တက်ပုရာ မင်းတို့ပြောလည်း ပြောစရာပဲ ငါအလုပ်တွေများနေတာကွ အဲ့တာကြောင့် အဲ့တာကြောင့်" ​"ခင်ဗျားက အလုပ်များတယ်ဟုတ်လား ခင်ဗျားက ဘယ်တုန်းက လက်ကြောတင်းအောင် အလုပ် လုပ်ဖူးလို့လဲ" ​မင်းစိန်သည် ညောင်ပင်စုရွာမှ အပေါင်းအသင်းများနှင့် ထန်းရည်သောက်နေခြင်းဖြစ်သည်။စသောက်ကာစမှာဖြင့် စကားကိုထိန်းပြောကြသော်လည်း မြူအိုးအခွံများ သူတို့ဝိုင်းဘေးပုံလာချိန်တွင်တော့ အားလုံးတို့သည် အရင်ကထက် ပို၍ပွင့်လင်းသောစကားများဆိုနေကြသည်။ ​"ကိုမင်းစိန် ခင်ဗျားကို ကျုပ်တို့မေးရဦးမယ်" ​"မေးလေကွာ ဘာမေးမှာလဲ" ​"တခြားတော့မဟုတ်ပါဘူး ခင်ဗျားတို့လင်မယား ရွာပြင်က အောက်လမ်းစိုးတင့်နဲ့ ရင်းနှီးတယ်မလား" ​"အေးလေ အဲ့ဒါဘာဖြစ်လို့တုန်း" ​"ဘာဖြစ်ရမှာလဲဗျာ အဲ့အောက်လမ်းစိုးတင့်က အတော်ရက်စက်တယ်ဆို ပြီးတော့ ခင်ဗျားမိန်းမနဲ့လည်း ဘာညာဘာညာအဲ့လိုကြားတယ်နော် ခင်ဗျားလည်း ဂရုစိုက်ဦး" ​"တော်စမ်းပါကွာ ဘာရက်စက်တာလဲ ညကတောင် ကံကောင်းလို့ မသာမပေါ်တာ" ​"ဘာကိုပြောတာလဲဗျ ကိုမင်းစိန် လုပ်စမ်းပါဦး" ​"ဘာရမှာလဲကွာ ညက အဲ့အောက်လမ်းဆရာ သွေးအန်ပြီးလဲတာဟေ့ တော်သေးတယ် ငါတို့ရှိနေလို့" ​"ခင်ဗျားပြောတာ တကယ်ကြီးလားဗျ" ​"တကယ်ပေါ့ ငါ့ကောင်ရာ အောက်လမ်းစိုးတင့်ဆိုတာ နာမည်ပဲရှိတော့တာ ဘာမှသုံးစားမရဘူး ငါ့ညီမခေါ်လာတဲ့ ကောင်လေးက သမလိုက်တာလေ" ​"ဟုတ်လား၊ အဲ့ဒါဆို ခင်ဗျားညီမခေါ်လာတဲ့ ကောင်လေးတွေက အောက်လမ်းစိုးတင့်ထက် ပိုပြီးအစွမ်းထက်တာပေါ့" ​"အေးပေါ့ကွာ ညကဆို ငါဖြင့် အောက်လမ်းစိုးတင့်ကို သေပြီထင်တာ" ​"အေးဗျာ အဲ့လိုတွေကြားရတာ တကယ်ကိုမယုံနိုင်စရာပဲ အရင်ကဆို အောက်လမ်းစိုးတင့်ကိုပဲကြောက်နေရတာ အခုတော့ အောက်လမ်းစိုးတင့်ကိုကြောက်စရာမလိုတော့ဘူးပေါ့" ​"အေးပေါ့ကွ အောက်လမ်းစိုးတင့်ဆိုတာ အဆိပ်မရှိတဲ့ ရေမြွေလေးဖြစ်သွားပြီ" ​မင်းစိန်သည် မိန်းမဖြစ်သူနှင့် အောက်လမ်းစိုးတင့်တို့ မူမမှန်သည်ကို သတိထားမိသည်မှာကြာပြီဖြစ်သည်။သို့သော် မိန်းမကိုကြောက်ရသူတစ်ယောက်ပီပီ ဗြောင်ဖွင့်မမေးရဲဘဲ စိုးတင့်အား မကျေမနပ်ဖြစ်နေမိခြင်းဖြစ်သည်။သူသည် စိုးတင့်ယခုကဲ့သို့ဖြစ်သွားသည်ကို အတော်ဝမ်းသာနေသူတစ်ယောက်လည်းဖြစ်သည်။ထို့နောက် ထန်းရည်မူးနေသည့် မင်းစိန်၏အပေါင်းအသင်းတစ်ယောက်သည် ထန်းရည်မြူအိုးတစ်အိုးအား မင်းစိန်ထံကမ်းပေးလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ ​"ကိုမင်းစိန် ခင်ဗျား လူဆိုးမဟုတ်ဘူးဆိုတာ ကျုပ်တို့သိတယ် ဒါနဲ့ ခင်ဗျား ဘာလို့ ခင်ဗျားညီမ စန္ဒာကိုမုန်းနေတာလဲ ကျုပ်တည့်တည့်ပဲမေးတာနော် ခင်ဗျားစိတ်ဆိုးလည်း မတတ်နိုင်ဘူး" ​"သာကျော် မင်းမေးတာမှန်တယ် ခင်ဗျား ခင်ဗျားနှမနဲ့ဘာလို့မတည့်တာလဲ ရွာထဲကလူတွေပြောတာတော့ ခင်ဗျားနှမကို ခင်ဗျားတို့ပဲရူးအောင် အောက်လမ်းနည်းနဲ့တိုက်ထားတာဆိုဗျ အဲ့ဒါအမှန်ဆိုရင်တော့ ခင်ဗျားတို့အတော်လွန်တာပဲ" ​"ဟုတ်တယ်ဗျ ဘာဖြစ်ဖြစ် ခင်ဗျားက အစ်ကိုကြီးပဲ‌လေ သူ့ကို ခင်ဗျားကတောင် စောင့်ရှောက်ရဦးမှာ" ​အပေါင်းအသင်းများမှ ထိုသို့ပြောလာသည်ကိုနားထောင်ပြီးနောက် မင်းစိန်သည် ထန်းရည်အိုးထဲမှ ထန်းရည်များကိုမော့ချလိုက်ကာ ​"အဲ့ကိစ္စကိုတော့ ငါသိပ်မပြောချင်ဘူးကွာ" ​"ဘာလို့လဲဗျာ ခင်ဗျားကလည်း" ​"မပြောချင်ဘူးဆိုကွာ" ​"ခင်ဗျားမိန်းမပြောတာတော့ စန္ဒာက ခင်ဗျားတို့ကို အဆိပ်ခတ်လို့ဆို ဟုတ်လား" ​"တော်ကွာ မင်းတို့ အဲ့အကြောင်းကို ငါ့လာမမေးနဲ့ ငါပြန်တော့မယ်" ​"ကိုမင်းစိန်ကလည်းဗျာ ဒါလေးမေးတာကို ဘာတွေဖြစ်နေတာလဲ ကျုပ်တို့က ခင်ဗျားကိုခင်လို့မေးတာ" ​"တော်စမ်းပါကွာ မင်းတို့အပူမပါဘူး ဟေ့ကောင်တွေ ငါသွားပြီ နောက်တစ်ခါ အဲ့ကိစ္စမေးမယ်ဆို မင်းတို့နဲ့ ဘယ်တော့မှ ထန်းရည်ကော အရက်ကော မသောက်တော့ဘူး" ​မင်းစိန်သည်ထိုသို့ပြောပြီး ထန်းတောထဲမှနေ၍ ဒယီးဒယိုင်ဖြင့် ထွက်ခွာသွားလေသည်။ထန်းတောအတွင်း ကျန်နေသောသူများသည်ကား အောက်လမ်းဆရာ စိုးတင့်ခံခဲ့ရသည့်အကြောင်းကို အာဘောင်အာရင်းသန်သန်ဖြင့် ပြောဆိုနေကြပါလေတော့သည်။ ◾​အခန်း (၄) ​အောက်လမ်းဆရာ စိုးတင့် သွေးအန်သည့်အကြောင်းမှာ ညောင်ပင်စုရွာလေးတွင်တော့ အတော်ကိုနာမည်ကြီးလို့နေ သည်။သွေးအန်သည့်အကြောင်းကိုဖောက်သည်ချသူမှာ မင်းစိန်ဖြစ်သည်။မင်းစိန်သည် ထန်းတောသို့သွားရင်း "ထန်းရေမူး ကျွဲခိုးပေါ်"ဆိုသည့် စကားအတိုင်း မူးမူးရူးရူးဖြင့် ထန်းတောအတွင်းမှ ထန်းရေလာသောက်သူများကိုပြောမိရာမှ ယခုကဲ့သို့ ရွာသူရွာသားများ သိရှိသွားခြင်းပင်ဖြစ်၏။ ထိုသို့ တစ်ရွာလုံးသိရှိသွားပြီးနောက် စန္ဒာသည်လည်း တဆင့်စကား တဆင့်နားဖြင့်သိရှိသွားကာ ကျေနပ်ပျော်ရွှင်လို့နေ၏။ ယခု သူမအိမ်အောက်တန်းလျားတွင် ဘိုးထင်တို့သုံးယောက်အား ဒေါ်သဲဦးနှင့်အတူဧည့်ခံကာ ကျေးဇူးတင်စကားဆိုနေ သည်။ ​"အောက်လမ်းစိုးတင့်ရန်ကတော့ အေးပြီ ငါ့မောင်တို့ရေ ငါ့မောင်တို့ကို အမကျေးဇူးတင်လိုက်တာ ငါ့မောင်တို့အတွက် ဒီငွေလေးပေးချင်တယ်" ​စန္ဒာသည် ငွေစက္ကူတစ်ထပ်အား ဘိုးထင်၏ရှေ့သို့ချပေးလေသည်။ထိုအခါ ထမင်းစားနေသည့် ဘိုးထင်သည် ထိုငွေများကိုကြည့်လိုက်ပြီး ​"ငွေဆိုတာ လူတိုင်းရဲ့ သည်းခြေကြိုက်ပဲ အမ ဒါပေမဲ့ ကျုပ်ဒီငွေတွေကို လက်မခံပါရစေနဲ့ဗျာ ဘာလို့လဲဆိုတော့ ကျုပ်က အမနောက်လိုက်ကတည်းက ငွေကြောင့်နဲ့လိုက်လာတာ မဟုတ်လို့ပဲ အခုလိုကျွေးတာမွေးတာနဲ့တင် အတော်ကို ပြည့်စုံနေပါပြီ" ​"မဟုတ်တာ အမတတ်နိုင်သလောက်လေးကူညီတာကို လက်ခံပေးပါကွယ်" ​စန္ဒာမှ စိတ်မကောင်းသောမျက်နှာလေးဖြင့် ဘိုးထင်အား စကားဆိုလေရာ ဒေါ်သဲဦးသည်လည်း ဘိုးထင်တို့အား ငွေများလက်ခံပေးရန်အတွက် ဖျောင်းဖျလေသည်။ ​"ငါ့တူတို့ရယ် တူမကြီးစိတ်ကျေနပ်သွားအောင် လက်ခံပေးလိုက်ပါလားကွယ် ငွေကလည်း တအားများနာမှမဟုတ်တာပဲ" ​"ကျုပ်တို့က ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာမို့ပါဗျာ လက်မခံပါရစေနဲ့ ကဲ အမစန္ဒာတို့လည်း အနှောင့်အယှက် ကင်းသွားပြီဆိုတော့ ကျုပ်တို့လည်း မနက်ဖြန်လောက် ပြန်တော့မယ်ဗျာ" ​"ငါ့တူတို့က ပြန်တော့မလို့လား နေပါဦးကွယ်" ​"ပြန်တော့မယ်လေ ကျုပ်တို့လာတာ ဟိုအောက်လမ်းဆရာကိုနှိမ်နင်းဖို့ပဲလေ အခုဆို သူလည်း ဘယ်သူ့ကိုမှဒုက္ခမပေးနိုင်မယ်မထင်တော့ပါဘူး အဲ့တော့ ကျုပ်တို့လည်း ပြန်တော့မယ်" ​ဘိုးထင်သည်ထိုသို့ပြောပြီးနောက် ထမင်းစားနေခြင်းကို အဆုံးသတ်လိုက်ကာ သူနှင့်အတူ ထမင်းစားပြီးသွားပြီဖြစ်သော သာအေးနှင့် ပေတူးအားလှည့်ကြည့်၍စကားဆိုလိုက်သည်။ ​"ကဲ ပေတူးနဲ့ သာအေးရ တို့လည်း ဘကြီးမှုန်အိမ်ပြန်သွားရအောင် ဘကြီးနဲ့ စကားလေးဘာလေးသေချာပြောရအောင်သေးလို့ကွာ" ​"မင်းပြောမှပဲ ငါတို့လည်းသတိရတယ် အဲ့ဒါဆို သွားကြရအောင်လေ" ​"အေး အေး" ​ဘိုးထင်တို့သုံးယောက်သည် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး စန္ဒာနှင့် ဒေါ်သဲဦးအားနှုတ်ဆက်လိုက်ကြသည်။ ​"အမနဲ့ လေးကြီး ကျုပ်တို့ ဘကြီးမှုန်အိမ်ဆီ သွားလိုက်ဦးမယ်ဗျာ မနက်ဖြန်ကျရင် ပြန်တော့မယ် အမအိမ်ဆီဝင်မလာတော့ဘူး တခါတည်းနှုတ်ဆက်ခဲ့တယ်ဗျာ" ​"အမ လိုက်ပို့ပေးမယ်လေ" ​"နေပါစေဗျာ ကျုပ်တို့ဘာသာပဲသွားလိုက်မယ်" ​စန္ဒာမှ သုတို့အား ငွေများအတင်းပေးနေသေးသည်။သို့သော်လည်း မယူုဟုဆုံးဖြတ်ထားသော ဘိုးထင်တို့အား ပေးမရသဖြင့် လက်လျှော့လိုက်ရသည်။ထို့နောက် သူတို့ သည် စန္ဒာ၏အိမ်ဝိုင်းမှထွက်လာပြီး ဘကြီးမှုန်အိမ်သို့သွားနေစဉ် ပေတူးနှင့် သာအေးမှ ဘိုးထင်အား မေးမြန်းလာကြသည်။ ​"ဟေ့ကောင် ဘိုးထင် မနက်ဖြန်ကို မင်းတကယ်ပြန်တော့မလို့လား " ​"အေးလေ ပြန်မှာပေါ့ ဘာဖြစ်လို့လဲ" ​"ပြဿနာတွေမရှင်းရသေးဘူးလေကွာ မင်းဒီအတိုင်းထားခဲ့မလို့လား" ​"ဘာတွေပြောနေတာလဲဟ ငါတို့ကိစ္စပြီးပြီလေ ငါတို့လာတာ ဟိုအောက်လမ်းဆရာကိုနှိမ်နင်းဖို့လေ အောက်လမ်းဆရာအခြေအနေစုံစမ်းပြီးရင် ကိစ္စပြတ်ပြီလေ ဘာဖြစ်လို့တုန်း" ​"မင်းသက်ကိုဘယ်သူသတ်လဲဆိုတာ ကျန်သေးတယ်လေ" ​"ဟေ့ကောင်တွေ မင်းတို့ကဘာလဲ ကိုယ့်ကိုကိုယ် စုံထောက်တွေများထင်နေတာလား အဲ့ဒါ သူတို့ကိစ္စလေ ငါတို့ကိစ္စက မင်းသက်ကိုကူညီဖို့ သူ့အစ်ကိုကိုသတိပေးပြီးပြီ ပြီးတော့ အောက်လမ်းဆရာကိုလည်းနှိမ်နင်းပြီးပြီ ကိစ္စတွေကပြတ်ပြီလေ မင်းတို့ဘာတွေ စဉ်းစားနေတာလဲ" ​ဘိုးထင်မှထိုသို့သေချာရှင်းပြလိုက်သောအခါ ပေတူးနှင့် သာအေးတို့ ခေတ္တစဉ်းစားနေပြီးနောက် ဦးခေါင်းကိုပြိုင်တူဆိုသလိုညိတ်ပြကာ လက်ခံကြသည်။ ​"မင်းပြောတာလည်း ဟုတ်တာပဲ ငါတို့နဲ့ဆိုင်မှမဆိုင်တာ တို့တွေ ရွာပြန်ပြီး အေးအေးဆေးဆေးနားတာပေါ့ကွာ" ​"ဟုတ်တယ် ပြန်တွေးကြည့်တော့လည်း ကိစ္စကပြတ်နေပြီပဲကို မင်းသက်သေတာလည်း တစ်နှစ်တောင်ကျော်နေပြီပဲကွာ အဲ့ဒါဆို ညနေ အောက်လမ်းဆရာရဲ့အခြေအနေကြည့်ပြီး မနက်ဖြန်ဆို ပြန်မှာပေါ့ ဘိုးထင်" ဘိုးထင်သည် ပေတူး၏အမေးအား ခေါင်းညိတ်ပြလိုက်ပြီး ​"ဟုတ်တယ် မနက်ဖြန်ပြန်မယ် အခုညနေ ကိစ္စပြတ်ရင် ပေါ့ကွာ " ​"ဟိုအောက်လမ်းဆရာ သေတော့မသေလောက်ပါဘူးနော်" ​"မသေပါဘူး ငါအဲ့လောက်မရက်စက်တတ်ပါဘူးကွ လာ လာ တို့သွားစို့" ​ဘိုးထင်တို့သုံးယောက်သည် ခပ်မြန်မြန်ခြေလှမ်းများနှင့် ဘကြီးမှုန်အိမ်သို့ပြန်လာလိုက်ကြသည်။ဘကြီးမှုန်၏အိမ်ရောက်ချိန်တွင်တော့ အိမ်အောက်တန်းလျားတွင် ညောင်ပင်စုရွာမှ ကာလသားများနှင့် ဘကြီးမှုန်တို့စကားဆိုနေကြသည်ကိုတွေ့လိုက်ရသည်။တန်းလျားတွင် နေ‌ရာမလောက်ငှသော ကြောင့် ကွပ်ပျစ်တွင်ပါထိုင်ရသည်အထိ ကာလသားဦးရေ များလှသည်။သူတို့သည် ဘိုးထင်တို့သုံးယောက်ကိုမြင်သည့်အခါ တန်းလျားတွင်ထိုင်နေသူများအားလုံးသည် မတ်တတ်ထရပ်လာကြပြီး ဘိုးထင်တို့သုံးဦးအား နေရာပေးလေသည်။ ​"ဆရာတို့ကိုမျှော်နေတာဗျ ဆရာတို့ ထိုင်ပါဦး" ​"ဟုတ်တယ်ဆရာ ထိုင်ပါ ကျုပ်နာမည် သာဂေါင်တဲ့ဗျ" ​"ကျုပ်နာမည်က ဖိုးလှပါ ဆရာ" ​ကာလသားများသည် ဘိုးထင်တို့အား သူ့ထက်ငါ မိတ်ဆက်ကြလေသည်။ဘကြီးမှုန်သည်ကား စိတ်ပျက်နေသည့် မျက်နှာဖြင့် ဘိုးထင်တို့အား စကားဆိုလာသည်။ ​"ငါ့ကောင်တွေရေ ဒီကောင်တွေကိုအိမ်ပြန်ခိုင်းသေးတယ် ဘယ်လိုမှကိုပြန်ခိုင်းလို့မရဘူး" ​"ဘာတွေဖြစ်နေတာလဲ ဘကြီး ကျုပ်တို့နားမလည်ဘူး" ​"ဘာဖြစ်ရမှာလဲကွာ ဒီမှာရှိတဲ့ကောင်တွေက ရည်းစားလိုချင်လို့ တပိုင်းသေနေတဲ့ကောင်တွေကွ မင်းက ဟိုအောက်လမ်းဆရာကိုနှိမ်နင်းလိုက်နိုင်တယ်ဆိုတာနဲ့ မင်းဆီ ပီယဆေးတောင်းဖို့ရောက်လာကြတာ" ​"ဗျာ ပီယဆေးဟုတ်လား" ​"ဟုတ်တယ် မင်းကနာမည်ကြီးနေပြီကွ ဒီကောင်တွေက မယားတရူးကောင်တွေ‌ မင်း ပီယဆေးမပေးမချင်း ပြန်မယ့်ကောင်တွေမဟုတ်ဘူး တစ်ကောင်မှ စွံတဲ့ကောင်မရှိဘူး တို့ရွာသူတွေဆို ဒီကောင်တွေသောက်သုံးမကျလို့ တခြားရွာသားတွေနောက် ပါ ပါသွားတာချည်းပဲ" ​"ဟာ အဲ့ဒါမှခက်ပြီ ကျုပ်က ပီယဆေးမလုပ်တတ်ဘူးဘကြီးရေ သူတို့ကိုကူညီနိုင်မှာမဟုတ်ဘူး" ​ဘိုးထင်မှထိုသို့ပြောလိုက်ရာ ဘကြီးမှုန်သည် ကာလသားများဖက်ကြည့်လိုက်ပြီး ​"ကဲ ကြားလား ဟေ့ကောင်တွေ သူက ပီယဆေးမလုပ်တတ်ဘူးတဲ့နော် မင်းတို့ကို ငါပြောသားပဲကွ သူတို့ အဲ့ဒါတွေ တတ်မယ့်ပုံမပေါ်ပါဘူးလို့ တကယ်လို့တတ်ရင်လည်း ငါအရင်တောင်းထားတာကြာပေါ့" ​"ဘကြီးမှုန်ကလည်းဗျာ အသက်ကြီးနေပြီကို ဘာတွေပြောနေတာလဲမသိဘူး" ​"ဟေ့ကောင်တွေ ငါကအသက်သာကြီးတာ မပျက်စီးသေးဘူးကွ ကိုယ့်ဘာသာ ထမင်းချက်တုန်းဟင်းချက်တုန်း တမျိုးပြောရရင် သန်တုန်းမြန်တုန်းပေါ့ကွာ ကဲ ကဲ မင်းတို့လိုချင်တာမရှိဘူးတဲ့ ပြန်ကြတော့ ဟေ့ကောင်တွေ မင်းတို့ရှိရင် ငါ့ဧည့်သည်တွေခေါင်းကိုက်တယ်" ဘကြီးမှုန်သည် ပျော်ပျော်နေတတ်သူဖြစ်သည့်အလျောက် ရွာမှ ကာလသားများကို စနောက်နေသေးသည်။ထို့နောက် သူသည် ဘိုးထင်အား အားကိုးတကြီးနှင့်ရောက်လာကြသော ကာလသားများအား ပြန်ခိုင်းလိုက်လေသည်။ကာလသားများ သည် မပြန်ချင်ပြန်ချင်နှင့် ပြန်သွားကြသည်။တချို့မှာဖြင့် ဘိုးထင်အရှေ့ တွင် ဒူးထောက်ကာ ပီယဆေးတောင်းနေသေးသည်။ ​"ဆရာလေးရယ် ကျုပ်ကိုတော့ ပီယဆေးလေးပေးပါဗျာ ဆေး‌မပေးဘူးဆိုရင် ကျုပ်ကြိုက်တဲ့ ညိုမကို သူများ မ သွားတော့မှာကိုကြည့်နေရမှာ လုပ်ပါဗျာ" ​"ကျုပ်မှာ တကယ်ကိုပီယဆေးမရှိလို့ပါဗျာ ကျုပ်မှာရှိရင် အခုလိုတောင်ပြောမနေဘူး အကုန်ပေးလိုက်ပါတယ် ကျုပ်တို့ကလည်း ယောက်ျားတွေပဲလေဗျာ ကိုယ်ချင်းစာပါတယ်" ​ဘိုးထင်မှ သေချာနားလည်အောင်ရှင်းပြလိုက်သည့်အခါမှ ကာလသားများကျေနပ်သွားကြပြီး နောက်တစ်ခါလာပါက ပီယဆေးဖော်ပေးဖို့ပြောကာပြန်သွားကြသည်။ထိုအခါမှ ဘိုးထင်တို့သည်လည်း သက်ပြင်းချကာ တန်းလျားတွင် ဝင်ထိုင်လိုက်သည်။ဘကြီးမှုန်သည်ကား ဘိုးထင်တို့သုံးယောက်ကိုကြည့်၍ ခပ်ပြုံးပြုံးအမူအရာနှင့် စတင်စကားဆိုလာလေသည်။ ​"ကောင်လေးတို့ တို့ရွာကကောင်တွေ တကယ်မလွယ်ဘူးမလား" ​"ဟုတ်တယ် မလွယ်ဘူး ဘယ်လိုဖြစ်တာတုန်းဗျာ ရုတ်တရက်ကြီး" ​"မင်းတို့တွေ အောက်လမ်းဆရာစိုးတင့်ကို သမလိုက်ကြတယ်မလား" ​"ဘယ်လိုပြောရမလဲ ဘကြီးရယ်" ​"ဘယ်လိုမှမပြောနဲ့ မင်းသမနေတဲ့အချိန် မင်းစိန်ဆိုတဲ့ကောင်က စိုးတင့်အနားမှာရှိနေတာတဲ့ကွ အခု စိုးတင့်ကို မင်းသမလိုက်တဲ့အကြောင်းလည်း အဲ့ကောင်ပဲ ထန်းတောမှာ လျှောက်ပြောတာ အဲ့ဒါကြောင့် ဂေါ်မစွံကောင်တွေ ဒီရောက်ချလာတာ" ​"တော်တော်ဆိုးတာပဲဗျာ ဒါနဲ့ဘကြီး ကျုပ်တို့မနက်ဖြန် ပြန်တော့မယ်" ​"ဗြုန်းစားကြီးပါလားကွ မင်းတို့ကလည်း တစ်ပတ်လောက် ထပ်နေပါဦးလား" ​"ကိစ္စတွေလည်းပြီးပြီ ရွာတော့ပြန်မှရမယ် ဟိုမှာလည်း အလုပ်တွေရှိသေးတယ်" ​"မင်းတို့က ပြန်မှဖြစ်မယ်ဆိုတော့လည်း ပြန်ကြပေါ့ကွာ နောက်လည်း ငါ့ဆီ အလည်လာခဲ့ကြဦးနော်" ​"ဘကြီးလည်း ကျုပ်တို့ရွာကို အလည်လာဦးလေဗျာ ကျုပ်တို့ရွာမှာဆို ဘကြီးသိပ်ပျော်မှာဗျ" ​"အေးပါကွာ အေးပါ ငါမသေသေးခင် တရက်တော့ မင်းတို့ရွာကို အလည်လာခဲ့မယ်" ​ဤသို့ဖြင့် ဘိုးထင်၊ပေတူး၊သာအေးတို့သုံးယောက်သည် မနက်ဖြန်ပြန်မည်ဖြစ်သည့်အတွက် ဘကြီးမှုန်နှင့် စကားများဖောင်ဖွဲ့၍ပြောဆိုနေကြပါတော့သည်။ ◾​အခန်း (၅) ​ညနေစောင်းအချိန်တွင်ဖြစ်ပြီး ညောင်ပင်စုရွာအပြင်တွင်ရှိသော အောက်လမ်းဆရာစိုးတင့်၏နေအိမ်ဆီသို့ ဘိုးထင်၊ ပေတူး၊သာအေးတို့သုံးယောက် သွားနေကြသည်။နှစ်ရှည်ပင်ကြီးများဖြင့်အုံ့ဆိုင်းနေသော ခြံကြီးတခြံဆီသို့ရောက်သော အခါ ဘိုးထင်သည် ထိုခြံကြီးထဲသို့ ခပ်အေးအေးနှင့်ပင် ဦးဆောင်၍ဝင်သွားလေသည်။​သူတို့အိမ်ဝိုင်းအတွင်းရောက်သည့်အခါ အောက်လမ်းဆရာစိုးတင့်သည် အိမ်အိုကြီးပေါ်မှ နေ၍ လွယ်အိတ်ကြီးကိုလွယ်၊ပုဆိုးဖြင့်ထုတ်ထားသော အဝတ်အစားထုတ်တထုတ်ကို လက်ကကိုင်ပြီး အိမ်ကြီးပေါ်မှ ဆင်းလာသည်ကိုတွေ့လိုက်ရလေသည်။သူသည် အောင်နိုင်သူအပြုံးနှင့်ပြုံးနေသည့် ဘိုးထင်တို့သုံးယောက်အားမြင်သောအခါ မကျေမနပ်ဖြစ်နေသည့်ကြားက ခပ်တည်တည် နှင့်ပင် ဘိုးထင်တို့နှင့်မျက်နှာချင်းဆိုင်သို့သွားကာ မတ်တတ် ရပ်လိုက်သည်။​အောက်လမ်းဆရာစိုးတင့်၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး မျက်ကွင်းတို့မှာလည်း ညိုနေသည်။ အသားမဲသည့်ကြားကပင် ဖြူဖတ်ဖြူလျော်ဖြစ်သည်နှင့် ညိုနေသောမျက်ကွင်းတို့အထင်းသားတွေ့နေရသည်က အတော်အခြေအနေဆိုးသော လက္ခဏာပင်ဖြစ်သည်။အောက်လမ်းဆရာစိုးတင့်သည် ဘိုးထင်အား လေသံခပ်မာမာဖြင့်မေးမြန်းလိုက်သည်။ ​"မင်း ငါ့အိမ်ဘာလာလုပ်တာလဲ" ​"ခင်ဗျားအဆင်ပြေလားလာကြည့်တာပါ ဒါနဲ့ အထုတ်ကြီးနဲ့ပါလား ခင်ဗျားဘယ်သွားမလို့လဲ" ​"မင်းသိစရာမလိုဘူး" ​"ကျုပ်က စေတနာနဲ့မေးတာပါဗျာ ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ကျုပ်က အတူတူပါပဲ တစ်ယောက်နဲ့တစ်ယောက်အငြိုးမထားပဲ နေကြရအောင်" ​"ဟေ့ကောင် တော်စမ်း မင်းကအနိုင်ရထားတဲ့ကောင်ဆိုတော့ ပြောအားရှိတာပေါ့ စိတ်ချ မင်းကိုငါ မနိုင်ဘူး ဒါပေမဲ့ မင်းဒုက္ခရောက်အောင် ငါလုပ်ပြမယ်" ​"ကြောက်လိုက်တာဗျာ ကြောက်လိုက်တာ ဟေ့ကောင်တွေ ငါတော့ သူ့ကိုကြောက်နေပြီ" ​ဘိုးထင်မှ ပြောင်စပ်စပ်မျက်နှာဖြင့် ပေတူးနှင့် သာအေးအား ထိုသို့စကားဆိုလိုက်သည်။ပေတူးနှင့် သာအေးမှာလည်း အောက်လမ်းဆရာစိုးတင့်အား မလေးမခန့်ဖြင့် လှောင်ပြောင်သောစကားများဆိုကြလေသည်။ ​"ဟေ့လူ ခင်ဗျား ကျုပ်တို့ကောင်ကိုနိုင်ဖို့ဆို ဆယ်နှစ် ဆယ်နှစ် ကြိုးစားထား" ​"သာအေးကလည်းကွာ ဆယ်နှစ်နဲ့ဘယ်မှီနိုင်ပါ့မလဲ ဟေ့လူ ခင်ဗျား ကျုပ်တို့ကောင်ကိုနိုင်ဖို့ဆို အတော်ဆုံးပညာသည်ဆီမှာ အနှစ်နှစ်ဆယ်လောက်သွားကျွန်ခံလိုက်အုံး အဲ့ဒါတောင်မှီမယ်မထင်ဘူး" ​"အေး အေး မင်းတို့ တွေ့မယ် တွေ့မယ်" ​သူတို့စကားပြောနေချိန်မှာပင် အိမ်ဝိုင်းထဲသို့ မိငွေတစ်ယောက် ကပြာကယာနှင့်ဝင်လာလေသည်။ထို့နောက် သူမသည် ဘိုးထင်တို့ရှိသည်ကိုပင်အရေးမထားနိုင်တော့ဘဲ အောက်လမ်းဆရာစိုးတင့်၏လက်ကိုဆွဲကာ ထွက်မသွားဖို့အတွက် တားမြစ်လေသည်။ ​"ဆရာ ဆရာဘယ်သွားမလို့လဲ ဆရာထွက်သွားလို့မဖြစ်ဘူးလေ" ​"မိငွေ သတိကပ်စမ်း နင့်လင်လေးတွေရှိနေတာမမြင်ဘူးလား" ​"ဆရာသွားလို့မရဘူး ဆရာမရှိရင် ကျုပ် ဘယ်သူနဲ့နေရမှာတုန်း" ​"ဒီကောင်မတော့ ငါ့ကိုနောက်ထပ်သောက်ရှက်ခွဲနေတာပဲ" ​စိုးတင့်သည် ရှက်ရှက်နှင့်ပင် မိငွေအားတွန်းထုတ်လိုက် ကာ အိမ်ဝိုင်းအပြင်သို့ ထွက်ခွာသွားလေသည်။ဘိုးထင်တို့ သုံးယောက်သည်ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ​"မစန္ဒာရဲ့အစ်ကိုကြီးကတော့ နွားဖြစ်နေတာပဲကွ" ​"ဟုတ်ပါ့ တွေးကြည့်တော့ အဲ့လူကြီးက သနားစရာကြီးပဲအခုမှပဲ လိပ်ပတ်လည်သွားတော့တယ်" ​ဘိုးထင်တို့သုံးယောက်သည်ထိုသို့ပြောပြီး အောက်လမ်းဆရာစိုးတင့်၏အိမ်ဝိုင်းအပြင်ပြန်ထွက်လာချိန် မိငွေသည် သူတို့၏ရှေ့တည့်တည့်တွင် ခါးထောက်ရပ်လိုက်ကာ ​"နင်တို့ နင်တို့ကြောင့် ငါ့အကြံတွေပျက်စီးကုန်ပြီ" ​"ဘာအကြံတွေလဲဗျာ လင်ကြီးနဲ့ လင်ငယ် တစ်ပြိုင်တည်းပေါင်းမယ့်အကြံတွေလား" ​သာအေးမှ ပြုံးစစဖြင့်ထိုသို့ပြောလိုက်ရာ မိငွေတစ်ယောက် မျက်လုံးများနီရဲလာသည်အထိဒေါသထွက်လာပြီး ​"နင် နင်တို့ ငါ့အကြောင်းသိစေရမယ်" ​"ဟောဗျာ ခင်ဗျားအကြောင်း အခုကတည်းက ကျုပ်တို့သိနေတာကို ဘာတွေထပ်သိရမှာတုန်း နောက်ထပ် လင်ငယ်ထပ်ရှိသေးတာလား အခုအောက်လမ်းကြီးကရော ဘယ်နှစ်ယောက်မြောက်လဲ" ​"နင်တို့ အတော်ကိုမိုက်ရိုင်းပါလား" ​"ခက်ပြီ ကျုပ်တို့ကတော့ ရှင်းရှင်းပဲ မီးဆိုမီးနဲ့ ပြန်တိုက်မယ် ရေဆိုရေနဲ့ ပြန်တိုက်မယ် သည်းခံနေရအောင် ကျုပ်တို့တွေက သူတော်ကောင်းတွေမှမဟုတ်တာ တခုတော့မှတ်ထား ကျုပ်တို့ကလူကောင်းတွေမဟုတ်ဘူး ဒါပေမဲ့ ခင်ဗျားလို လင်ငယ်နေပြီး လင်ကြီးအမွေတွေအကုန်သမချင်တဲ့ လူယုတ်မာတော့မဟုတ်ဘူး အဲ့ဒါကို မှတ်ထား" ​ဆတ်ဆတ်ထိမခံသောမိငွေတယောက် ဘိုးထင်တို့၏ စကားများအားပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိဘဲ မျက်စောင်းထိုးကြည့်ခြင်း၊နှုတ်ခမ်းကိုက်ပြခြင်းသာ ပြုလုပ်နေသည်။ ထိုသို့သောအမူအရာများဖြင့် ဘိုးထင်တို့အား မကျေနပ်ကြောင်းပြနေသည့် မိငွေအား ပေတူးမှ ဆက်လက်စကားနာထိုးပြန် သည်။ ​"ဘာလဲ မကျေနပ်ဘူးလား တချို့သူတွေ ရန်ဖြစ်သလို ထမိန်လှန်ပြဦးမလို့လား ကျုပ်တို့က ရှက်မှာမဟုတ်ဘူးနော်" ​"မ မသာကောင်တွေ လူယုတ်မာတွေ" ​ပေတူး၏စကားကြောင့် မိငွေသည် သူတို့ရှေ့ တွင် ဆက်မနေရဲတော့ဘဲ အလျှင်အမြန်ပင် ရွာသို့ ပြန်ပြေးလေသည်။ ဘိုးထင်၊ပေတူး၊သာအေးသည်ကား သဘောကျစွာရယ်မောပြီး စကားတပြောပြောနှင့် မိငွေနောက်မှနေ၍ ရွာထဲသို့ ပြန်ဝင်လာကြပါလေတော့သည်။ ◾​အခန်း (၆) နံနက်ခင်းနေရောင်ခြည်နွေးနွေးအောက်တွင် ဘိုးထင်၊ ပေတူး၊သာအေးတို့သည် ညောင်ပင်စုရွာအားကျောခိုင်းပြီး ပေပင်ရွာသို့အပြန်ခရီးအားစတင်နေကြသည်။မန်ကျည်း၊ သရက်၊အုန်း၊ထန်းနှင့် တခြားသော အပင်မျိုးစုံတို့ပေါက် ရောက်နေပြီး အုံ့ဆိုင်းနေသည့် ညောင်ပင်စုရွာလေးအား ခပ်လှမ်းလှမ်းရောက်သွားသည့် ဘိုးထင်တို့သုံးယောက် ပြန်လှည့်ကြည့်ရင်းတီးတိုးစကားဆိုလိုက်ကြသည်။ ​"ညောင်ပင်စုရွာက နေလို့တော့အကောင်းသား ရေလည်း ကောင်းတယ်ကွ နော်" ​"အေး ဟုတ်တယ်" ​"ဘကြီးမှုန်ကလည်း သဘောကောင်းတယ် ရွာက ကာလသားတွေကလည်းမဆိုးဘူး ပြောရမယ်" ​"ဒါနဲ့ မစန္ဒာတို့ အဆင်ကောပြေပါ့မလား" ​"ပြေပါတယ်ကွာ ဒေါ်သဲဦးလည်းရှိနေတာပဲကို" ​ဘိုးထင်တို့စကားတပြောပြောနှင့် လမ်းလျှောက်လာကြရာ ညောင်ပင်စုရွာနှင့် ခပ်လှမ်းလှမ်းသို့ရောက်ရှိလာပြီး ထန်းပင်များ အစီအရီပေါက်နေသော လှည်းလမ်းတွင် လူတစ်ယောက်မှ သူတို့အား လမ်းပိတ်ရပ်လာလေသည်။ ​ထိုသူသည် စုတ်ပြက်သတ်နေသည့် အဝတ်အစားတို့ကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ထန်းရွက်ယပ်တောင်အား မင်းသားခေါင်းပေါင်းပုံစံ နှီးဖြင့်ချည်နှောင်ထားသည်။ သူ၏မျက်နှာအသွင်အပြင်အား မြင်တွေ့ခြင်းမရှိသည့်တိုင် ထိုသူသည် အရူးတစ်ယောက်ဖြစ်မှန်းကောင်းစွာသိနိုင်ပေသည်။ဘိုးထင်တို့သုံးယောက်သည် ထိုအရူးအနားရောက်သည့်အခါ ကွေ့ပတ်ရှောင်ကွင်းသွားမည်ကြံသော်လည်း ထိုအရူးကြီးသည် လက်နှစ်ဖက်အားဆန့်တန်းလိုက်ပြီး ​"မင်းတို့ ပြန်လို့မရသေးဘူး" ​"ဘာတုန်းဗျာ ကျုပ်တို့ကမပြန်ဘဲ ဘာလုပ်ရမှာတုန်း" ​"မင်းတို့ ဇာတ်ကရဦးမယ်" ​"ဘယ်ကဇာတ်တွေ ကရမှာတုန်း" ​"မင်းတို့တွေ အမှန်တရားတစ်ခုကိုဖော်ထုတ်ပေးရမယ်" အရူး၏ပြောစကားများမှာ အရူးတစ်ယောက်ပြောသော စကားများနှင့်မတူဘဲ လေးနက်နေလေရာ ဘိုးထင်တို့သုံးယောက်လုံး အံ့ဩသွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ထို့နောက် အရူးသည် သူတို့ဖက်သို့မျက်နှာလှည့်လာသည်။အရူးကြီးသည် သနပ်ခါးများအား ဖွေးနေအောင်လိမ်းကျံထားရာ အတော်ကိုရယ်စရာကောင်းလှပေသည်။သူသည် ဘိုးထင်တို့အားသေချာကြည့်လာပြီး ​"မင်းတို့တွေ အနီးကပ်ဆုံး ရန်သူကိုထားခဲ့တာပဲ" ​"ခင်ဗျား ဘာပြောတာလဲ" ​"မင်းတို့ မင်းသက်ကိုဘယ်သူသတ်တာလဲ မသိချင်ဘူးလား" ​"ဗျာ ခင်ဗျား ဒါတွေ ဘယ်လိုလုပ်ပြီးသိနေတာလဲ" ​"အဲ့ဒါ နောက်မှမေး ငါမေးတာကိုပဲ အရင်ဖြေ" ​"သိချင်တာပေါ့" ​"အဖြေကတော့ ရှင်းရှင်းလေး မင်းသက်ကိုသတ်တာ သဲဦး" ​"ဗျာ" ​အရူးသည် ထိုသို့ပြောပြီး ပါးစပ်ဆိုင်းတီးကာ လမ်းတစ်လျှောက်ခုန်ပေါက်ပြေးသွားတော့သည်။ဘိုးထင်တို့သည်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ​"အစောက အရူးကြီးပြောတာ အရူးနဲ့မတူသလိုပဲ မင်းဘယ်လိုသဘောရလဲ ဘိုးထင်" ​"ငါလည်း စိတ်ဝင်စားတယ် ဒီအရူး တကယ့်အရူးမဖြစ်နိုင်ဘူး သူ့မျက်လုံးတွေက ရူးနေတဲ့ပုံမပေါက်ဘူး" ​"အဲ့ဒါဆို မင်းသက်ကိုသတ်တာ တကယ်ပဲ ဒေါ်သဲဦးလားငါတော့ ခေါင်းတွေရှုပ်လာပြီ" ​"မထူးပါဘူးကွာ တို့ အဲ့အရူးနောက် လိုက်စို့" ​ဘိုးထင်သည် ထိုသို့ပြောပြီး အရူးကြီးနောက်သို့ ခပ်မြန်မြန်လိုက်သွားလိုက်ကြပါလေတော့သည်။ ◾​ဇာတ်သိမ်းပိုင်းအား မကြာမီတင်ဆက်ပေးပါမည်။