◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင် (ဒုတိယပိုင်း)

◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင် (ဒုတိယပိုင်း)

14 Jun, 2026
◾အခန်း (၁)

​ဘကြီးမှုန်၏အိမ်အောက်တန်းလျားတွင်ဖြစ်သည်။နံနက် စောစော၌ ခွဲတောင်းဖြင့် ပဲပေါင်းရောင်းသော အမျိုးသမီးတဦးနှင့် အိမ်ရှင်ဘကြီးမှုန်တို့၏စကားပြောသံမှာ အိမ်ဝိုင်းလေးအတွင်းအတန်အသင့်ကျယ်လောင်စွာထွက်ပေါ်လို့နေသည် ။

​"ဘကြီးမှုန် ပဲပေါင်းဝယ်တာနည်းလိုက်တာတော် ဘကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်မလား များများဝယ်မှပေါ့"

"ဟဲ့ ထွေးမိ ငါက ငါ့အိမ်က ဧည့်သည်တွေကို ပဲပေါင်းပဲကျွေးမယ်ထင်နေတာလား"

​"အဲ့လိုမထင်ပါဘူးဘကြီးရယ် နည်းနေမှာစိုးလို့ပြောတာ"

"လောက်တယ် လောက်တယ် ဒါနဲ့ နင့်ယောကျ်ား ငခွေးကိုမတွေ့တာ ကြာပကောလား"

​"ကြာဆို တောတက်သွားတာလေ"

"ဟုတ်လား ဝါးခုတ်ပဲလား"

"အဲ့လိုပဲဆိုပါတော့"

​"ဝါးခုတ် ဝါးခုတ်နဲ့ ကျွန်းပင်ခုတ်နေတဲ့သူတွေ ရှိတယ်တဲ့ တော်ကြာ နင့်ယောကျ်ား အချောင်အဖမ်းခံနေရဦးမယ် အခုတလော သစ်တောကလူတွေ ဆင်းလာတယ်လိုကြားမိတယ် ဝန်ထမ်းတောင်ပါတယ်ဆိုပဲ"

​"ကျုပ်လည်း ပြောနေရတာပဲ ဘကြီးရယ် ဘကြီးတူအကြောင်းလည်း ဘကြီးအသိသားနဲ့ နေရာတကာသူသိ သူတတ်"

​ပဲပြုတ်သည်အမျိုးသမီးနှင့် ဘကြီးမှုန်တို့ စကားပြောနေချိန်မှာပင် အိမ်ဝိုင်းထဲသို့ စန္ဒာနှင့်အတူ အသက်ငါးဆယ်ကျော်အရွယ်ရှိဒေါ်သဲဦးဆိုသော အမျိုးသမီးကြီးတို့ဝင်လာကြလေသည်။သူမတို့နှစ်‌ယောက် ဘကြီးမှုန်အနားသို့ရောက် လာပြီး စန္ဒာသည် ပဲပေါင်းဝယ်နေသည့် ဘကြီးမှုန်အား စတင်စကားဆိုလာလေသည် ။

​"ဘကြီးမှုန် ကျမဧည့်သည်တွေနိုးပြီလား"

​"ဪ အေး မနိုးကြသေးဘူးထင်တယ် သူတို့တွေ ညက ညည့်နက်တယ်လေ"

​"ညည့်နက်တယ်ဟုတ်လား ဘာလို့ညည့်နက်တာလဲ"

​"ငါလည်း သေချာတော့မသိပါဘူး ညည့်နက်တဲ့အထိ စကားပြောသံကြားလို့ပြောလိုက်တာ"

​"ဪ"

"ကဲ ကဲ နင်တို့ထိုင်ကြဦး ငါ သူတို့အတွက် မနက်စာလေး လုပ်လိုက်ဦးမယ်"

ဘကြီးမှုန်သည် ပဲပေါင်းပန်းကန်လုံးအားယူလိုက်ပြီး ထိုင်နေရာမှ အားယူ၍မတ်တပ်ရပ်လိုက်ကာ မီးဖို‌ချောင်သို့လှမ်းရင်း စကားဆိုလိုက်လေသည်။ဘကြီးမှုန်ထိုသို့ပြောသည့်အခါ စန္ဒာသည် ကမန်းကတန်းနှင့်ပင် သူမလာရသည့်အကြောင်းအရင်းအား ပြောပြလိုက်လေသည်။

​"ဘကြီးမှုန် မနက်စာလုပ်မနေနဲ့တော့ ကျမ သူတို့ကိုလာခေါ်တာ ကျမအိမ်မှာ အားလုံးအတွက် မနက်စာပြင်ဆင်ထားပြီးပြီ"

​"ဟုတ်လား အဲ့တာဆိုရင်တော့ဟန်ကျတာပဲ ကဲ ကဲ ထိုင်ကြဦး နှိုးတော့မနှိုးပေးတော့ဘူး ညကအိပ်‌ရေးပျက်ထားကြတာဆိုတော့ အိပ်ရာထတာနောက်ကျလိမ့်မယ် နင်တို့မစောင့်နိုင်ဘူးဆိုလည်း ပြန်ကြလေ နိုးလာရင် ငါလွှတ်လိုက်မယ်"

​"ရတယ် ဘကြီးကျမတို့စောင့်နေမယ်"

​"အေး အေး ပြီးတာပဲ ငါထမင်းကြမ်းလေးလှော်လိုက်ဦးမယ်"

​"လုပ်မနေနဲ့လေ ဘကြီးလည်း အိမ်လိုက်စားပေါ့"

​"နေပါကွယ် ကလေးမရယ် ကျုပ်က မနက်ဆို ထမင်းကြမ်း လးလှော်စားရမှ မစားရင်မနေနိုင်ဘူး အကျင့်ကပါနေပြီလေ ကဲ ကဲ ဘိုးထင်တို့ကိုသာသေချာဂရုစိုက်လိုက်ကြ ကြားလား"

​"ဟုတ် ဟုတ်ကဲ့ ဘကြီး"

​ဘကြီးမှုန်သည် ထိုသို့ပြောပြီး မီးဖိုချောင်အတွင်းသို့ဝင်သွားလေ၏။စန္ဒာနှင့်အတူပါလာသော အမျိုးသမီးကြီးမှာမူ အိမ်အောက်တန်းလျားတွင်ထိုင်ကာ ဘိုးထင်တို့အိပ်ယာမှ နိုးအလာကိုစောင့်ဆိုင်းနေကြသည်။အချိန်အတန်ကြာသော အခါ ဘိုးထင်တို့သုံးယောက် အိမ်ကြီးပေါ်မှဆင်းလာကြ၏။ သူတို့သည် အိမ်အောက်တန်းလျားတွင် ထိုင်နေသည့် စန္ဒာအားမြင်သည့်အခါ ပြုံး၍နှုတ်ဆက်လိုက်ကြလေ၏။

​"အမ ရောက်နေတာကြာပြီလားဗျ ကျုပ်တို့ အိပ်ကောင်း ကောင်းနဲ့အိပ်လိုက်တာ နေ တော်တော်မြင့်သွားတယ်ဗျာ အားနာလိုက်တာ"

​"နေမမြင့်သေးပါဘူး ငါ့မောင်ရယ် ငါ့မောင်တို့ကို မနက်စာစားရအောင်လို့လာခေါ်တာ အမနဲ့ တခါတည်းလိုက်ခဲ့"

​"အားနာစရာကြီးဗျာ တကူးတကကြီးလာခေါ်တာ"

​"ရပါတယ် အမခေါ်လာတာလေ အမဖြင့်အခုထိ ဧည့်ဝတ်ကျေတယ်လို့ကို မခံစားရသေးဘူး ကဲ ကဲ ငါ့မောင်တို့ မျက်နှာသစ်ကြဦး အမစောင့်နေမယ်"

​ဘိုးထင်တို့သည် စန္ဒာနှင့်ခေတ္တစကားပြောကာ မျက်နှာ သစ်၊သွားတိုက်လိုက်ကြပြီးနောက် နံနက်စာစားရန်အတွက်လာခေါ်သော စန္ဒာနောက်သို့အချိန်မဆိုင်းဘဲလိုက်သွားကြပါလေတော့သည် ။

◾အခန်း (၂)

​ကျွန်းစားပွဲခုံပေါ်တွင် အမျိုးစုံလှသော အစားအသောက်များအားတည်ခင်းထားလေသည်။နံနက်ခင်းအချိန်အခါနှင့် လိုက်ဖက်မည့် ကောက်ညှင်းပေါင်း၊ငါးခြောက်ဖုတ်အပါအဝင် ပဲပြုတ်ထမင်းဆီဆမ်း၊ခရမ်းချဉ်သီးထောင်းအပြင် ဆတ်သားခြောက်ဖုတ်နှင့် တခြားအမျိုးစုံလှသောအစားအသောက်များ တည်ခင်းထားသည်ကို တွေ့လိုက်ရ၏။ဘိုးထင်တို့သုံးယောက်အားတည်ခင်းဧည့်ခံရန်အတွက် စန္ဒာပြင်ဆင်ထားခြင်းပင်ဖြစ်သည်။ဘိုးထင်၊ပေတူးနှင့် သာအေးတို့လည်း တန်းလျားတွင်ဝင်ထိုင်လိုက်ပြီး သူတို့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သော စန္ဒာအား ပြုံးစစနှင့် စကားဆိုလေသည် ။

​"အမ ကျုပ်တို့ကတော့ အမအိမ်ရောက်မှ ဘုန်းကြီးလိုလို ဘာလိုလိုဖြစ်သွားတာပဲ"

​"ဘာဖြစ်လို့လဲ သာအေးရဲ့"

​"ဘာဖြစ်ရမှာလဲ အမရယ် အမတို့ပြင်ထားတဲ့ မနက်စာတွေလည်းကြည့်ဦးလေ ဘုန်းကြီးဝိုင်းကျနေတာပဲ"
​"ဪ ငါ့မောင်ရယ် ဘာများလဲလို့ ဒါလေးက ငါ့မောင်တို့ကျေးဇူးနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးပါဘူး ကဲ ကဲ စားကြ အားမနာနဲ့နော် လိုအပ်တာရှိရင်လည်း ပြော ဒါနဲ့ ငါ့မောင်တို့ကို မိတ်ဆက်ပေးရဦးမယ် အမမိတ်ဆက်ပေးဖို့မေ့နေတာ သူက မနေ့က အမပြောတဲ့ အမအမေရဲ့ညီမ ဝမ်းကွဲဆိုတာလေ နာမည်က ဒေါ်သဲဦးတဲ့"

​"ဟုတ်ကဲ့"

​စန္ဒာသည် ဒေါ်သဲဦးအမည်ရသော သူမနှင့်ဆွေမျိုးတော် စပ်သူ အမျိုးသမီးကြီးတဦးနှင့် ဘိုးထင်တို့အားမိတ်ဆက်ပေးလာလေသည်။ဘိုးထင်တို့သုံးယောက်စလုံးသည် ပွင့်လင်းရိုးသားပြီးခင်မင်တတ်ကြသူများမို့ ဒေါ်သဲဦးနှင့် အချိန်ခဏတွင်းမှာပင်ရင်းနှီးသွားကြသည်။ဘိုးထင်တို့သည် အမျိုးစုံလှသောနံနက်စာကို အားရပါးရစားသောက်ကြပြီးနောက် ရေနွေးကြမ်းသောက်ရင်း ဘိုးထင်မှ စန္ဒာအား အောက်လမ်းစိုးတင့်သူ့အားစိန်ခေါ်သည့်အကြောင်းကိုပြောပြလိုက်သည်။

​"အမရေ အခုညတော့ ဘယ်သူတွေဘယ်လိုမြင်မြင် ဒီအိမ်မှာ ကျုပ်တို့အိပ်မှရတော့မယ်"

​"ဘာဖြစ်လို့လဲ ငါ့မောင်"

​"ဘာဖြစ်ရမှာလဲ အမရယ် အမပြောတဲ့ အောက်လမ်းဆရာပေါ့ ညက ကျုပ်ကိုစိန်ခေါ်သွားတယ်ဗျ အမအိမ်မှာ တစ်ခုခုဖြစ်တော့မယ်လို့လည်း သတိပေးသွား‌သေးတယ် အဲ့တော့ကျုပ်တို့ ဒီည ဒီမှာအိပ်မယ်ဗျာ အိမ်အောက်မှာပဲ အိပ်မှာပါ အမတို့ကတော့ အိမ်ပေါ်မှာအိပ်ကြပေါ့"

​"ငါ့မောင်တို့ကိုခေါ်ပြီး ဒုက္ခပေးသလိုတောင်ဖြစ်နေပြီ"

​"မဆိုင်ပါဘူးဗျာ အဲ့ကိစ္စက အမစလို့ဖြစ်တာမှမဟုတ်တာ စိတ်ထဲမထားနဲ့"

​ဘိုးထင်သည် သူတို့အပေါ်အားနာနေသည့် စန္ဒာအား နှစ်သိမ့်ပေးလိုက်သည်။ထို့နောက် ဘိုးထင်သည် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး

​"ကဲ အမရေ ကျုပ်တို့ ညနေမှ ပြန်လာခဲ့မယ် နေ့လယ်နေ့ခင်းတော့ ဘာပြဿနာမှမရှိလောက်ပါဘူး ဒါနဲ့ ညက ဒီမှာ ထူးထူးခြားခြားဘာဖြစ်သွားသေးလဲ သတိထားမိသေးလား"

​ဘိုးထင်၏အမေးကြောင့် စန္ဒာသည် ဒေါ်သဲဦးအားကြည့်လိုက်ပြီး

​"အမကြီး ညက ခွေးတွေတအားဟောင်တယ်နော် အမကြီးသတိထားမိလား"

​"အေး ဟုတ်တယ် စန္ဒာ ငါက နင်အိပ်ပျော်နေပြီတောင်ထင်တာ သန်းခေါင်ကျော်လောက်ကဖြစ်မယ်ထင်တယ် အိမ်ဘေးမှာ ခွေးတွေအူတာဆိုတာလေ ပြောမနေနဲ့ ကြောက်စရာကြီး"

​စန္ဒာနှင့် ဒေါ်သဲဦးတို့၏စကားကြောင့် ပေတူးနှင့် သာအေးတိူ့သည် ဘိုးထင်အားကြည့်ပြီး အသံခပ်အုပ်အုပ်နှင့် စကားဆိုလိုက်သည်။

​"ဘိုးထင် ပုံစံကြည့်ရတာ ဟိုလူဒီအိမ်ရောက်ပြီးသွားပြီထင်တယ်"

​"ရောက်ပြီးပြီပေါ့ ပေတူးရာ ရောက်ပြီးလို့လည်း ငါတို့ကို စိန်ခေါ်သွားတာပေါ့"

​"အဲ့တာဆို မင်းဘယ်လိုလုပ်မလဲ "

​ပေတူးသည် စိုးရိမ်နေသည့်မျက်နှာဖြင့် ဘိုးထင်အားပြောလေရာ သာအေးတစ်ယောက် ပေတူးအားမကျေမနပ်နှင့်ကြည့်ကာ စကားဆိုလာသည်။

​"ပေတူး မင်းဆိုတဲ့ကောင်ကလည်း ဘာတွေလာကြောက်နေတာလဲ ဘိုးထင်ကိုဘာထင်‌နေတာလဲ မင်းလည်း ဘိုးထင်အကြောင်း ကောင်းကောင်းသိရက်သားနဲ့"

​"သိတော့သိပါတယ်ကွာ ဒါပေမဲ့ သူများရွာမှာလေ ကိုယ့်ရပ်ကိုယ့်ရွာမှမဟုတ်ပဲ"

​"မင်းကွာ ကြောက်တတ်လိုက်တာ မင်းလည်း ငါတို့ ခရီးထွက်တိုင်းပါနေကြဟာကို အခုမှလာပြီး ဘာတွေစိတ်ပူနေတာလဲ ဒီအောက်လမ်းကောင်လောက်ကိုတော့ ဘိုးထင်က ခေါင်းထဲတောင်ထည့်မှာမဟုတ်ဘူး မင်းဆိုတဲ့‌ကောင်က စိတ်ပူစရာမရှိ ရှာကြံပြီးစိတ်ပူနေတယ်"

​သာအေးသည် ဘိုးထင်အား အပြည့်အဝယုံကြည်ထား၍ ထိုသို့ပြောလိုက်လေသည်။ပေတူးတယောက် ဘိုးထင်၏ အစွမ်းအစကိုသိသော်ငြားလည်း သူ၏စိတ်ထဲတွင် လေးလံ‌ နေ၍ ယခုကဲ့သို့ထုတ်ပြောလိုက်ခြင်းဖြစ်သည်။ဘိုးထင်သည် စိတ်ပူပန်နေဟန်ရှိသော ပေတူး၏ပုခုံးအား သူပုခုံးဖြင့်တိုးလိုက်ကာ

​"မင်းရုပ်ကြီးကလည်းကွာ ဘာဖြစ်နေတာလဲ ကဲ ကဲ ငါတို့လည်း ပြန်ကြရအောင် အမရေ ကျုပ်တို့ပြန်မယ်ဗျာ ညနေမှ ပြန်လာမယ်"

​ဘိုးထင်သည် ပေတူးအားစကားဆိုရင်း စန္ဒာ့ကိုပါနှုတ် ဆက်လိုက်၏။ထိုအခါ စန္ဒာသည် ဘိုးထင်အား

​"ငါ့မောင်တို့ရယ် ဘာမှလည်းသိပ်မစားပါလား"

​"စားပါတယ် အမရာ အမကျွေးတာတွေက များတာကိုး အကုန်တော့ဘယ်စားနိုင်မှာလဲ ကဲ ကဲ ညနေမှပဲ ပြန်လာမယ်ဗျာ နော့်"

​"နေ့လယ်စာလည်း အိမ်မှာပဲလာစားလေ"

​"မစားတော့ဘူး အမ ညနေမှ ပြန်လာခဲ့မယ်"

​"စောစောတော့လာခဲ့ကြနော် အမကြောက်လို့ ငါ့မောင်တို့ အမကိုထားပြီး ရွာတော့ပြန်မသွားကြနဲ့နော် မင်းတို့မရှိရင် အမတော့သွားပြီ"

​"မသွားပါဘူးဗျာ စိတ်ချပါ မိုးမချုပ်ခင်ပြန်လာခဲ့ပါမယ် သွားပြီ အမရေ"

​ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် မနက်စာစားပြီးနောက် စန္ဒာနှင့် ဒေါ်သဲဦးအားနှုတ်ဆက်ကာ အိမ်ဝိုင်းအပြင်သို့ထွက်သွားလေသည်။အိမ်ဝိုင်းအပြင်ရောက်သည့်အခါ ဘိုးထင်သည် ကျန်နှစ်ယောက်အား အသံခပ်အုပ်အုပ်နှင့် စကားဆိုလိုက်သည်။

​"ပေတူးနဲ့ သာအေး တို့ ကိုတင်ကြည်ဆိုတဲ့သူကိုသွားရှာရအောင် ဘယ်လိုလဲ ရှာမလား"

​"ကိုတင်ကြည်ဟုတ်လား မင်းသက်အစ်ကိုဆိုတာလား"

"ဟုတ်တယ်လေ ငါတို့ သူ့ကိုသွားမေးတာပေါ့"

"ဘာမေးမှာတုန်း"

​"မင်းသက်ကိစ္စလေ"

"အေး ကောင်းတယ် အဲ့တာဆို ငါတို့ လမ်းမှာတွေ့တဲ့သူကို မေးကြည့်ကြတာပေါ့"

​"အေး မေးကွာ"

​ဘိုးထင်နှင့် ပေတူးတို့မှ လမ်း၌တွေ့သည့်လူအားမေးမည်ဆိုသောအခါ သာအေးတယောက် သဘောမတူပေ။
​"မင်းတို့ကလည်းကွာ ဘာလို့တွေ့တဲ့သူမေးမှာလဲ ဘကြီးမှုန်တစ်ယောက်လုံးရှိနေတာကို သူ့ပဲသွားမေးတာပေါ့"

​"အဲ့တာလည်းဟုတ်တာပဲ လာကွာ ပြောနေကြာတယ် သွားကြရအောင်"

​ဤသို့ဖြင့် ဘိုးထင်၊ပေတူး၊သာအေးတို့သည် လမ်းတွင်တွေ့သောသူအား ကိုတင်ကြည်၏နေအိမ်ကိုမေးမည့်အစီအစဉ်အားဖျက်လိုက်ကာ ဘကြီးမှုန်ကိုသာမေးရန်အတွက် အိမ်သို့ပြန်လာလိုက်ကြပါလေတော့သည်။

◾ အခန်း (၃)

​"မောင်ရင်လေးတွေပြန်လာတာ မြန်လှချည်လားကွ"

​"မြန်မြန်ပဲ ဘကြီးရေ"

"အေး အေး ထိုင်ကြကွာ ရေနွေးသောက်ကြ"

​ဘိုးထင်တို့သုံးယောက်သည် ဘကြီးမှုန်အိမ်သို့ပြန်ရောက်လာပြီဖြစ်ပြီး အိမ်အောက်တန်းလျားတွင် ထိုင်နေသည့် ဘကြီးမှုန်မှ သူတို့အား လှမ်း၍စကားဆိုခြင်းဖြစ်သည် ။ထို့ကြောင့် သူတို့သည် ဘကြီးမှုန်ထိုင်နေသည့် တန်းလျားနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော တန်းလျားတွင်ဝင်ထိုင်လိုက်ကြကာ ဘိုးထင်မှ စတင်၍အမေးစကားဆိုလိုက်လေသည်။

​"ဘကြီးရေ ကျုပ်တို့သွားစရာလေးရှိလို့ဗျာ အဲ့တာကျုပ်တို့သွားရမယ့်နေရာလေး လမ်းမေးချင်လို့"

"မေးလေကွယ် ဘာလဲ ထန်းတောလား"

​"မဟုတ်ဘူး ဘကြီးရာ ကျုပ်တို့သွားချင်တာ ကိုတင်ကြည်ဆိုတဲ့သူဆီ"

​"တင်ကြည် ဟုတ်လား တင်ကြည်က အခုအချိန် ရွာထဲမှာမရှိဘူးကွ တောတဲမှာပဲအနေများတယ် သူ့ညီ မရှိတော့ကတည်းက တောတဲမှာပဲနေတာလေ ငါ့အိမ်တောင်မရောက်ဖြစ်တာကြာပေါ့ ဒီကောင်ရွာမှာရှိတုန်းကဆို ငါ့အိမ်အတော်လာတဲ့ကောင်"

​"ဟုတ်လား အဲ့တာဆိုလည်း တောတဲသွားတဲ့လမ်းညွှန်ပေး ပေါ့ ဘကြီးရာ"

​"အေးကွာ ပြောမယ် တတ်နိုင်ရင် မင်းတို့ကို ငါကိုယ်တိုင်တောင်လိုက်ပို့ချင်တာ မင်းတို့သိတဲ့အတိုင်း ဇရာကထောင်းလာပြီဆိုတော့ စိတ်သွားတိုင်းကိုယ်ကမပါတော့ဘူးလေကွာ"

​"ရပါတယ် ဘကြီးရာ ကျုပ်တို့နားလည်ပါတယ်ဗျ ကျုပ်တို့ကို လမ်းသာပြောပြလိုက် ကျုပ်တို့ဘာသာသွားမယ်"

​"သိပ်ထွေထွေထူးထူးလမ်းပြစရာလည်းမလိုပါဘူး မင်းတို့သချိုင်းဖက်သွားတဲ့လမ်းသိတယ်မလား"

"သိတယ်လေ ဘကြီး"

"သချိုင်းနားရောက်ရင် တန်းတန်းမသွားနဲ့ ညာဘက်ကိုချိုးသွား အဲ့မှာလမ်းက နှစ်လမ်းပဲရှိတာလေ ညာဘက်ကိုချိုးသွား လူတစ်ခေါ်စာလောက်ဆိုရောက်ပြီ ညာဘက်လမ်းကို တန်းတန်းသွားကွာ ပထမဆုံးတွေ့ရမဲ့ တဲက တင်ကြည်တဲပဲ"

​"ဟုတ်ကဲ့ ဘကြီး အဲ့တာဆို ကျုပ်တို့သွားလိုက်ဦးမယ်ဗျာ"

​"အေး အေး သွားမယ်ဆိုလည်း စောစောသာသွားကြ နေကပူတယ်ကွ ခေါင်းလေးဘာလေးဆောင်းသွားကြဦး"

"ဟုတ်ကဲ့ ဘကြီး အဲ့တာဆို ကျုပ်တို့သွားပြီဗျို့"

​ဘိုးထင်တို့သုံးယောက်သည် ဘကြီးမှုန်အားလမ်းမေးပြီးနောက် အိမ်ပြင်သို့ထွက်ကာ ကိုတင်ကြည်တဲဆီသို့ထွက်လာခဲ့ကြလေသည်။သူတို့သည် လမ်းလျှောက်သွားနေရင်းက အချင်းချင်းစကားဆိုဖြစ်ကြသည် ။

​"ဘိုးထင် မင်း ကိုတင်ကြည်ဆိုတဲ့သူကိုတွေ့ရင် ဘာမေးမှာလဲ"

​"ဘာမေးရမှာလဲကွာ သူ့ညီမင်းသက်နဲ့ပတ်သက်တာမေးမှာပေါ့"

​"သူမပြောရင် ဘယ်လိုဆက်လုပ်မလဲ တော်ကြာ ငါတို့ကို စိတ်တိုနေမှခက်မယ်"

​ပေတူးမှ စဉ်းစဉ်းစားစားဖြင့်ပြောလိုက်ရာ သာအေးသည်လည်း ပေတူး၏အပြောအား ထောက်ခံလိုက်လေသည်။

​"အဲ့တာတော့ဟုတ်တယ် ဘိုးထင် ငါတို့မေးတာကို အဲ့လူ မေးရမလားဆိုးပြီး စိတ်တိုရင် ဘယ်လိုလုပ်မလဲ"

​"ဘာလို့စိတ်တိုရမှာလဲကွာ သူမပြောဘူးဆိုရင်လည်း ငါတို့သိထားတာကိုတော့ပြောရမှာပဲလေ"

​"တကယ်လို့ မစန္ဒာက လူသတ်သမားဆိုရင် ဘယ်လိုလုပ်မလဲ"

"မစန္ဒာဘဝနဲ့ ဖြစ်တာလား ခင်ရတနာသိမ့်သိမ့်တုန်ဆိုတဲ့ အရူးဘဝနဲ့ဖြစ်တာလား သေချာသိအောင်မေးရမှာပေါ့"

​"မင်းဆိုလိုတာကို ငါသိပြီ တကယ်လို့အရူးဘဝနဲ့ဖြစ်တာဆိုရင် မင်းသက်ကိုအဆိပ်ခတ်တာ တခြားသူဖြစ်လောက်တယ်လို့ပြောချင်တာမလား ဒါပေမဲ့ လူကောင်းဘဝနဲ့ ဆိုရင်တောင် တခြားသူက အဆိပ်ခတ်ထားနိုင်တာပဲလေ"

"မင်းပြောတာမှန်တယ် သာအေး ငါတို့သေချာကိုသိမှဖြစ်မယ် ပြောမဲ့သာပြောတာ ငါ့ဖြင့်ခေါင်းတောင်မူးတယ် တကယ်အရှုပ်ထုပ်ကြီးထဲကို ငါတို့ဝင်လာမိတာ"

ဘိုးထင်သည် ထိုသို့ညည်းတွားလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်သည်။ထို့နောက် သူသည် ကိုတင်ကြည်၏တဲဆီသို့ ပေတူးနှင့် သာအေးတို့ခြံရံကာ ခပ်မြန်မြန်သွားနေပါလေတော့သည် ။

◾ အခန်း (၄)

​ယာကွက်များအတွင်းပေါက်ရောက်နေသည့် သစ်ပုံဂံပင် ပေါက်များနှင့် တခြားသောအပင်များကိုခုတ်ထွင်ရှင်းလင်းသည့်အလုပ်အား ယခုဒေသတွင်တော့ သစ်တက်ချခြင်းဟုခေါ်ဆိုကြသည်။ယာကွက်ထဲ၌ ပုဆိုးတိုတိုဝတ်ပြီး ဝါးဖတ်ခမောက်အားဆောင်းထားသော အသက်သုံးဆယ်ကျော်အရွယ်ရှိသည့် လူငယ်တစ်ယောက်သည် သစ်တက်ချနေလေ သည်။သူသည် ဝါးဖတ်ခမောက်ကိုချွတ်ကာ မျက်နှာအား ယပ်ခတ်ကာ ခေတ္တအနားယူ‌နေရင်း သူနေထိုင်ရာတဲဆီသို့လှမ်းကြည့်လိုက်မိသည်။သူမြင်တွေ့ရသည်က လူငယ်သုံးယောက်သည် သူနေထိုင်ရာတဲဆီသို့လှမ်းလာ‌နေသည်ကို ‌ တွေ့လိုက်ရသည့်အတွက် အသံခပ်ကျယ်ကျယ်ဖြင့် လှမ်းအော်၍အသိပေးလိုက်၏။

​ "ငါဒီမှာဟေ့ ဘယ်သူတွေတုန်းကွ ဒီကိုလာခဲ့ကြကွာ လာခဲ့"
လှမ်း‌‌ခေါ်လိုက်သောလူမှာ ကိုတင်ကြည်ပင်ဖြစ်သည်။ကိုတင်ကြည်သည် တဲသို့လှမ်းလာသောသူများအား လှမ်းအော် ပြီးနောက် ရုံးပင်အရိပ်တွင်ထိုင်ပြီး လူငယ်သုံးယောက်အလာကိုစောင့်ဆိုင်းနေလိုက်သည်။မကြာသောအချိန်တွင်တော့ လူငယ်သုံးယောက်သည် ကိုတင်ကြည်အနားသို့ရောက်လာကြသည်။ထိုလူငယ်များမှာ အခြားသူများမဟုတ် ဘိုးထင်၊ပေတူးနှင့် သာအေးတို့ဖြစ်ကြသည်။သူတို့စုံးယောက် ကိုတင်ကြည်အနားရောက်သွားသည်နှင့် ကိုတင်ကြည်မှ စူးစမ်းသလိုကြည့်လိုက်ကာ

​"မင်းတို့ ဒီရွာကမဟုတ်ဘူးပဲ ကဲ ကဲ ထိုင်ကြအုံးကွာ ငါ့ဆီလာတာ ဘာကိစ္စရှိလို့တုန်းကွ "

​"ဟုတ်တယ် အကိုကြီး ကျုပ်တို့ ဒီရွာကမဟုတ်ဘူး ပေပင်ရွာကပါ ဒီရွာက ဘကြီးမှုန်တို့အိမ်မှာတည်းတာဗျ "

​"အေး အေး ဘကြီးမှုန်အိမ်မှာနေတာလား အေးကွာ ငါလည်း ရွာမှာနေတုန်းက ဘကြီးမှုန်အိမ်ရောက်ဖြစ်ပါတယ် အခုတော့ မရောက်တာတောင်တော်တော်ကြာပါပြီကွာ"

​"ဟုတ်လား အခု ကျုပ်တို့လည်း ဘကြီးမှုန်ကိုမေးပြီး လာတာ အကိုကြီးဒီမှာရှိတယ်ဆိုလို့လေ"

​"ဟုတ်လား ဆိုစမ်းကွာ ဒီအထိတောင်လိုက်လာတယ်ဆိုတော့ ကိစ္စတော့ရှိမှာပေါ့"

​ကိုတင်ကြည်မှထိုသို့မေးလိုက်သည်နှင့် ဘိုးထင်သည် ချက်ခြင်းစကားမဆိုသေးဘဲ သူ၏နံဘေးမှ ပေတူးနှင့် သာအေးအားကြည့်လိုက်သည်။သူတို့အချင်းချင်း အချက်ပြတိုင်ပင်နေကြသည်ကိုသတိထားမိသော ကိုတင်ကြည်သည် သဘောပေါက်စွာပြုံးလိုက်ပြီး

​"ကဲ ငါ့ညီတို့ ဘာမှအားမနာပါနဲ့ကွာ ငါနဲ့ ဘကြီးမှုန်ဆိုတာ တူဝရီးတွေလိုနေတာပါကွ မင်းတို့က ဘကြီးမှုန်မိတ်ဆွေတွေဆိုတော့လည်း ငါ့မိတ်ဆွေတွေပေါ့ ပြောကွာ ပွင့်ပွင့်လင်းလင်းပေါ့"

​ကိုတင်ကြည်မှထိုသို့လမ်းဖွင့်ပေးလာသည်နှင့် ဘိုးထင်တစ်ယောက် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး

​"အင်း မမေးလို့ကလည်းမဖြစ်ဘူးဆိုတော့ မေးပြီဗျာ အကိုကြီးညီ မင်းသက်ဘယ်လိုဆုံးသွားတာလဲဗျ "

​မထင်မှတ်ထားသော ဘိုးထင်၏အမေးစကားကြောင့် ကိုတင်ကြည်မျက်နှာချက်ခြင်းဆိုသလိုတည်သွားပြီး ဘိုးထင်တို့သုံးယောက်အား ခပ်တည်တည်ဖြင့်ပြန်မေးလိုက်သည်။

​"မင်းတို့ကဘာလဲ စုံထောက်တွေလား ငါ့ညီဘာသာ ကျန်းမာရေးနဲ့ဆုံးတာလေ မင်းတို့ ကိစ္စရှိလို့လား"

​ဟန်ဆောင်စကားဆိုနေသည့် ကိုတင်ကြည်၏အမူအယာမှာ လွန်စွာမှသိသာပေသည်။မျက်နှာတွင်သာ ခက်ထန်သောအမူအယာတို့ပြနေသော်လည်း မျက်လုံးတွင်တော့ စိတ်မကောင်းသည့်အငွေ့အသက်တို့ ထင်ပေါ်နေသည်။ဘိုးထင် သည်လည်း ကိုတင်ကြည်ငြင်းမည်ဆိုသည်ကိုထည့်တွက်ထားပြီးသားမို့ သူသိထားသောအကြောင်းအရာများအား ပွင့်ပွင့်လင်းလင်းပြောချလိုက်တော့သည်။

​"အကိုကြီး ကျုပ်သိထားတာလေးတွေ အကိုကြီးကိုပြောပြမယ် ကျုပ်သိထားတာတော့ တခြားမဟုတ်ဘူး ကိုမင်းသက်အသတ်ခံရတယ်ဆိုတာပဲ"

​ဘိုးထင်၏စကားကြောင့် ကိုတင်ကြည်သည် မျက်နှာလွန်စွာပျက်သွားပြီး အကြောက်အကန်ပင်ငြင်းဆိုလေသည်။

​"မင်းတို့မဟုတ်တာတွေ လျှောက်မပြောနဲ့ ငါ့ညီကအသတ်ခံရတာမဟုတ်ဘူး ရေချိုးမှားလို့သေသွားတာ"

​"မဟုတ်တာအကိုရာ ကျုပ်တို့ကို ညာမနေစမ်းပါနဲ့ဗျာ အကိုကြီးညီကိုယ်တိုင်ကကို အသတ်ခံရတယ်လို့ပြောထားတာကို"

​"ငါ့ညီပြောတယ်ဟုတ်လား မင်းတို့ရူးနေလား ငါ့ညီဆုံးသွားတာဖြင့်ကြာလှပြီ"

​"အကိုကြီးညီဆုံးတာ ကြာတာဟုတ်တယ် ဒါပေမဲ့ သူ မကျွတ်သေးဘူးဗျ သချိုင်းမှာရှိနေတုန်းပဲ"

​"မင်းတို့တွေ ငါ့ကို ဇာတ်လမ်းတွေလာဆင်နေတာလား ပေါက်ကရတွေလာပြောနေတာပဲ"

​"ကျုပ်တို့ ပေါက်ကရပြောတာမဟုတ်ဘူး ခင်ဗျားညီကကို ကျုပ်တို့ကိုပြောပြတာ ခင်ဗျားညီသိပ်ကျွတ်လွတ်ချင်နေပြီ သူအခုရောက်နေတဲ့ဘဝမှာ မပျော်ဘူးတဲ့လေ သူ့ခမျာ သူ့ကိုကျွတ်အောင်လုပ်ပေးဖို့ ကျုပ်တို့ကိုအကူညီတောင်းနေတာ"

​"မင်းတို့တွေမဟုတ်တာတွေလာပြောနေတာပဲ မင်းတို့လူလိမ်တွေမလား"

​"ကျုပ်တို့ပြောတဲ့စကားထဲမှာ ခင်ဗျားကိုလိမ်ချင်လို့ပြောတဲ့ပုံစံပေါက်နေလို့လား ခင်ဗျားမယုံဘူးဆို ကျုပ်ပြောပြမယ် ခင်ဗျားညီသေရတာ အဆိပ်မိလို့ပဲ အဆိပ်ခတ်တာကလည်း သူချစ်သူစန္ဒာပဲ ကျုပ်ပြောတာ မှန်တယ်မလား"

​ဘိုးထင်၏စကားကြောင့် ကိုတင်ကြည်တ‌ယောက် လွန်စွာမှအံ့သြနေပြီး ဘိုးထင်အား မယုံကြည်သည့်မျက်လုံးတို့ဖြင့်ကြည့်ကာ

​"အဲ့ကိစ္စမင်း မင်းဘယ်လိုလုပ်ပြီးသိတာလဲ"

​"ခက်ပြီဗျာ ကျုပ်ကို ကိုမင်းသက်ပြောတာပါဆို"

​"မဖြစ်နိုင်တာကွာ ဒီကိစ္စ ငါတစ်ယောက်တည်းသိတာ"

​"ခင်ဗျားကလည်း ကျုပ်ကိုမပြောဖူးဘူးလေ အဲ့တော့ အခုကိစ္စကိုသိတာ ကိုမင်းသက်ပဲရှိတော့တယ်မလား ကျုပ်ပြောတာကို ခင်ဗျားယုံဖို့သင့်နေပြီဗျာ"

​"မင်းတို့ကအသေအချာကြီးပြောနေတာဆိုတော့လည်း ငါယုံပါပြီကွာ ကဲ မင်းလာရင်းကိစ္စကိုပြောဦး"

​"ကိုမင်းသက် ကျွတ်လွတ်ချင်နေပြီတဲ့ အဲ့တော့ အကိုကြီး အနေနဲ့အလှူအတန်းလေးလုပ်ပေးပြီး အမျှဝေပေးသင့်တယ်"

​"အေးပါကွာ ငါလုပ်ပေးလိုက်ပါမယ်"

​"ကျုပ်အဲ့ကိစ္စကိုဖြေရှင်းနေတာ အကိုကြီး ကျုပ်ကိုတစ်ခုလောက်ကူညီပေးနိုင်မလား"

​"ပြောလေ ငါတတ်နိုင်မလားမတတ်နိုင်ဘူးလား စဉ်းစားမယ်"

​"အကိုကြီးတတ်နိုင်ပါတယ် တခြားတော့မဟုတ်ပါဘူး အကိုကြီးညီ ကိုမင်းသက်ဘယ်လိုအဆိပ်မိသွားလဲဆိုတာ အကိုကြီးသိသလောက် ကျုပ်တို့ကိုပြောပြဗျာ"
​ဘိုးထင်မှထိုသို့တောင်းဆိုသလို ပေတူးနှင့် သာအေးသည်လည်းဝိုင်းဝန်းတောင်းဆိုလိုက်သဖြင့် ကိုတင်ကြည်တစ်ယောက်သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး

​"မင်းတို့ပုံကြည့်ရတာ သာမာန်လူတွေတော့မဟုတ်လောက်ဘူး ကဲ ငါပြောပြမယ်ကွာ တစ်ခုတော့ရှိတယ်နော် မင်းတို့ တခြားဘယ်သူ့ကိုမှပြန်ပြောပြလို့မရဘူး ကြားလား"

​"စိတ်ချပါဗျာ ကျုပ်တို့ဘယ်သူ့ကိုမှပြန်မပြောပါဘူး"

​ဤသို့ဖြင့် ကိုတင်ကြည်သည် ဘိုးထင်တို့သုံးယောက်နှင့် အဆင်ပြေသွားပြီမို့ အတိတ်ကဖြစ်ပျက်ခဲ့သော ညီဖြစ်သူ မင်းသက်၏အကြောင်းအား ပြောပြလာပါလေတော့သည်။

◾ အခန်း (၅)

​အသက်ကိုးနှစ်ကျော်မျှကွာသော ညီဖြစ်သူမင်းသက်အား အစ်ကိုဖြစ်သူတင်ကြည်မှ ပြုံးကြည့်ရင်းစကားဆိုလိုက်သည်။

​"မင်းသက် မင်းဆိုတဲ့ကောင်က ရည်းစားတွေဘာတွေတောင်ရနေပြီဆို အဲ့တာဟုတ်လား"

​"အကိုရာ အကိုပဲအမြီးမပေါက်တာ ကျုပ်ကတော့ပေါက်နေပြီ"

​"မင်းဆိုတဲ့ကောင်ကကွာ ညီအစ်ကိုလေးနှစ်ယောက်တည်းရှိတာ ငါ့မှာ သူများပြောမှသိရတယ်လို့ အတော်မဟန်တာပဲ"

"ကျုပ်မပြောဖြစ်တာပါ ဒီနေ့တော့ ပြောရုံတင်မဟုတ်ဘူး အိမ်ကိုပါခေါ်ထားတယ် ကျုပ်တို့နှမ်းခါနေတာကို ထမင်းလာပို့ပေးမလို့တဲ့ဗျယ ကျုပ်ကတစ်ယောက်တည်းရှိတာလို့ ပြောထားတာ အကိုရွာပြန်မယ်လို့ညာထားတာလေ"

​"မင်းဆိုတဲ့ကောင်ကတော့ လုပ်ပြီ ငါ ရွာကိုတကယ်ပြန်ရမှာလား"

​"မပြန်ပါနဲ့ဗျာ ကျုပ်တို့စကားပြောနေတုန်း အကိုကတဲထဲမှာ နေပေး ကျုပ်ကို သူကနှမ်းခါကူမလို့တဲ့လေ"

​"နေပူပူကြီးကိုကွာ"

​"ကျုပ်လည်းပြောတာပဲ အကိုရေ မရဘူးဗျ သူကလုပ်ချင်ရင် ဇွတ်"

​"မင်းကောင်မလေးက မင်းစိန်ညီမ စန္ဒာဆို ဟုတ်လား"

​"ဟုတ်တယ် အကို"

​တင်ကြည်နှင့် မင်းသက်တို့ညီအစ်ကိုနှစ်ယောက်သည် နှမ်းတလင်းအတွင်း နှမ်းစည်းများကိုထောင်ရင်း စကားပြောနေကြခြင်းဖြစ်သည်။နှမ်းများအား နေပြင်းချိန်ရောက်သည့်အခါမှ စောင်အတွင်းထည့်ကာ ခါရသည်မို့ ယခုလိုနံနက်အချိန်ခါတွင်တော့ နှမ်းစည်းများအားထောင်ကာ နေလှမ်းရခြင်းဖြစ်သည်။တင်ကြည်သည် ညီဖြစ်သူမှာ ရည်းစားရနေ သည်ကိုသိသောအခါသဘောကျ၍ ယခုကဲ့သို့ မေးမြန်းနေခြင်းပင်ဖြစ်သည်။ထို့နောက် သူသည် ညီဖြစ်သူ၏ရည်းစားအကြောင်းဆက်လက်မေးမြန်းလိုက်သည်။

​"မင်းသက် နေပါဦး အဲ့စန္ဒာဆိုတဲ့ကောင်မလေးက ဥစ္စာပေါရုပ်ချောပါ မင်းနဲ့ဘယ်လိုကြိုက်သွားတာလဲကွ လုပ်ပါဦး"

​"အကိုရာ ကျုပ်တို့ကငယ်ပေါင်းတွေပဲဟာ ကိုပ်တို့ကြိုက်သွားတာ မဆန်းပါဘူး"

​"မင်းတို့ကြိုက်တာ ခြောက်လလောက်ရှိပြီမလား"

​"သိလှချည်လား အကိုပြောတော့ အခုမှသိသလိုဘာလိုလိုနဲ့"

​"ဟေ့ကောင်ရ မင်းအချိုးပြောင်းတာ ခြောက်လလောက်ရှိပြီ အရင်ကဆို တောတဲအိပ်ရမှာကို တအားပျင်းတဲ့ကောင်က အခုတလော တောတဲလာအိပ်ပြီး အလုပ်ကြိုးစားနေတာသတိထားမိလို့ပေါ့ အဲ့တာကလည်း ခြောက်လဝန်းကျင်လောက်ရှိပြီလေ အခုလည်း ကြည့်ပါလား အရင်ကဆို မင်း အပျင်းကြီးနေတာ အခုလိုမလုပ်ဘူး"

​"တော်တော်များသိသာသွားလား အကိုရာ"

​"သိသာတာပေါ့ဟ တကယ့်ကောင်"

​ညီဖြစ်သူ ရှက်ပြုံးပြုံးသွားသောဟန်ပန်ကိုကြည့်ပြီး ကိုတင်ကြည်တစ်ယောက် သဘောကျနေသည်။ထို့နောက် သူသည် နှမ်းစည်းများကိုထောင်ရင်းဆက်လက်မေးလိုက်ပြန် သည်။

​"မင်းကတော့ ကောင်မလေးကိုကြိုက်တာဟုတ်ပါပြီ ဟိုကောင်မလေးကကော မင်းကိုတကယ်ကြိုက်လို့လား"

"တကယ်ကြိုက်တာပေါ့ အကိုရ ကြိုက်လို့ပဲ အခု ကျုပ်ကိုနှမ်းခါကူမလို့ တောထဲထိလိုက်လာမှာလေ ကျုပ်ကောင်မလေးက ခြေမွေးမီးမလောင်လက်မွေးမီးမလောင်နေရတာ ကျုပ်ကိုချစ်လွန်းလို့ သက်သေပြချင်လို့လာမှာ"

​"ထမင်းလာပို့မယ်ဆိုတော့ ငါ့ဖို့ကောပါလောက်လား"

​"ဟဲ ဟဲ အဲ့တာတော့ပါမှာမဟုတ်ဘူး အကိုရ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကတစ်ယောက်တည်းရှိမှာလို့ပြောထားတာလေ ဘာမှမပူပါနဲ့ အကိုရာ အကို့အတွက် ကျုပ်အစားကြီးကတည်းက ထမင်းနဲ့ဟင်းချက်ထားပြီးသား"

​"အမလေးကွာ မင်းဆိုတဲ့ကောင်ကတော့ တကယ့်ကောင်ပဲ အေးပါကွာ အေးပါ မင်းကောင်မလေးလာတာနဲ့ ငါရှောင်ပေးပါ့မယ် ဟုတ်ပြီလား လက်စသတ်တော့ ထမင်းဟင်း အစောကြီးထချက်နေတာ ဒါကြောင့်ကိုး ထင်တော့ထင်သား"

​"အကိုကလည်းဗျာ အဲ့လိုမဟုတ်ပါဘူး"

​"ရပါတယ်ကွ ရပါတယ် ငါတို့နှမ်းလေး မြန်မြန်ထောင်လိုက်မယ် နေသိပ်မပူရင် မနက်ဖြန်လောက်မှခါရမယ်ထင်တယ် အဲ့တာဆိုရင်တာ့ မင်းတို့အေးဆေးစကားပြောလို့ရတာပေါ့ကွာ အခုအနေအထားက ဒီနေ့လည် နှမ်းခါလို့ရအုံးမှာမဟုတ်လောက်သေးဘူး"

​"အဲ့တာဆိုလည်း ကျုပ်တို့အေးဆေးစကားပြောရတာပေါ့ဗျာ အကိုကြီးရှိမှန်းသိရင် သူရှက်နေလိမ့်မယ် သူလာတာနဲ့ အကိုကြီးတဲထဲသာတန်းပြေးတော့ဗျာ"

​"အေးပါကွာ မင်းနဲ့ကျမှပဲ ငါလည်း တူတူပုန်းရတော့မယ်"

​"ကိုယ့်ညီလေးကို ပါရမီဖြည့်တာပဲ အကိုကြီးရာ"

​"အေးပါကွာ အေးပါ အခုလို မင်းအလုပ်ကြိုးစားပမ်းစားလုပ်နေတာကိုမြင်ရတာနဲ့တင် ငါအတော်ကျေနပ်ပါတယ် ကဲ နှမ်းလည်းထောင်လို့ပြီးတော့မယ် နေ့လယ်စာစားချိန်လည်း ရောက်လုပြီ မင်းကောင်မလေးက အခုထိမလာသေးပါလားကွ"
​ကိုတင်ကြည်ထိုသို့ပြောလိုက်ချိန် ဝါးဖတ်ခမောက်ကလေးဆောင်းပြီး ချိုင့်ကလေးတလုံးကိုဆွဲလာသော မိန်းကလေးတစ်ယောက် ခပ်လှမ်းလှမ်းမှလာနေသည်ကို ညီအစ်ကိုနှစ်ယောက်လုံးတွေ့လိုက်ရလေသည်။မင်းသက်သည် ထိုမိန်းကလေးကိုမြင်သည်နှင့် အစ်ကိုဖြစ်သူအားလက်တို့ကာ

​"အကိုကြီး ဟိုမှာလာနေပြီဗျ အကိုကြီးမြန်မြန်သာသွားတော့ ချောင်းလည်းကြည့်မနေနဲ့ဦးနော်"

​"မင်းကလည်း မကြည့်ပါဘူးကွ တဲထရံပေါက်ကနေပဲ ကွယ်ကြည့်မှာ"

​"အကိုကတော့ဗျာ သွား သွား"

​ညီဖြစ်သူ၏ပြုံးရွှင်နေသောမျက်နှာကိုကြည့်ကာ ကိုတင်ကြည်သဘောကျ၍ရယ်မောလိုက်ပြီး ခပ်မြန်မြန်ပင် တဲဆီသို့သွားလိုက်သည်။ထို့နောက် သူသည် တဲကွပ်ပျစ်ပေါ်တက်ကာ ထရံပေါက်မှနေ၍ နှမ်းတလင်း၏နံဘေးတွင်ရှိသော သစ်ပုံဂံပင်အောက်တွင် မတ်တပ်ရပ်ကာ စကားပြောနေသည့် မင်းသက်နှင့် စန္ဒာအား ချောင်းကြည့်လိုက်သည်။သူမြင်နေရသည်က မင်းသက်သည် စန္ဒာအား ပြုံးရွှင်သောမျက်နှာနှင့်ကြည့်ပြီး စကားဆိုနေသည်ကိုပင်ဖြစ်သည်။ထို့နောက် သူတို့နှစ်ယောက်သည် သစ်ပန်းကန်ပင်အောက်တွင်ထိုင်လိုက်ပြီး စန္ဒာမှ မင်းသက်အား သူမယူလာသည့်ထမင်းချိုင့်ကိုဖွင့်ပြီး ကမ်းပေးလိုက်သည်။မင်းသက်သည်လည်း ပြုံးရွှင်နေသောမျက်နှာဖြင့် စန္ဒာအားကြည့်၍ထမင်းစားနေသည်။ထမင်းစား နေရင်းမကြာသောအချိန်မှာပင် မင်းသက်တစ်ယောက် သူ၏ ရှေ့တွင်ရှိသော စန္ဒာအားမယုံကြည်ဟန်ဖြင့်ကြည့်လိုက်ပြီး စကားခပ်မြန်မြန်ပြောကာ တဲဖက်သို့ပြေးလာလေသည်။စန္ဒာမှာဖြင့် စိတ်မကောင်းသည့်ဟန်ဖြင့် သူမယူလာသော ထမင်းချိုင့်ကိုပင်ပြန်မယူတော့ဘဲ သစ်ပန်းကန်ပင်အောက်မှနေ၍ ထွက်ခွာသွားလေသည်။တဲထရံပေါက်မှ ချောင်းကြည့်နေသည့်ကိုတင်ကြည်သည် သူမြင်လိုက်ရသော ထူးဆန်းသည့်အဖြစ်ပျက်ကြောင့် သူရှိရာတဲဆီသို့ပြေးလာသော မင်းသက်အား ဆီးကြိုကာမေးမြန်းလိုက်မိသည် ။

​"ငါ့ညီ ဘာဖြစ်တာလဲကွာ မင်းတို့စကားများကြတာလား ရုတ်တရက်ကြီးကွာ"

​"အကို ကျုပ် ကျုပ်ရင်တွေပူတယ် ကျုပ်ရင်တွေပူတယ် ရေ ရေသောက်ချင်တယ်"

​"ဟေ့ကောင် မင်းသက် မင်းဘာဖြစ်တာလဲ မင်းမျက်နှာမှာလဲ ချွေးတွေပျံနေပါလား"

​မင်းသက်သည် ကိုတင်ကြည်၏အမေးစကားအားပြန်မဖြေအားသေးဘဲ ရေအိုးကို အိုးလိုက်မော့ကာသောက်နေလေသည်။ရေများသည် သူ၏ရင်ဘတ်အဝတ်အစားပေါ်အထိလျှံကျပြီး စိုရွှဲသွား၏။ရေကိုအငမ်းမရသောက်ပြီးနောက် သူ၏လက်ထဲမှ မြှောက်ထားသောအိုးအား လွှတ်ချလိုက်ကာ တဲကွပ်ပျစ်တွင်ထိုင်ပြီး အစ်ကိုဖြစ်သူအား မျက်လုံးပြူးကြည့်ကာ စကားဆိုလေသည်။

​"အကို ကျုပ် ရင်ဘတ်တွေတအားပူနေတယ် မျက်လုံးတွေလည်း ပြာလာပြီ"

​"မင်းဘာဖြစ်တာလဲ မင်းကိုကြည့်ရတာ အဆိပ်မိနေသလိုပဲ မင်း မင်းကို ဟိုကောင်မလေးအဆိပ်ခတ်တာလား ငါ့ညီ ဟာကွာ တောက်"

​ညီဖြစ်သူ၏ စိတ်မချမ်းမြေ့စရာအသွင်သဏ္ဍာန်ကြောင့် ကိုတင်ကြည်လွန်စွာမှ ဒေါသထွက်ကာ တဲထရံတွင်ထိုးထားသော ကြံခုတ်ဓားအားယူလိုက်သည်။ထိုအခါ မင်းသက်သည် ဒယီးဒယိုင်ဖြင့်ထလာပြီး အစ်ကိုဖြစ်သူ၏ခြေသလုံးကိုဖက်၍ အားယူကာ စကားဆိုလေသည်။

​"အ အကို ကျုပ် ကျုပ်ပြောတာကိုနားထောင်ပါဦးဗျာ ကျုပ် ကျုပ်မနေရလောက်တော့ဘူး ကျုပ် ကျုပ်မသေခင် ကျုပ်ကိုကတိပေးစမ်းပါ"

​"မင်းဘာတွေပြောနေတာတုန်းကွာ ရွာပြန်ဆေးကုမယ် ပြီးရင် ဟိုကောင်မလေးကို ငါသတ်ပစ်မယ်"

​"အကို ကျုပ်ကိုချစ်တယ်ဆို စန္ဒာကိုဘာမှမလုပ်ပါနဲ့ဗျာ ကျုပ်တောင်းပန်ပါတယ် ကျုပ်သေရတော့မယ် ကျုပ်သိတယ် ကျုပ်ရင်ဘတ်ထဲက တအားပူနေပြီ"

​"ဟေ့ကောင် မင်းဘာတွေပြောနေတာလဲ ငါ့ညီရာ မင်း ဘာလို့သေရမှာလဲ မင်းမှာ ဘာအပြစ်ရှိလို့လဲကွာ"

​"အကို အကိုကျုပ်ပြောတာကိုသာသေချာနားထောင်ပါဗျာ ကျုပ်ပြောတာကိုသာ သေချာနားထောင်ပေးပါ"

​မျက်နှာမှချွေးသီးချွေးပေါက်များထွက်ပြီး ပြင်းစွာသောဝေဒနာကိုခံစားနေရသည့် ညီဖြစ်သူအား လွန်စွာမှသနားသဖြင့် ဓားအား ခပ်လှမ်းလှမ်းသို့ပစ်ချကာ သူ၏ခြေသလုံးကိုဖက်ထားသည့် ညီဖြစ်သူကိုထူပြီး တဲကွပ်ပျစ်ပေါ်တွင် လှဲသိပ်လိုက်သည်။ထို့နောက်သူသည် ညီဖြစ်သူ၏နဖူးကိုသပ်ကာ

​"ငါ့ညီ မင်းဘာပြောချင်တာလဲ ပြောတော့ကွယ်"

​"ကျုပ်ကိုကတိပေးပါ ကျုပ်ပေးတဲ့ကတိကို အကိုဖျက်ရင် ကျုပ်တစ်သက်လုံး ငရဲကမလွတ်ပါစေနဲ့ဗျာ"

​"ဟေ့ကောင် မင်းဘာတွေပြောနေတာလဲ ပြောကွာ မင်းဘာကတိတောင်းမှာလဲ ငါပေးမယ်ကွယ်"

​"ကျုပ် ကျုပ်အဆိပ်မိတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောပါနဲ့ဗျာ ဒီအတိုင်း နေမကောင်းဖြစ်ပြီး ယသေတာလို့ပြောပေးပါ ပြီးတော့ စန္ဒာ့ကို အကို လုံးဝမထိနဲ့ ကျုပ်ကို ဒီကတိပေးပါ ပေးပါ အကို"

​"ညီလေး မင်း မင်း"

​"ကတိပေးပါ အကို ကျုပ်ကိုကတိပေးပါ ကျုပ် ကျုပ်မျက်နှာကြောင့်လို့ အောက်မေ့ပါဗျာ"

​"ပေးတယ် ညီလေးရာ အကို ကတိပေးတယ်"

​"အကိုတကယ်ပြောတာလား အကိုကတိတည်ရမယ်နော်"

​"အေးပါ ညီလေး အေးပါ အကိုကတိတည်ပါမယ်"

​ကိုတင်ကြည်မှကတိပေးလိုက်ရာ မင်းသက်သည် ပြင်းစွာသောဝေဒနာကိုခံစားနေရသည့်ကြားမှ ခပ်ယဲ့ယဲ့ကလေး တစ်ချက်ပြုံးလိုက်ပြီးနောက် ကိုတင်ကြည်အားကြည့်ပြီး ငြိမ်သက်သွားပါလေတော့သည်။

​◾ အခန်း (၆)
​ကိုတင်ကြည်တစ်ယောက် ညီဖြစ်သူဆုံးပါးသွားသော အချိန်အားပြန်ပြောင်းပြောပြီးနောက် မျက်ဝန်းမှရစ်ဝဲလာသော မျက်ရည်တို့အား ပုဆိုးစနှင့်သုတ်လိုက်ပြီး

​“အဲ့တာပဲ ကျန်တာတော့ ငါလည်းဘာမှမသိဘူး အစက တော့ ငါ့ညီကိုပေးထားတဲ့ကတိကိုဖျက်ပြီး ဟိုကောင်မလေးကို လက်စားချေမလို့လုပ်သေးတယ် သိပ်မကြာပါဘူး အဲ့ကောင်မလေးရူးသွားတာနဲ့ ငါလည်းဘာမှမလုပ်တော့တာ“

​“စဉ်းစားရတာတော့ ခက်တယ်ဗျာ အကိုကြီးကော ဘယ်လိုထင်လဲ ကိုမင်းသက်ကို တကယ်ပဲ မစန္ဒာအဆိပ်ခတ်တယ်လို့ ထင်လား”

​“အစကတော့ ငါလည်းအဲ့လိုပဲထင်တာ ဒါပေမဲ့ မင်းသက်ဆုံးတာ သူကြောင့်လို့ သူလည်းအခုထိမသိဘူး ပြီးတော့ သူ ငါ့ညီကိုမြေချတော့ အတော်ကိုငိုတယ်ကွ သူဘယ်လောက်ခံစားရလဲဆိုတာ မြင်တာနဲ့ငါသိတယ် အဲ့တာတွေကြောင့်လည်းရန်မပြုတာပေါ့ကွာ နောက်တော့ သူလည်း ရူးသွားတယ် ငါအထင်တော့ ငါတို့မသိသေးတဲ့ ပြဿနာတစ်ခုတော့ ရှိလောက်သေးတယ် အဲ့ကောင်မလေးရဲ့ အမွေကိစ္စတွေနဲ့ ဆိုင်မယ်ထင်တယ်“

​“အကိုကြီးအမြင်လေးဆက်ပြောပါဦးဗျ”

​“ငါ့အမြင်ကတော့ရှင်းတယ် ဟိုကောင်မလေးကို အဆိပ်ခတ်တာ ငါ့ညီခံသွားရတယ်လို့ပဲထင်တယ် ငါလည်း အေးအေးချမ်းချမ်းနေချင်တယ်ကွာ နောက်တစ်ခါ အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ငါ့ဆီမလာကြပါတော့နဲ့ကွာ ကြားလား အခု မင်းတို့ကိုပြောတယ်ဆိုတာကလည်း နောက်မလာအောင်လို့ တစ်ခါတည်းပြောပြထားတာ ကဲ မင်းတို့လည်း သွားတော့ကွာ ငါ့ညီအတွက် ငါအလှူလေးလုပ်ပေးလိုက်မယ်”

​ကိုတင်ကြည်သည်ထိုသို့ပြောပြီး သစ်ပင်အရိပ်မှထွက်ကာ လက်ထဲမှဓားဖြင့် ယာကွက်အတွင်းရှိ သစ်ပင်များကိုလိုက်လံခုတ်နေလေသည်။ထို့ကြောင့် ဘိုးထင်တို့သည်လည်း ကိုတင်ကြည်အားနှုတ်ဆက်ကာ ရွာသို့ပြန်လာခဲ့ကြသည်။ရွာအပြန်လမ်းတွင်တော့ သူတို့သည် အချိန်အတန်ကြာသည်အထိ မည်သည့်စကားမှမပြောဖြစ်ကြဘဲ အတွေးကိုယ်စီနှင့်ငြိမ်သက်စွာ လမ်းလျှောက်နေကြသည်။ထို့နောက် ပေတူးသည် ဘိုးထင်အားကြည့်လိုက်ပြီး

​“ကဲ ဘိုးထင် ငါတို့ဘယ်လိုဆက်လုပ်မလဲ အဖြူအမဲတော့ နည်းနည်းသဲကွဲလာပြီ ငါ့စိတ်အထင်ဆိုရင်တော့ မစန္ဒာမှာ အတော်ကိုရန်များနေပြီ”

​“ငါလည်း အဲ့လိုပဲထင်တယ် ကိုမင်းသက်ကို အဆိပ်ခတ်တာ မစန္ဒာလုံးဝမဖြစ်နိုင်ဘူး”

​“ဘယ်လိုလဲ မင်း အဲ့ကိစ္စ မစန္ဒာကိုပြောပြမှာလား”

​“ပြောတော့ပြောပြရမှာပေါ့ ကဲကွာ တို့လည်းရွာမြန်မြန်ပြန်စို့ အခုည မစန္ဒာအိမ်မှာထူးလိမ့်မယ် ငါတို့မိုးမချုပ်ခင် ရောက်နေမှဖြစ်မယ်“

​“အေးလေ အဲ့တာဆိုလည်းသွားကြတာပေါ့ ဘိုးထင် မင်းသေချာဂရုစိုက်ကွာ”

​အမှတ်မထင်ပြောလာသောစကားကြောင့် ဘိုးထင်သည် ပေတူးအားကြည့်လိုက်ပြီး

​“ပေတူး မင်းကိုကြည့်ရတာ တစ်မျိုးပဲ မင်းဘာဖြစ်နေတာလဲ မင်းက ငါ့ကို ဟိုအောက်လမ်းကောင်လောက်မစွမ်းဘူး ထင်နေတာလား”

​“အဲ့လိုမဟုတ်ပါဘူးကွာ မင်းပညာတော်တာကို ငါသိပါတယ် ဒါပေမဲ့ကွာ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်“

​“ဘာလဲ မင်း ငါတို့ အောက်လမ်းပညာတွေ မကောင်းကြောင်းပြန်မြင်နေပြန်ပြီလား”

​“ငါလည်းမပြောတတ်ဘူးကွာ ငါ့ကိုယ်ငါလည်း ဘာဖြစ်ချင်နေမှန်းမသိဘူး”

​“ဘာဖြစ်ချင်တာမှမဟုတ်ဘူး ထန်းရည်မသောက်ရလို့ မကြောင်နေတာပဲနေမှာပေါ့ ဒီကိစ္စပြီးရင်တော့ ရွာပြန်ပြီး အေးအေးဆေးဆေးထန်းရည်သောက်မယ်ကွာ ကိုမြကြီးတို့လည်း ငါတို့ကိုမျှော်နေလောက်ပြီ ငါတို့ကူညီလို့ အဆင်ပြေသွားတော့ ထန်းရည်တိုက်ချင်နေလောက်‌ရောပေါ့ ”

​“အဲ့တာတော့ဟုတ်တယ် အမှန်ဆို အခုကိစ္စက တို့နဲ့မဆိုင်ဘူး မစန္ဒာကို အိမ်ထားခဲ့ရင် ပြီးနေပြီ”

​“အဲ့လိုလုပ်လို့လည်း ဘယ်ဖြစ်မလဲ သာအေးရာ ပြောမဲ့သာပြောရတာ ငါတို့ကလည်း စပ်စပ်စုစုကောင်တွေဆိုတော့ အခုလိုလုပ်‌နေတာ သိချင်နေတာလည်းပါတာပေါ့ကွာ ကဲ ကဲ အခုညတော့ တစ်ပွဲတစ်လမ်းလေးနွှဲလိုက်ကြတာ‌ပေါ့“

​ဤသို့ဖြင့် ဘိုးထင်တို့သုံးယောက်သည် စကားတပြောပြောနှင့် ညောင်ပင်စုရွာဆီသို့ဝင်လိုက်ကြပါလေတော့သည်။

​◾ အခန်း (၇)

​နီကျင်ကျင်နေလုံးကြီးသည် နေဝင်ချိန်၌အနည်းငယ်တိမ်တောက်ပြီးသည်နှင့် အနောက်ဖက်ဆီသို့ တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားသည်။နေလုံးကြီးပျောက်ကွယ်သွားမှုနှင့်အတူ အမှောင်ထုသည်လည်း စတင်ကြီးစိုးလာပြီဖြစ်သည်။ ယခု ညောင်ပင်စုရွာလေးတွင်တော့ ရေနံဆီမီးခွက်အလင်း ရောင်တို့သည် သက်ကယ်မိုးထရံကာအိမ်များ၏ထရံပေါက်အကြားမှ ခုန်‌ထွက်လို့နေသည်။ထို့အတူ အိမ်ကြီးအိမ် ကောင်းများတွင်လည်း ရေနံဆီမီးထွန်းထားသည်ကိုလည်း အတိုင်းသားမြင်နေရသည်။တစ်ရွာလုံးထွန်းထားသော ရေနံဆီမီးခွက်အလင်းရောင်သည် ညအချိန်လင့်လာသည်နှင့် တအိမ်ပြီး တအိမ်ငြိမ်းသက်သွားကြ၏။ယခုရေနံဆီမီးခွက်ထွန်းထားသောအိမ်မှာ တအိမ်နှစ်အိမ်မျှသာ ကျန်တော့လေ သည်။​ဘိုးထင်၊ ပေတူး၊ သာအေးတို့ရောက်ရှိနေသည့် စန္ဒာ၏နေအိမ်တွင် ရေနံဆီမီးခွက်အလင်းရောင်ရနေသေးသည်။အိမ်အောက်ကွပ်ပျစ်တွင်တော့ စန္ဒာနှင့် ဒေါ်သဲဦးထိုင်နေပြီး သူမတို့နှင့်မလှမ်းမကမ်းရှိ စားပွဲတန်းလျားတွင်တော့ ဘိုးထင်တို့သုံးယောက် ထိုင်နေကြသည်။ထို့နောက် ဘိုးထင်သည် စန္ဒာအားကြည့်လိုက်ကာ

​“အမတို့အိပ်ချင်ရင် အိမ်ပေါ်တက်အိပ်ကြတော့လေ“

​“မအိပ်သေးပါဘူးကွယ် အမဖြင့် ဒီညအိပ်လို့တောင်ရမယ်မထင်ဘူး အခုအချိန်ထိတော့ဘာမှမထူးခြားသေးဘူးနော်“
​“ဟုတ်တယ်အမ အခုထိတော့မထူးသေးဘူး”

​“အမကတော့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပါတယ် မောင်လေးတို့ကိုလည်းအားနာလှပြီ သွေးမတော် သားမစပ်ဘဲ အမကိုအလကားကူညီနေရတာ အကိုအရင်းတ ယောက်လုံးရှိပါရဲ့နဲ့ အကိုအရင်းကိုပြန်ကြောက်နေရတဲ့ဘဝတော်တော့်ကိုကံဆိုးပါတယ်“

စန္ဒာသည် စိတ်ပျက်အားငယ်သည့်ဟန်ဖြင့် ထိုသို့ပြောလိုက်ရာ ဘိုးထင်၊ပေတူးနှင့် သာအေးတို့သည် စန္ဒာအားပြုံးပြလိုက်ပြီး အားမနာရန်နှစ်သိမ့်လိုက်လေသည်။

​“အမကလည်း ဘာအားနာစရာလိုလို့လဲ ဘိုးထင်က ဒီအောက်လမ်းဆရာကိုနှိမ်နင်းပြီးရင် ပွဲကပြီးနေပြီကို“

​“ပေတူးပြောတာဟုတ်တယ် အမ ကျုပ်တို့ကိုဘာမှအားမနာနဲ့ ဒီလောက်ကတော့ ကျုပ်တို့အတွက်စာမဖွဲ့ပါဘူး“

​“ဟုတ်တယ်အမ အမကိုပြုစားတဲ့ အောက်လမ်းဆရာကို ကျုပ်ကောင်းကောင်း ဆုံးမလိုက်မယ် အဲ့တာဆို ပြီးပြီ နောက် နောင်အမကို နှောင့်ယှက်ပါဆိုတောင် မနှောင့်ယှက်ရဲအောင် ကျုပ်လုပ်ပေးခဲ့မယ်”

​ဘိုးထင်တို့၏အားတက်ဖွယ်စကားများကြောင့် စန္ဒာသည်သာမက ဒေါ်သဲဦးပါကျေနပ်သွားကြ၏။ဤသို့ သူတို့စကား ပြောနေချိန်မှာပင် အိမ်ကြီးပေါ်မှ အမျိုးသမီးတစ်ယောက်၏ ညည်းသံ ရုတ်တရက်ဆိုသလိုပေါ်ထွက်လာလေသည်။ထိုအသံကြောင့် ဒေါ်သဲဦးနှင့် စန္ဒာသည် ကြောက်လန့်သွားပြီး ဘိုးထင်တို့ထိုင်နေသည့် တန်းလျားအနားသို့ပြေးလာကြလေသည်။

​“ဘာ ဘာသံကြီးလဲ ညည်းသံကြီးမဟုတ်လား ငါ့မောင်”

​“အမတို့ ကျုပ်တို့ရှိတယ် ဘာမှမကြောက်နဲ့ အမတို့ကိုဘယ်သူမှအန္တရာယ်မပေးစေရဘူး သာအေးနဲ့ ပေတူး အမနဲ့ အမကြီးကို မင်းတို့နှစ်ယောက်ကြားထဲ ထိုင်ခိုင်းလိုက် ငါအိမ်ပေါ်တက်ကြည့်လိုက်မယ်“

​ဘိုးထင်သည် ထိုသို့ပြောပြီး တန်းလျားမှ မတ်တတ်ထရပ်ထလိုက်ကာ အိမ်ပေါ်သို့တက်သွားလိုက်သည်။အိမ်ပေါ်တွင်တော့ ရေနံဆီမီးခွက်ထွန်းထားပြီး ရေနံဆီမီးခွက်၏ အလင်းရောင်သည် အိမ်တအိမ်လုံးကို အထိုက်အလျှောက်လင်းစေသည်။ဘိုးထင်အိမ်ပေါ်ရောက်သည်နှင့် ညည်းသံသည်လည်း ရုတ်တရက်ပျောက်ကွယ်သွားပြီး ထန်းလက်ဖြင့်ပြုလုပ်ထားသည့် ပက်လက်ကုလားထိုင်မှာစတင်လှုပ်ရှားလာပြီး လူတစ်ယောက်မှ ပစ်ပေါက်လိုက်သည့်အလား ဘိုးထင်ထံသို့ အရှိန်ပြင်းစွာဖြင့်ဝင်လာလေသည်။ဘိုးထင်သည်ကား သတိနှင့်နေသူမို့ ထိုကုလားထိုင်အား အသာအယာပင်ရှောင်တိမ်းလိုက်နိုင်သည်။သူ့အားမထိသော်လည်း အိမ်နံရံပျဉ်ပြားများကိုထိ၍ အသံကျယ်လောင်စွာထွက်ပေါ်လာရာ အိမ်အောက်မှ သာအေးနှင့် ပေတူးသည် အော်ဟစ်မေးမြန်းလိုက်သည်။

​“ဘိုးထင် ဘိုးထင် ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား ငါတို့တက်ခဲ့ရမလား”

​“ရတယ် ရတယ် အမတို့နဲ့ပဲနေ ငါဘာမှမဖြစ်ဘူး”

​“အေး အေး လိုအပ်ရင် ငါတို့ကိုခေါ်လိုက်”


​ဘိုးထင်သည် နောက်ထပ်စကားထပ်မဆိုတော့ဘဲ အိမ်ခေါင်တိုင်အားအသေအချာကြည့်လိုက်သည်။ဘိုးထင်အိမ်ခေါင်တိုင်ကိုကြည့်နေချိန်မှာပင် ရေနံဆီမီးခွက်သည် တဆတ်ဆတ်နှင့်လှုပ်ပြီး အပေါ်သို့မြောက်တက်လာရာ ဘိုးထင်တစ်ယောက် မီးခွက်ကိုကြည့်ပြီး မန္တန်တစ်ပုဒ်ကိုရွတ်လိုက်သည် ထိုအခါမှ မီးခွက်သည် ပြန်ငြိမ်သွားပြီး မိန်းမတစ်ယောက်၏ညည်းသံသည်လည်း ပျောက်ကွယ်လို့သွား၏။ ဘိုးထင်သည် မန္တန်အား ခပ်တိုးတိုးဆက်ရွတ်လျက်ကပင် ခေါင်းရင်းအိမ်တိုင်ကိုလက်ဖြင့်ကိုင်ကာ သုံးလေးချက်ပုတ်လိုက်ချိန်တွင်တော့ တိုင်ထိပ်မှနေ၍ အဝတ်စုတ်ထုတ် တစ်ထုပ်ပြုတ်ကျလာသည်။ဘိုးထင်သည်လည်း ထိုအဝတ်ထုပ်ကို ကောက်ယူပြီး အိမ်အောက်သို့ပြန်ဆင်းလာခဲ့သည်။ဘိုးထင် အိမ်အောက်ပြန်ရောက်သည့်အခါ ပေတူးနှင့် သာအေးသည် အိမ်ဝိုင်းအဝင်ဝအား လက်ညှိုးထိုးပြလေသည်။အိမ်ဝိုင်းအဝင်ဝတွင်တော့ အရပ်ခြောက်ပေကျော်ခန့်ရှိပြီး တစ်ကိုယ်လုံးမဲနက်နေသည့်လူကြီးသည် လက်တွင်လူဦးခေါင်းခွံတစ်ခုကိုကိုင်ကာ အိမ်အောက်မှ သူတို့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့်ပင် စန္ဒာနှင့် ဒေါ်သဲဦးမှာ ကြောက်လန့်၍ သူမတို့၏မျက်နှာအား စားပွဲခုံနှင့်ကပ်ထားလိုက်ကြသည်။ဘိုးထင်သည်ကား ထိုလူမဲကြီးကိုကြည့်၍ တစ်ချက်ပြုံးလိုက်ပြီး သာအေးနှင့် ပေတူးကိုလက်ကာပြကာ ထိုလူကြီးအနား သွားလိုက်သည်။သူအနားရောက်သွားသည်နှင့် အသားမဲနက်ပြီး အင်္ကျီမပါ ပုဆိုးကွက်ထောက်ကိုတိုတိုဝတ်ထားသောလူကြီးသည် ဘိုးထင်အား မကျေမနပ်ကြည့်ကာ လက်ထဲမှ ဦးခေါင်းခွံဖြင့်ပစ်ပေါက်လေသည်။ဘိုးထင်သည် ထိုလူကြီးပေါက်လိုက်သည့် ဦးခေါင်းခွံအား ဖမ်းလိုက်ကာ လက်ထဲမှ ဦးခေါင်းခွံကြီးအားကြည့်ပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

​“‌တောကါ ဒီလောက်ပညာနဲ့ ငါ့ကို လာစမ်းနေတယ် မင်းပညာလောက်က မျက်လှည့်ပြစားလို့ပဲရမယ်“

​ဘိုးထင်သည် ထိုသို့ပြောပြီးပြီး သူ၏လက်အတွင်းမှ ဦးခေါင်းခွံကိုကိုင်ကာ မန္တန်တစ်ပုဒ်အားရွတ်လိုက်ပြီး သူ့အားဦးခေါင်းခွံနှင့်ပစ်ပေါက်သော လူကြီးထံပြန်လည်ပစ်ပေါက်လိုက်၏။လူမဲကြီးသည် ဘိုးထင်ပစ်လွှတ်လိုက်သော ဦးခေါင်းခွံအားဖမ်းလိုက်ချိန် မြေပြင်သို့ဒူးထောက်ကျသွားပြီး လှုပ်မရတော့ပေ။ထိုအခါမှ ဘိုးထင်သည် လူမဲကြီးအရှေ့သိုသွားပြီး အသံခပ်မာမာနှင့် မေးလိုက်သည်။

​“မင်းစကားပြောနိုင်လား"

​“ပြောနိုင်တယ်“

​“ကောင်းပြီ မင်းကိုဘယ်သူခိုင်းတာလဲ“

​“အောက်လမ်းစိုးတင့်“

​“ဟုတ်ပြီ မင်းငါ့မန္တန်မိသွားပြီ အဲ့တော့ မင်းဘယ်လိုလုပ်မလဲ“
​“ငါ့ ငါ့ကိုလွှတ်ပေးပါ ငါ စိုးတင့်အတင်းခိုင်းလို့လုပ်ရတာ“

​“စိုးတင့် နောက်ထပ်ဘာတွေထပ်တိုက်ထားသေးလဲ“

​ဘိုးထင်သည် ထိုသို့ပြောပြီး အိမ်ပေါ်မှယူလာသော အဝတ်ထုပ်အား မြေပြင်သို့ပစ်ချကာ သစ်သားမီးခြစ်ကိုထုတ်ပြီး တဆက်တည်းဆိုသလို ထိုအထုပ်အား မီးရှို့လိုက်သည်။ အထုပ်ကိုမီးရှို့လိုက်သည်နှင့် မဲနက်သော မီးခိုးငွေ့တို့သည် မီးစာနှင့်မလိုက်အောင် ထွက်လာပြီး အချိန်ခဏအတွင်းမှာပင်ပြာဖြစ်သွားသည်။ထို့နောက် ဘိုးထင်သည် သစ်သားမီးခြစ်ကိုသိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကိုပုတ်ကာခါလိုက်ပြီး သူ၏အရှေ့တွင် ဦးခေါင်းခွံကိုကိုင်ထားသည့် လူမဲ စစစကြီးအားကြည့်ကာ အသံခပ်မာမာနှင့်စကားဆိုလိုက်ပြန် သည်။

​“ကဲ မင်းကိုလည်း အခုအစီအရင်မီးရှို့သလို မီးရှို့လိုက်ရမလား"

​“မ မလုပ်ပါနဲ့ ကြောက် ကြောက်ပါတယ် “

​“ငါမင်းကို မီး‌လောင်တိုက်မသွင်းစေချင်ရင် မင်းတစ်ခုလုပ်ပေးရမယ်”

​“ပြော ပြောပါ”

​“တခြားတော့ မဟုတ်ဘူး စိုးတင့် အင်းတွေထားထားတယ်မလား"

"ဟုတ်တယ် ထားထားတယ် "

"ကဲ အဲ့တာဆို သူထား ထားထားတဲ့ အင်းတွေကို ငါ့ကိုလိုက်ပြစမ်းကွာ ”

​ထိုသို့ဘိုးထင်ပြောလိုက်ရာ လူမဲကြီးသည် ဦးခေါင်းကိုညိတ်ပြပြီး

​“ငါပြမယ် ငါ့ကိုလွှတ်ပေး"

​“ကောင်းပြီလေ“

​ဘိုးထင်သည် ထိုသို့ပြောပြီး မန္တန်တစ်ပုဒ်ကိုရွတ်လိုက်ရာ ဒူးထောက်နေသည့်လူမဲကြီး မတ်တပ်ရပ်လို့ရသွားတော့ သည်။ထို့နောက် လူမဲကြီးသည် ဘိုးထင်၏အရှေ့မှနေ၍ အိမ်ဝိုင်းထောင့်လေးထောင့်လုံးအား လက်ညှိုးနှင့်ထိုး၍ လိုက်လံပြလေတော့သည်။ဘိုးထင်သည်လည်း ထိုနေရာများအား ဝါးခြမ်းပြားများနှင့်ထိုးကာ မှတ်သားထားပြီး လူမဲကြီးအား မေးမြန်းလိုက်ပြန်သည်။

​“ဒီထဲမှာ အင်းတွေရှိတာလား”

​“ဟုတ်တယ် မသာချတုန်းက ခွဲတဲ့အိုးခြမ်းပဲ့နဲ့ အင်းချထားတာ”

​“မင်းကို ဒီအင်းစောင့်ဖို့ခိုင်းထားတာလား”

​“ဟုတ်တယ်“

​“ကောင်းပြီလေ ငါ ဒီအင်းတွေကိုဖျက်လိုက်မယ် မင်းလည်း သွားတော့ ရပြီ”

​“ငါ့ ငါ့ကို စိုးအောက်လမ်းဆရာကနှိပ်စက်လိမ့်မယ်“

​“ဘာမှမပူနဲ့ သူလုပ်တဲ့ဟာ သူပြန်ထိရလိမ့်မယ်”

​ဘိုးထင်သည် ထိုသို့ပြောပြီး မေးငေါ့ကာ လူမဲကြီးအား အိမ်အပြင်သို့ထွက်ရန် အမူအရာနှင့်ပြလိုက်သည်။လူမဲကြီးထွက်သွားသည့်အခါမှ သူသည် အိမ်အောက်တွင်ရှိနေသော ပေတူးနှင့် သာအေး တို့အား လှမ်း၍စကားဆိုလိုက်သည်။

​“ဟေ့ သာအေး အကုန်လာခဲ့ကွာ တလယ်ပါ ပါယူခဲ့ကွာ မီးခွက်ကော”

​“အေး အေး”

​ဘိုးထင်၏စကားကြောင့် အိမ်အောက်တွင်ရှိနေသူအားလုံး ဘိုးထင်အနားသို့ ရောက်လာကြသည်။ထို့နောက် ဘိုးထင် သည် တူရွင်းကိုင်ထားသော သာအေးအား သူဝါးခြမ်းပြားများ စိုက်ပြီးမှတ်ထားသော နေရာများသို့ တူးခိုင်းလိုက်သည်။တစ်တောင်ခန့်တူးပြီးသည့်အခါ အဝတ်စုတ်ဖြင့် ထုတ်ထားသော အိုးခြမ်းပဲ့များကိုတွေ့လိုက်ရပြီး ထိုအိုးခြမ်းပဲ့တွင် အကွက်ချထားသောအင်းများကိုပါ တွေ့လိုက်ရသည်။ကျန်သူအားလုံး အံ့သြနေပေမယ့် ဘိုးထင်သည်ကား ထိုအိုးခြမ်းပဲ့အင်းများကို ကိုင်ကြည့်ကာ တစ်ခုခုအားတွေးမိပြီး ပြုံးနေပါလေတော့ သည်။