◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင်(ပထမပိုင်း)

◾အောက်လမ်းဘိုးထင် နှင့် လောဘရဲ့သားကောင်(ပထမပိုင်း)

12 Jun, 2026
◾အခန်း (၁)

​ညောင်ပင်စုရွာလေး၌ညနေအချိန်ခါမို့ လှည်းလမ်းမထက်တွင် ရွာပြင်စားကျက်၌ လွှတ်ကျောင်းခံရသော နွားများသည် ဆော့ကစားရင်းပြန်ဝင်လာကြသည်။ထိုအချိန်ကိုဖြင့် ကျေးလက်တောရွာများတွင် နွားရိုင်းသွင်းချိန်ဟုခေါ်ကြကာ ကလေးသူငယ်များအား အသေအချာဂရုစိုက်ရသော အချိန်အခါလည်းဖြစ်သည်။တစ်ရွာလုံးမှနွားများသည် စုပြုံ၍ ဝင်ရောက်လာချိန်မို့ တစ်ခါတလေ၌ နွားများသည် တိုးဝှေ့ပြေးတတ်ရာ ရွာဝင်လမ်းတွင် နွားများ၏အော်သံ၊တွန်သံများ ဆူညံနေတတ်သည်။နွားကျောင်းသားလေးများသည်လည်း အော်ဟစ်ငေါက်ငမ်းကာ သူတို့၏နွားများအား အနောက်မှနေ၍ ထိန်းကျောင်းလို့နေသည်။နွားများအားလုံး ရွာအတွင်းသို့အကုန်ဝင်ပြီးသွားချိန်တွင် အနောက်ဘက်မှ နေလုံးကြီးသည်လည်း ငုတ်လျှိုးပျောက်ကွယ်လုပြီဖြစ်သည်။ထိုအချိန်မျိုးတွင်တော့ ရွာဝင်လမ်းတွင် အသွားအလာများရှင်းသလောက်ဖြစ်သွားပြီဖြစ်၏။ယခု ရွာအဝင်လမ်းမှ‌နေ၍ ရွာထဲသို့ လူလေးယောက်လမ်းလျှောက်လာနေသည်။သူတို့မှာ တခြားသူများမဟုတ် ဘိုးထင်၊သာအေး၊ပေတူးနှင့် စန္ဒာတို့ဖြစ်ကြသည်။သူတို့ ရွာအတွင်းသို့ရောက်လုလုအချိန်မှာပင် စန္ဒာသည် သူမလှမ်းနေသည့်ခြေလှမ်းတို့အား ရပ်တန့်လိုက် ကာ သူတို့သွားနေသည့်လမ်းအား‌လှမ်းကြည့်ရင်းက စကားဆိုလေသည်။

​"အမ အမ ရွာထဲဝင်ရမှာကိုကြောက်နေတယ် သူတို့ အမကို ထပ်ဒုက္ခထပ်‌ပေးမှာကိုစိုးတယ်"

​"ကျုပ်တို့ပါတာပဲဗျာ အမဘာမှကြောက်စရာမလိုပါဘူး အမမှာ အိမ်ရှိတယ်မလား အမအိမ်ကိုပဲသွားကြမယ်လေ"

​"ရှိတယ် အခုချိန်ဆို အမအစ်ကိုတို့လင်မယားလည်း အိမ်မှာရှိ‌လောက်တယ် သူတို့ကိုတွေ့ရမှာ အမ ကြောက်တယ်"

​"အမကိုယ်တိုင်ကအဲ့လောက်ကြောက်နေရင် ကျုပ်တို့ ဘယ်လိုမှကူညီပေးနိုင်မှာမဟုတ်ဘူး အဲ့တော့ ကျုပ်တို့လည်းစိတ်မညစ်ရအောင် ပြန်တော့မယ်ဗျာ အမဘာသာပဲ အဆင်ပြေသလိုနေခဲ့တော့ ကဲ ဘိုးထင်တို့ ပြန်ကြရအောင်ကွာ ဒီလောက်ကြောက်နေရင် ငါတို့ ဘယ်လိုမှကူညီလို့အဆင်‌ပြေမယ်မထင်ဘူး"

​ပေတူးမှ စန္ဒာအား စိတ်မရှည်စွာဖြင့်စကားဆိုလိုက်ပြီး ဘိုးထင်တို့ကိုပါတဆက်တည်း ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ ဘိုးထင် နှင့် သာအေးသည် ဦးခေါင်းညိတ်လိုက်ကြပြီး

​"အေးကွာ အဲ့လောက်ကြောက်နေရင် တို့လည်း အဆင်မပြေဘူး ပြန်တာပဲကောင်းတယ်"

​"ဘိုးထင်ပြောသလို ပြန်တာပဲကောင်းပါတယ်"

​ဘိုးထင်၊ပေတူး၊သာအေးတို့သည် နောက်ထပ်မည်သည့်စကားမှမဆိုတော့ဘဲ နောက်သို့ပြန်လှည့်ချိန် စန္ဒာမှ ကမန်းကတန်းတားဆီးလိုက်လေသည်။

​"နေ နေပါဦး မောင်လေးတို့ရယ် အမ အမစိတ်ကိုထိန်းပါ့မယ် အမကိုကူညီပေးကြပါကွယ်"

​"အမက ကိုယ့်အိမ်ကိုတောင်မပြန်ရဲတာ ဘယ်လိုလုပ် ကျုပ်တို့ကကူညီရမှာလဲ ကြောက်တာလည်းကြောက်တာပဲဗျာ ဒါပေမဲ့ ခင်ဗျားကိုကူညီပေးမဲ့ ကျုပ်တို့ကိုတော့ အားနာသင့်တာပေါ့"

​"ဟုတ်ပါတယ်ကွယ် အမ တောင်းပန်ပါတယ် အစ်မကို ဆက်ကူညီပေးပါနော်"

​"အဲ့ဒါဆိုလည်း တအားကြောက်ပြမနေနဲ့ဗျ အမ အဲ့လောက်ကြီးကြောက်ပြနေတော့ ကျုပ်တို့ကအနေခက်တယ်"

​ဘိုးထင်တို့၏စကားကြောင့် စန္ဒာသည် ကြောက်စိတ်များကိုဖျောက်ကာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး ရှေ့မှနေ၍ ရွာထဲသို့ဝင်သွားလိုက်သည်။စန္ဒာ နှင့် ဘိုးထင်တို့ ရွာအတွင်းလမ်းလျှောက်ဝင်လာသောအခါ ရွာထဲမှ တချို့သောသူများသည် အံ့ဩနေသည့်မျက်နှာများဖြင့် စန္ဒာအား နှုတ်ဆက်ကြလေသည်။

​"ခင်ရတနာသိမ့်သိမ့်တုံပါလား ဘယ်ကနေဘယ်လိုလုပ်ပြီး ရွာပြန်ရောက်လာတာတုန်း"

​"ကျမနာမည် စန္ဒာပါ ဘယ်ကသာ ခင်ရတနာသိမ့်သိမ့်တုံ ရမှာလဲ"

​စန္ဒာမှ ထိုသို့ပြောလိုက်သည့်အခါ သူမအားနှုတ်ဆက်သောသူများသည်အံ့ဩသွားကြပြီး အားရဝမ်းသာနှင့် စကားဆက်ဆိုလေသည်။

​"အဲ့ဒါဆို နင် နင် ပြန်ကောင်းသွားပြီပေါ့"

​"ဟုတ်တယ် ကျမ အရင်လိုမဟုတ်တော့ဘူး"

​"ဝမ်းသာလိုက်တာဟယ် ဒါနဲ့ သူတို့တွေကကော"

​"သူတို့ကလား သူတို့က ကျမကိုကူညီခဲ့တဲ့သူတွေလေ ကျမအိမ်မှာနေဖို့ ခေါ်လာတာ"

​"အေး အေး ခုကိစ္စကို မင်းသက်သိရင်သိပ်ဝမ်းသာမှာ"

​ညောင်ပင်စုရွာသားတစ်ယောက်မှ မင်းသက်သာသိရင် သိပ်ဝမ်းသာလိမ့်မည်ဟု စန္ဒာအား စကားဆိုလာသည့်အခါ ဘိုးထင်တစ်ယောက် တစုံတခုကိုအမှတ်ရသွားလေသည်။ထိုအရာသည်ကား တခြားမဟုတ်။လွန်ခဲ့သောလများက ညောင်ပင်စုရွာသင်္ချိုင်းဇရပ်တွင် သူတို့တည်းခိုနေချိန် တွေ့ခဲ့ရသောနာနာဘာဝကောင် မင်းသက်ဆိုသောသူအား ဖြစ်၏။ ထို့အတွက် ဘိုးထင်သည် စန္ဒာအနားကပ်လိုက်ပြီး ခပ်တိုးတိုး ဖြင့်မေးမြန်းလိုက်သည်။

​"အစ်မ မင်းသက်ဆိုတာ ဘယ်သူလဲ အခု သူဘယ်မှာလဲ"

​"မင်းသက်က အစ်မရဲ့ ရည်းစားပါ သူသေတာ တနှစ်ကျော်ပြီ"

​"သေပြီ ဟုတ်လား"

​"ဟုတ်တယ် ရုတ်တရက်ကြီးဆုံးသွားတာ"

​စန္ဒာသည် မင်းသက်၏အကြောင်းအားပြောရင်း စိတ်မကောင်းဖြစ်လာ၍ ဘိုးထင်တယောက် ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်ရသည်။

​"အင်း အဲ့ဒါတွေထားလိုက်ပါ အမအိမ်မရောက်သေးဘူးလား"

​"ရောက်တော့မယ်"

​"အဲ့ဒါဆိုလည်း သွားကြရအောင်ဗျာ ကျုပ်တို့လည်း လမ်းလျှောက်လာတာကြာတော့ နားချင်နေပြီ"

​"ရောက်ခါနီးပြီ လာ လာ"

​စန္ဒာသည်ထိုသို့ပြောပြီး သူမအားနှုတ်ဆက်စကားဆိုသော သူများအားပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ဘိုးထင်တို့သုံးယောက်အား သူမ၏နေအိမ်သို့ ခေါ်ဆောင်သွားပါလေတော့သည်။

◾​အခန်း (၂)

​ကျွန်းတိုင်လုံးများဖြင့်တည်ဆောက်ထားသောအိမ်ကြီးသည် ကြီးမားပြီး ပြတင်းပေါက်များလည်းအတော်များများ ပါရှိလေသည်။ကျေးလက်အိမ်ကြီးအိမ်ကောင်းများ၏ပုံစံအတိုင်း ရေနံချေးသုတ်လိမ်းထားပြီး အိမ်ဝိုင်းထဲတွင်တော့ သာမန်အိမ်တစ်လုံးစာခန့်ရှိသည့် စပါးကျည်နှင့် နွားတင်းကုပ်ကြီးတလုံးလည်းတည်ရှိလေသည်။ထိုအိမ်ကြီးမှာ စန္ဒာ၏ နေအိမ်ကြီးပင်ဖြစ်သည်။​အိမ်အောက်တွင်တော့ စားပွဲတန်းလျားနှစ်စုံနှင့် ကွပ်ပျစ်ရှိပြီး စားပွဲတန်းလျားတွင် အသက်လေးဆယ်ခန့်အရွယ်ရှိ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြသည်။သူတို့နှစ်ယောက်သည် အိမ်ဝိုင်းအတွင်းဝင်လာသော ဘိုးထင်၊စန္ဒာ၊ ပေတူးနှင့် သာအေးတို့ကိုမြင်သည့်အခါ အံ့ဩနေပြီး အမျိုးသားမှ စတင်၍မေးမြန်းလိုက်လေသည်။

​"မိစန္ဒာ နင် ဘာတွေမွှေလာပြန်ပြီလဲ"

​"ကိုမင်းစိန် ကိုယ့်အိမ်မှာကိုယ်မနေဘဲ ဘာလို့ ကျမအိမ် ရောက်နေတာလဲ"

​"ဘာ ဘာပြောလိုက်တယ် နင်တော့ သေချင်နေပြီထင်တယ် အရူးဆိုပြီး လူပါးလာဝလို့ရမယ်မထင်နဲ့"

​"လူပါးဝတာက ဘယ်သူတုန်းပြောလေ နင်ကသာ အစ်ကိုအကြီးဆုံးဖြစ်ပြီး ငါရမဲ့အမွေတွေကို အကုန်လိုချင်နေတာမလား ငါရူးအောင်လည်း နင်တို့ပဲလုပ်တာမလား"

​"တယ် ဒီသောက်ရူးမကတော့ သေချင်နေပြီထင်တယ်"

​စန္ဒာ၏အစ်ကိုဖြစ်သူ မင်းစိန်သည် တန်းလျားတွင်ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။ထိုအခါ သူ၏မိန်းမဖြစ်ဟန်တူသော အမျိုးသမီးမှ ဘိုးထင်တို့အားမကြည်သလိုကြည့်ရင်း သူမ၏ယောက်ျားဖြစ်သူအား စကားဆိုလိုက်သည်။

​"ကိုမင်းစိန် တော့်ညီမ ဘာအချိုးချိုးနေတာလဲ ဘယ်သူ့အားကိုးနဲ့ အခုလိုပြန်ခံပက်နေတာလဲ ထွက်နေတဲ့ အစွယ်ကို ကျုပ်ချိုးပေးရမလား ရှင့်ဘာသာပဲချိုးမလား"

​"နေ နေ ဒီကောင်မကို ငါ့ဘာသာဆုံးမလိုက်မယ်"

​မင်းစိန်သည် ပြောပြောဆိုဆို အိမ်တိုင်တွင်ချိတ်ထားသည့် ကြပ်တိုက်ထားသော ကြိမ်လုံးအားဖြုတ်ယူပြီး စန္ဒာထံသို့ တိုးကပ်လာ၏။ထိုအခါ စန္ဒာသည် ကြောက်လန့်နေသည့်ဟန်ဖြင့် ဘိုးထင်တို့၏နောက်သို့ ပုန်းကွယ်လိုက်၏။ဘိုးထင်တို့သုံးယောက်သည်ကား သူတို့အနားသို့လှမ်းလာသည့် မင်းစိန်အား စူးစူးရဲရဲကြည့်လိုက်ကာ ပေတူးမှ လက်ညှိုးငေါက်ငေါက်ထိုးပြီး မင်းစိန်အားစကားဆိုလိုက်သည်။

​"ဟေ့လူ ခင်ဗျားကဘာလဲဗျ ကိုယ့်နှမတစ်ယောက်လုံးကို အခုအသက်အရွယ်ထိ ရိုက်နေတုန်းလား တော်တော် သောက်သုံးမကျတဲ့လူပဲ"

​"ဘာပြောတယ် မင်းလို မလောက်လေးမလောက်စားကောင်က ငါ့ကိုဘာပြောတယ် မင်းတို့ ဘယ်ကကောင်တွေတုန်း ပြောစမ်း"

​"ကျုပ်တို့ ဘယ်ကဖြစ်ဖြစ် ခင်ဗျားအပူမပါဘူး ခင်ဗျား သတ္တိရှိရင် မစန္ဒာကိုထိကြည့်လေ"

​"တောက် ခွေးမသားလေးတွေက ငါ့အိမ်ဝိုင်းထဲဝင်လာပြီး ငါ့ကိုစော်ကားနေတာ"

​"ဘာဗျ ခင်ဗျားအိမ်ဝိုင်းဟုတ်လား အစ်မ ဒါ သူ့အိမ်ဝိုင်းဆိုတာဟုတ်လား"

​ပေတူးသည် မင်းစိန်အားစကားဆိုရင်း စန္ဒာအား မေးမြန်းလိုက်သည်။ထိုအခါ စန္ဒာသည် ဦးခေါင်းအားတွင်တွင်ခါရမ်းလိုက်ကာ

​"မဟုတ်ဘူး ဒီအိမ်နဲ့ ဝိုင်းကို အမေမသေခင်ကတည်းက ရွာလူကြီးတွေနဲ့ပြောပြီး အစ်မကိုပေးခဲ့တာ သူတို့ကိုလည်း ထိုက်သင့်တဲ့လယ်ယာတွေ အကုန်ပေးပြီးသား အဲ့ဒါကို ဒီအိမ်နဲ့အိမ်ဝိုင်းကိုပါ လာလုနေတာ ပြီးတော့ အစ်မပိုင်တာတွေကို သူတို့အကုန် အပိုင်စီးထားတာ"

​စန္ဒာမှ ထိုသို့ပြောလိုက်သည့်အခါ ပေတူးသည် မင်းစိန်အားမေးငေါ့ပြကာ

​"ခင်ဗျားကြားတယ်နော်"

​"ဟေ့ကောင် အရူးမတစ်ယောက်လက်ထဲကို မိဘအမွေတွေ မပေးနိုင်ဘူးကွ မင်းတို့လိုကောင်တွေချူစားတာကို မခံချင်လို့နားလည်လား"

​"ခင်ဗျားက တော်တော်ကိုရယ်ရတဲ့လူပဲ ကိုယ့်နှမတစ်ယောက်လုံးကိုရူးအောင်လုပ်ထားပြီး ရူးလို့ အမွေမပေးနိုင်ဘူးတဲ့လား တော်တော်ဟုတ်တဲ့လူပဲ"

​"မင်း မင်း ပေါက်ကရတွေမပြောနဲ့ သူ့ဘာသာရူးတာ ငါနဲ့ဘာဆိုင်လဲ မင်းတို့ကောင်တွေ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့"

​"ဘာလို့မဆိုင်ရမှာလဲ ကျုပ်တို့ကို ခင်ဗျားနှမကခေါ်လာတာဗျ ခင်ဗျားတို့နဲ့ပဲမဆိုင်တာ ကိုယ့်အိမ်ကိုယ်သာပြန်နေကြစမ်းပါဗျာ"

​ပေတူးမှထိုသို့ပြောလိုက်ရာ မင်းစိန်သည်သာမက တန်းလျားတွင်ထိုင်ပြီး သူတို့အား မကျေမနပ်နှင့်ကြည့်နေသည့် မင်းစိန်၏မိန်းမသည်ပင် ထိုင်နေရာမှမတ်တတ်ထလာပြီး ဘိုးထင်တို့သုံးယောက်နှင့် မျက်နှာချင်းဆိုင်တွင် ခါးထောက်ရပ်လိုက်ကာ ကိုးအိမ်ကျော်ဆယ်အိမ်ကြားလေသံဖြင့် ရန်တွေ့ပါလေတော့သည်။

​"ဟဲ့ကောင်တွေ နင်တို့က ဆတ်ဆတ်ထိမခံဖြစ်နေရ အောင် နင်တို့က ဒီအရူးမရဲ့လင်တွေမို့လို့လားဟဲ့ ပြောစမ်း"

​"လင်မဟုတ်လို့ ကျုပ်တို့က ဒီလောက်ပဲပြောတာ လင်သာဖြစ်ကြည့်ပါလား ခင်ဗျားတို့အခွက်တွေအကုန် စုတ်ပြတ်သတ်ကုန်ပြီ"

​"ဟုတ်တယ် နောက်နေ့ မျက်နှာနဲ့ ရေထိဖို့မရှိဖြစ်သွားပြီမှတ်"

​"ကျုပ်တို့သာ မစန္ဒာလင်ရဲ့ဖြစ်ကြည့်ပါလား ခင်ဗျားတို့ ကိုယ်တွေ ထယ်ထိုးထားတဲ့မြေခဲတွေလို မွမွကျေသွားပြီသိလား "

ဆတ်ဆတ်ထိမခံသော ဘိုးထင်တို့သုံးယောက်‌ကြောင့် ကျယ်လောင်စွာအော်ပြောနေသည့် မင်းစိန်၏မိန်းမသည် ဘိုးထင်တို့၏စကားများကိုနားထောင်ပြီး မည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်သွားပြီး ခေတ္တကြောင်ငေးကြည့်နေလေ၏။ ထို့နောက် သူမသည် သူမ၏ယောက်ျားဖြစ်သူအား ရှုံ့မဲ့မဲ့ဖြင့် ကြည့်လိုက်ပြီး

​"ကိုမင်းစိန် တော့်မိန်းမ ဒီလောက်အပြောတာခံနေရတာ လဒကြီးလိုမှိုင်နေတုန်းပဲလား အဲ့ဒီသောက်ကောင်လေးတွေကို လုပ်ပစ်လိုက်ပါတော့လား ကြိမ်လုံးကြီးကိုင်ပြီး ဘာရပ်လုပ်နေတာတုန်း"

​"အေး အေးပါဟာ ဒီသောက်သုံးမကျတဲ့ကောင်တွေကို ဆုံးမလိုက်ပါ့မယ်"

​မင်းစိန်သည် ပြောပြောဆိုဆို ကြိမ်လုံးအားလက်နှစ်ဖက်လုံးဖြင့်ကိုင်ကာ စန္ဒာ၏ရှေ့တွင်ကာရပ်နေသော ဘိုးထင်တို့ သုံးယောက်အားရိုက်နှက်ရန်အတွက် ရှေ့သို့တိုးဝင်လာသည်။ ထိုအခါ သာအေးသည် မင်းစိန်ထံမှ ကြိမ်လုံးအားဖျတ်ခနဲ ဆွဲလုကာ မင်းစိန်၏ကျောအား ရိုက်လိုက်လေ၏။မထင်မှတ်ထားသောအဖြစ်ကြောင့် မင်းစိန်တစ်ယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် မိန်းမဖြစ်သူမှ ကျယ်လောင်သောအသံနှင့် အော်ဟစ်အကူအညီတောင်းခံလေသည်။

​"လာကြပါဦးတော် ကျမယောက်ျားကိုသတ်နေလို့ လာကြပါဦး ဘယ်ကကောင်တွေလဲ မသိပါဘူးတော်"

​မင်းစိန်၏မိန်းမဖြစ်သူ အော်သံကြောင့် ညောင်ပင်စုရွာသူ ရွာသားများသည် အိမ်ဝိုင်းထဲသို့ပြေးဝင်လာကြ၏။ထိုအခါ စန္ဒာသည် ရွာသားများအား အသံခပ်ကျယ်ကျယ်ဖြင့် ဘိုးထင်တို့အားရန်မပြုစေရန် ကြိုတင်ရှင်းပြလိုက်လေသည်။

​"သူတို့က ကျမမိတ်ဆွေတွေပါ ကျမအိမ်ပြန်လာတာကို ကျမအစ်ကိုက ရိုက်မယ်လုပ်နေလို့ သူတို့က တားပေးနေတာ ဘယ်သူမှ သူတို့ကိုမထိနဲ့"

​စန္ဒာ၏ပုံမှန်လူတစ်ယောက်လိုဖြစ်နေသည့် အသွင်အပြင်ကြောင့် မင်းစိန်တို့လင်မယား၏အကြောင်းအား သိနေဟန်ရှိသော ရွာသူရွာသားများသည် ဘိုးထင်တို့အား ရန်လိုသည့်အပြုမှုတို့မရှိဘဲ ကြိမ်လုံးနှင့်ရိုက်နေသော သာအေးကိုသာ ဆွဲလိုက်ကြသည်။

​"မောင်ရင် စိတ်လျှော့ပါကွယ်"

​"လူပါးဝလွန်းလို့ပါ ဦးကြီးရာ"

​"ကျုပ်က ညောင်ပင်စုရွာသားဆိုတော့ အခြေအနေကို ကောင်းကောင်းသဘောပေါက်ပါတယ်ကွယ်"

​ညောင်ပင်စုရွာသားကြီးများမှ ထိုသို့ချော့မော့ပြောဆိုသော ကြောင့် သာအေးတစ်ယောက် ကြိမ်လုံးအား မြေပြင်သို့ပစ်ချလိုက်သည်။ထို့နောက် ရွာသားကြီးများသည် မင်းစိန်နှင့် သူ၏ မိန်းမတို့အားမကျေမနပ်ဖြင့်ကြည့်ကာ တယောက်တပေါက် နှင့်ပြောကြဆိုကြလေတော့သည်။

​"မင်းစိန် မင်းတို့က မဟုတ်တော့ဘူးလေကွာ ဟိုတုန်းက မင်းနှမ စိတ်ဖောက်ပြန်နေလို့ ဆုံးမတာဘာညာဆိုတာ တော်သေးတာပေါ့ အခုက ကောင်းနေပြီလေ မင်း ကြိမ်လုံးနဲ့ရိုက်ပြီး ဆုံးမစရာမလိုတော့ဘူးထင်တယ် ပြီးတော့ မင်းတို့က အိမ်လာတဲ့ဧည့်သည်တွေကို စော်ကားနေတာပဲ အခုအိမ်က စန္ဒာ့အိမ်လေ မင်းတို့မှာအိမ်ရှိတာပဲ ကိုယ့်အိမ်ကိုယ်ပြန်ပေါ့"

​ရွာလူကြီးတစ်ယောက်မှ ထိုသို့ပြောသည့်အခါ မင်းစိန်နှင့် သူ၏မိန်းမတို့သည် ထိုရွာသားကြီးအား မကျေမနပ်နှင့်ပြစ်တင်ပြောဆိုလေသည်။

​"ခင်ဗျားက ဘာသိလို့ အခုလိုဝင်အာချောင်နေရတာလဲ ခင်ဗျား ကျုပ်တို့ မိသားစုနဲ့ဘာဆိုင်လို့တုန်း"

​"မင်းတို့ ညောင်ပင်စုမှာနေတာ တစ်ရွာလုံးမှာ မင်းတို့တစ်အိမ်တည်းရှိတာမဟုတ်ဘူး ပတ်ဝန်းကျင်ရှိတယ်"

​"တော်စမ်းပါဗျာ ခင်ဗျားတို့က ကိုယ့်ရွာသားဖက်ကိုမပါဘူး"

​မင်းစိန်တို့လင်မယားနှင့် ရွာသားများ စကားများနေကြစဉ် အိမ်ဝိုင်းထဲသို့ ပုဆိုးတိုတိုဝတ်ထားပြီး တဘက်တထည်အား ခေါင်း‌ပေါင်းထားသည့် အသက်ခြောက်ဆယ်အရွယ်ဦးကြီးတစ်ယောက် ခပ်မြန်မြန်လမ်းလျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။သူ့ကိုမြင်သည်နှင့် ရွာသားများသည် ထိုလူကြီးအားလှည့်ကြည့်လာကြပြီး

​"ရွာလူကြီး လာပြီဟေ့"

​"ဟုတ်တယ် ရွာလူကြီးလာပြီ"

​ညောင်ပင်စုရွာလူကြီးသည် အိမ်အောက်ရောက်သည်နှင့် ကွမ်းတံတွေး ထွေးလိုက်ပြီး သူ့ထက်အရင်ကြိုရောက်နေသည့် ရွာသားများအား မေးမြန်းလိုက်လေ၏။

​"ကိုကျော်သိန်းတို့တောင် ရောက်နေပါပကောလား ဆိုစမ်းပါဦး ဘာတွေဖြစ်နေကြတာလဲဗျ"

​"ဘာဖြစ်ရမှာလဲဗျာ မစန္ဒာ အခုပဲ ရွာကိုပြန်လာတယ်လေသူက အရင်လိုလည်းမဟုတ်တော့ဘူးဗျ ကြည့်ပါလား အကောင်းပကတိဖြစ်နေပြီ သူ့အစ်ကိုကတော့ မစန္ဒာကိုရိုက်မယ်နှက်မယ်တကဲကဲလုပ်နေတာ ဒါကို မစန္ဒာနဲ့ပါလာတဲ့ လူငယ်တွေကမခံနိုင်တော့ မင်းစိန်တို့လင်မယားနဲ့ ရန်ဖြစ်ကြတယ်ဆိုပါတော့ဗျာ"

​"နေပါဦး ဘာကိစ္စ ရိုက်မယ်လုပ်တာတုန်း"

​ရွာလူကြီးက ထိုသို့းမေးသောအခါ စန္ဒာမှာ ဖြေကြားလိုက်သည်။

​"ကျမအိမ်ပြန်လာတော့ ကျမအိမ်မှာ ကျမကိုပေးမနေချင်လို့ပေါ့ ရွာလူကြီးရယ်"

​"ဟာ ဒါကတော့ မင်းစိန်တို့အတော်ဆိုးတာပဲ ဟေ့ကောင် မင်းစိန် မင်းနှမပြောတာ အဟုတ်လား"

​ရွာလူကြီးမှထိုသို့မေးသောအခါ မင်းစိန်တစ်ယောက် မည်သို့ပြန်ဖြေရမည်မှန်းမသိဖြစ်နေချိန် မိငွေဟုအမည်ရသော မင်းစိန်၏မိန်းမဖြစ်သူသည် မျက်နှာညိုးငယ်စွာဖြင့်ဖြေလာလေသည်။

​"အဲ့ဒါကြောင့်လည်းမဟုတ်ပါဘူး ရွာလူကြီးရယ် ကျမယောက်ျားက သူ့နှမ မလိမ္မာလို့ ဆုံးမ မလို့လုပ်တာပါ အဲ့ဒါနဲ့ ဟိုကောင်သုံးယောက်က ကျမယောက်ျားကိုဝင်ရိုက်တာ"

"နေပါဦး မစန္ဒာက ဘာမလိမ္မာတာလဲ ဒီအရွယ်ရောက်နေပြီ ကြိမ်လုံးနဲ့ ရိုက်ဦးမလို့လား အရင်က စိတ်မကောင်းလို့ ကလေးတစ်ယောက်လိုဖြစ်နေလို့ ရိုက်တာထားပါဦး အခု သူ လူကောင်းဖြစ်နေပြီလေ ညည်းတို့က ရိုက်စရာလိုလို့လား"

​"လူကြီးပဲစဉ်းစားကြည့်လေ အပျိုမိန်းကလေးတစ်ယောက် ဖြစ်ပြီး ယောကျာ်းလေးသုံးယောက်ကို အခုလိုအိမ်အထိခေါ်လာစရာလား အဲ့ဒါကြောင့်ပဲ သူ့အစ်ကိုကဆုံးမတာပေါ့"

​"တော်စမ်း မိငွေ နင်တို့အကြံကိုမသိတာကျလို့ ကဲ ကဲ မစန္ဒာလည်းပြန်ကောင်းနေပြီဆိုတော့ နင်တို့ ကိုယ့်အိမ်ကိုယ်ပြန်နေကြတော့"

​"ရွာလူကြီး အဲ့ဒါတော့ ဘယ်ဖြစ်မတုန်း ကျုပ်ယောင်းမကို သူစိမ်းသုံးယောက်နဲ့ တအိမ်ထဲ အတူတူမထားနိုင်ပါဘူး ကျုပ်တို့ မပြန်နိုင်ဘူး"

​"ဟောဗျာ မိငွေ ညဉ်း အခုမှ သိပ်သိတတ်နေပါလား"

​မိငွေဆိုသောအမျိုးသမီးမီထိုသို့ပြောသောအခါ ဘိုးထင် သည် ညောင်ပင်စုရွာလူကြီးကိုကြည့်၍စကားဆိုလိုက်သည်။

​"ရွာလူကြီး ကျုပ်တို့က ဒီအိမ်မှာမနေပါဘူး ကျုပ်တို့ ဒီရွာက ဘကြီးမှုန်အိမ်မှာတည်းမှာ"

​"မင်းတို့က အစ်ကိုကြီးမိတ်ဆွေတွေလား အေးအေးကွာ ကဲ မင်းစိန်နဲ့ မိငွေ နင်တို့ပြန်တော့ နင့်နှမလည်း နေပြန်ကောင်းနေပြီ သူ့ကိုမနှောင့်ယှက်နဲ့ ကြားလား"

​ရွာလူကြီးမှထိုသို့ပြောသည့်အခါ စန္ဒာ၏အစ်ကိုဖြစ်သူ မင်းစိန်နှင့် သု၏မိန်းမဖြစ်သူ မိငွေတို့သည် မကျေမနပ်ဖြင့် သူတို့၏ပစ္စည်းများအားသိမ်းဆည်းကာ အိမ်ဝိုင်းထဲမှ ထွက်သွားလေသည်။သူတို့သည် ဘိုးထင်တို့သုံးယောက်အား မကျေမနပ်ဖြင့်ကြည့်ပြီး လက်ညှိုးငေါက်ငေါက်ထိုး၍လည်းခြိမ်းခြောက်သွားသေးသည်။သူတို့နှစ်ယောက်ပြန်သွားသည့်အခါ ရွာသူရွာသားအချို့လည်းပြန်သွားကြပြီး စန္ဒာနှင့် ရင်းနှီးသောသူအချို့သာ ကျန်ခဲ့လေ၏။ထို့နောက် ဘိုးထင်တို့သုံးယောက်သည် စန္ဒာအားကြည့်လိုက်ကာ

​"ကဲ အမ ကျုပ်တို့ ဘကြီးမှုန်အိမ်ပဲသွားတည်းမယ် အမအိမ်မှာဆို သူများပြောစရာဖြစ်နေလိမ့်မယ်"

​"ဖြစ် ဖြစ်ပါ့မလား အမ ကြောက်နေသေးတယ်"

​"အမရယ် ဘာမှမဖြစ်ပါဘူး အစ်မမှာ တခြားဆွေမျိုးတွေ မရှိတော့ဘူးလား သူတို့ကို အဖော်ခေါ်အိပ်လေ"

​"အင်းပါ အမေ့ညီအစ်မဝမ်းကွဲတစ်ယောက်တော့ရှိတယ် အစ်မပြန်ကောင်းတာသိရင် သူသိပ်ဝမ်းသာမှာ သူ့ကိုပဲခေါ်အိပ်လိုက်မယ် အိမ်ကိုတော့လာဦးနော် ငါ့မောင်တို့ ပြဿနာက အခုမှ အစပဲရှိသေးတာ ပြန်မသွားသေးနဲ့ဦးနော်"

​"စိတ်ချပါ အစ်မရယ် ကျုပ်တို့ သဘောပေါက်ပါတယ်ဗျာ မပြန်ပါဘူး မိုးလင်းတာနဲ့ အစ်မအိမ်အောက်ကို တန်းရောက်စေရမယ် ကဲ ကျုပ်တို့လည်း ဘကြီးမှုန်အိမ်သွားလိုက်ဦးမယ်"

​ဘိုးထင်တို့သုံးယောက်သည် စန္ဒာနှင့် ရွာသားများအား နှုတ်ဆက်ကာ အိမ်ဝိုင်းထဲမှထွက်လာပြီး ဘကြီးမှုန်အိမ်ဆီသို့ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။

◾​အခန်း (၃)

​ဘိုးထင်တို့သုံးယောက်သည် ပေါက်တူး၊ကိုကိန်တို့နှင့် ပတ်သက်ပြီး သိကျွမ်းခဲ့သော ဘကြီးမှုန်၏အိမ်သို့ ဧည့်သည်အဖြစ် နောက်တကြိမ်ထပ်မံရောက်ရှိလာပြီဖြစ်သည်။ယခုတစ်ခေါက်တွင်လည်း ဘကြီးမှုန်သည်ကား မပြောင်းလဲသော ဧည့်ဝတ်ကျေပွန်မှုမျိုးဖြင့်ပင် ဘိုးထင်တို့အား ဆီးကြိုလေသည်။

​"ကောင်လေးတို့ မင်းတို့ကို ငါမြင်ဖူးပါတယ် ဟိုကွာ"

​"ကျုပ်တို့က ကိုပေါက်တူးနဲ့ ကိုကိန်တို့ညီအစ်ကိုတွေလေ"

​"အေးကွာ ငါမှတ်မိပါတယ် နာမည်တွေ မေ့နေတာဟေ့လာကြ လာ လာ"

​"ဟုတ်ကဲ့ ဘကြီးမှုန် အေးဆေးပဲလားဗျ"

​"အေးဆေးပေါ့ကွာ မင်းတို့ကော ရွာကို အလည်ပဲလား"

​ဘကြီးမှုန်သည် ဘိုးထင်တို့တန်းလျားတွင်ဝင်ထိုင်လိုက်သည်နှင့် ပြုံးရယ်၍ မေးလိုက်သည်။ထိုအခါ ဘိုးထင်သည်ကား ဦးခေါင်းကိုခါရမ်းပြကာ

​"မဟုတ်ဘူး ဘကြီးမှုန်ရေ မစန္ဒာဆိုတဲ့အစ်မ အကူအညီတောင်းလို့လိုက်လာတာ"

​"မစန္ဒာ ဟိုရွာလယ်အိမ်ကြီးက မစန္ဒာလား ဟိုတလောကမှ စိတ်မနှံ့ဖြစ်သွားတဲ့ ကလေးမလေးမလား"

​"ဟုတ်တယ် ဟုတ်တယ် အခုတော့ကောင်းသွားပါပြီ ဘကြီးရဲ့ သူ့အိမ်ကိုမပြန်ရဲဘူးဆိုတာနဲ့ ကျုပ်တို့လိုက်ပို့တာ အခုလည်း မပြန်နဲ့ဦးဆိုလို့ ဘကြီးအိမ်မှာလာတည်းတာ"

​"ဪ အေး အေး ဝမ်းသာစရာပေါ့ကွာ ကလေးမလေးက သနားစရာကောင်းတယ်ကွ ဒါနဲ့ အဲ့ဒီကလေးမ စိတ်မနှံ့ဖြစ်တာ ရိုးကောရိုးရဲ့လား မင်းတို့က အဲ့ဒါတွေနားလည်တယ်ဆိုတော့ ဆိုစမ်းပါဦးကွ"

​"ဘကြီးထင်ထားသလိုပဲ မရိုးဘူးဗျ သူ့ကို အပင်းသွင်းထားတာလေ ကျုပ်တို့ပဲ သူ့ကိုအပင်းထုတ်ပေးလိုက်တာ"

​"အေး အေး ငါထင်တော့ထင်သား အားနည်းသူကိုကူညီတာ တကယ်ကိုကုသိုလ်ရပါတယ်ကွာ မင်းတို့ ငါ့အိမ်မှာ ကိုယ့်အိမ်ကိုယ့်ယာလိုသာနေ ဘယ်သူ့မှအားနာစရာမလိုဘူး မင်းတို့ဘာသာချက်ပြုတ်စားသောက် မင်းတို့ မပျင်းဘူးဆို ငါ့အိမ်တသက်လုံးတောင်နေလို့ရတယ်"

​"သိပါတယ် ဘကြီးရာ အဲ့ဒါကြောင့်မို့လည်း ဘကြီးအားကိုးနဲ့လိုက်လာတာ ဟိုအစ်မက သူ့အိမ်မှာ နေဖို့ပြောတယ် ဒါပေမဲ့ ပတ်ဝန်းကျင်အမြင်အရ မသင့်လျော်ဘူးလေဗျာ"

​"အဲ့ဒါတော့ဟုတ်တယ် မောင်ရင်တို့ရေ မိန်းကလေးတစ်ယောက်တည်းရှိတဲ့အိမ်မှာ မင်းတို့ မနေတာပဲကောင်းပါတယ်ကွာ"

​"ဒါနဲ့ ဘကြီး ကျုပ်တို့ သိချင်တာလေးမေးလို့ရမလား"

​"မေးလေကွာ မင်းတို့ကလည်း သူစိမ်းတွေကျနေတာပဲ"

​"ဟုတ် ဘကြီး ဟိုလေ မင်းသက်ဆိုတဲ့သူ ဘယ်လိုဆုံးသွားတာလဲဗျ အဲ့တာ ကျုပ်သိချင်လို့"

​ဘိုးထင်မှထိုသို့မေးလိုက်ရာ ဘကြီးမှုန်သည် အတန်ကြာသည်အထိစဉ်းစားနေလိုက်ပြီး

​"ကြည်တင့်ညီ မင်းသက်ကိုပြောတာထင်တယ် လွန်ခဲ့တဲ့ နှစ်လောက်က ဆုံးသွားတဲ့ကောင်လေး ဟုတ်လား သူ့ကိုပြောတာလား"

​"ဟုတ်မယ် သူဆုံးတုန်းက အသက်နှစ်ဆယ်ပဲရှိသေးတယ်ဆိုလား"

​"ဟုတ်တယ် ဟုတ်တယ် ကြည်တင့်ညီ မင်းသက် နို့ နေပါဦး အဲ့တာ ဘာဖြစ်လို့တုန်း"

​"သိချင်လို့ပါဗျာ အခု ကျုပ်တို့ကိုခေါ်လာတဲ့ မစန္ဒာက သူနဲ့က ရည်းစားတွေဆိုလား အဲ့လိုကြားမိလို့"

​"အဲ့ဒါတွေအထိတော့ ငါလည်း ဃဃနနမသိပါဘူးကွာ ဒါပေမဲ့ အဲ့ဒီသူငယ်ဆုံးတာ အကောင်းကြီးကနေ ဆုံးသွားတာကွ တချို့ကတော့ အပူရှုပ်သွားတယ်ဆိုလားကွာ"

​"အပူရှုပ်တာနဲ့ သေနိုင်လို့လား ဘကြီး"

​"အဲ့ဒါတော့ ငါလည်းမသိဘူးဟေ့ မင်းတို့ သိချင်ရင် ကြည်တင့်ကိုသွားမေးကြည့်ပေါ့"

​"ဟုတ် နောက်မှ ကျုပ်တို့ သွားမေးလိုက်ပါ့မယ်"

​"အေး အေး ကဲ ကဲ မင်းတို့လည်း ခရီးပန်းလာရော့မယ် နားကြဦး"

​ဘကြီးမှုန်မှထိုသို့ပြောပြီး သူ၏လက်ဆွဲတော် ဆေးတံအားသောက်နေစဉ် ပေတူး နှင့် သာအေးသည်လည်း ဘိုးထင်အနားသို့ကပ်ကာ

​"ဘိုးထင် မင်း ဘာသိထားလို့လဲ မင်းသက်ဆိုတဲ့သူကိုမေးနေတာက"

​"ဟိုတစ်ခေါက် ငါတို့ ဒီကိုလာတုန်းက အဲ့ဒီလူ ငါ့ကို အကူအညီတောင်းဖူးလို့"

​"ငါ နားမလည်ဘူး ဘိုးထင်"

​"ဒီလို ပေတူးရာ ငါတို့ ညောင်ပင်စုဇရပ်မှာနေရသေးတယ်လေကွာ မှတ်မိလား"

​"အေး မှတ်မိတယ်"

​"အဲ့တုန်းက မင်းသက်ဆိုတဲ့သူကို သင်္ချိုင်းမှာတွေ့တာ သူက ငါ့ကို သူကျွတ်လွတ်ချင်တဲ့အကြောင်းပြောပြီး အကူအညီတောင်းတယ်ကွ"

​"ဟုတ်လား ငါတို့လည်းမသိရပါလား"

​"ငါလည်း ပေါ့ပေါ့တန်တန်သဘောထားမိပြီး မပြောဖြစ်တာ"

​"ဟုတ်လား"

​"ကဲ ကဲ အဲ့ဒါတွေထားလိုက် တို့လည်း ခဏလောက်နားပြီး ထမင်းဟင်းချက်ကြတာပေါ့ကွာ"

​ဘိုးထင်သည် ထိုသို့ပြောလိုက်ပြီးနောက် တန်းလျားတွင် ခေတ္တလှဲလျောင်းရင်း နဖူးပေါ်လက်တင်ကာ အတွေးနယ်ချဲ့လို့နေ၏။ကျန်သူများသည်လည်း ကွပ်ပျစ်တွင် တစ်ယောက်၊ တန်းလျားတွင် တစ်ယောက်လှဲပြီး အနားယူနေကြပါလေတော့သည်။

​အခန်း (၄)

​"ဆရာတင်စိုး ဘယ်လိုဖြစ်တာလဲ ဟိုကောင်မပြန်ကောင်းနေပြီ"

​"ဘာလဲ မိငွေ"

​"ဘာရမှာလဲ ဆရာတင်စိုးရယ် စန္ဒာဆိုတဲ့ကောင်မ အိမ်ပြန်ရောက်နေပြီ အဲ့ကောင်မက အခု လူကောင်းတစ်ယောက်ပဲ ဆရာပြောတော့ ဆရာနှုတ်မပေးမချင်း သူဘယ်တော့မှ ပြန်မကောင်းမလာနိုင်ပါဘူးဆို အခုက ဘယ်လိုဖြစ်တာတုန်း"

​ညောင်ပင်စုရွာ၏အနောက်ဘက် ကွမ်းတစ်ယာညက်ခန့် သွားရသောနေရာရှိ နှစ်ရှည်သစ်ပင်ကြီးများ များစွာရှိသော ဥယျာဉ်ခြံထဲရှိ အိမ်အိုကြီးတစ်လုံးပေါ်တွင်ဖြစ်သည်။ထိုခြံကြီးနှင့် အိမ်ကြီး၏ပိုင်ရှင်မှာ ညောင်ပင်စုရွာတွင် နာမည်ကျော်သည့် စိုးတင့်အမည်ရသော အောက်လမ်းဆရာဖြစ် လေသည်။ယခု မိငွေဆိုသောအမျိုးသမီးသည် ထိုအောက်လမ်းစိုးတင့်၏နေအိမ်တွင် ရောက်ရှိနေပြီး အရူးဘဝမှနေ၍ ပြန်ကောင်းလာသော စန္ဒာအကြောင်းကိုပြောပြရင်း စိုးတင့်အား မသိမသာပြစ်တင်ပြောဆိုနေခြင်းဖြစ်သည်။
စိုးတင့်သည်ကား မိငွေ၏ပြောစကားများအားနားထောင်ကာ ကွမ်းအစ်အတွင်းမှ ကွမ်းတစ်ယာ ယာရင်း ပေနေသောလက်မှ ထုံးတို့အား သူ၏ပုဆိုးစဖြင့် သုတ်ကာ မိငွေအားပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

​"ကဲ ဆိုစမ်းပါဦး ဟိုကောင်မလေးက အကောင်းပကတိနဲ့ တကယ်ပြန်လာတာလား"

​"ဟုတ်တယ် သူတစ်ယောက်တည်းတောင်မဟုတ်ဘူး ကောင်လေးသုံးယောက်ပါခေါ်လာသေးတယ် အဲ့ဒီကောင်လေးသုံးယောက်က လွယ်တော့မလွယ်ဘူး ကျုပ်ယောက်ျား မင်းစိန်ကိုတောင် ကြိမ်လုံးနဲ့ရိုက်တာတော့်"

​"ငါ့ပညာအကုန်သုံးပြီး ဒီကောင်မကိုရူးအောင်လုပ်ထားတာပါ ငါ့ပညာကို တော်ရုံအထက်လမ်းဆရာတောင် မဖြေနိုင်ဘူး အခု ဘယ်လိုဖြစ်တာပါလိမ့်"

​"ကျုပ်က ဘယ်လိုလုပ်သိမှာလဲ ဆရာစိုးတင့်ရယ် မသိလို့ သာ ဆရာ့ဆီလာတာပေါ့"

​"အေးပါ မိငွေရာ နင်ကလည်းအကဲပိုလိုက်တာ ဒီပြဿနာကို ငါရှင်းပေးပါမယ် ဟိုကောင် မင်းစိန်ကော နင်ဒီလိုလုပ်တာ ကြည်ဖြူသွားပြီလား"

​"မိငွေပဲလေ ဒင်းကိုမလှုပ်နိုင်အောင် လည်မြိုနင်းပြီး နှာဖားကြိုးထိုးထားတာ ဒင်းက ကျုပ်ကြိုးဆွဲရာပဲ ဘာမှမပူနဲ့"

​"အေး ပြီးရော မနက်ဖြန်ည ငါနည်းနည်းလှုပ်ရှားလိုက်မယ် အဲ့ကောင်မ အိမ်မှာပဲနေတာမလား"

​"အိမ်မှာပဲ နေတာပေါ့"

​"ကောင်းပြီ ကဲ နင်လည်းပြန်တော့ မိုးလည်းချုပ်လာပြီ"

​"စိတ်ချမယ်နော် ဆရာစိုးတင့်"

​"စိတ်ချစမ်းပါဟာ အဲ့ဒီကောင်မအမွေတွေ နင်တို့အကုန် ပြန်ရစေရမယ် အခုတစ်ခါ ရူးအောင်မလုပ်တော့ဘူး သေအောင်ပဲလုပ်လိုက်တော့မယ် နင့်ယောက်ျားကို ပိုင်တာ သေချာတယ်နော်"

​"ဟိုတစ်ခါတည်းကလုပ်လိုက်ရင် ကိစ္စပြတ်နေပြီ အိမ်ကဟာကြီးကြောင့် အခုလိုတွေ ပြဿနာထပ်တက်ရတာ"

​"ပြီးတာတွေ ထားလိုက်တော့ နောက်နေ့လည်း ထပ်လာခဲ့ကြားလား အခုလိုအချိန်ပဲလာခဲ့"

​"အင်းပါ ဒါနဲ့ ဆရာတင်စိုးနဲ့ ကျုပ်နဲ့ကိစ္စကို အိမ်ကဟာကြီး သိလို့မရဘူးနော်"

​"အေးပါ မိငွေရယ် ငါသဘောပေါက်ပါတယ် နင်က ငါ့ကို ပါရမီဖြည့်ပေးနေတာပါ ငါက ကိုယ်ပေါင်ကိုယ်လှန်ထောင်း ပါ့မလား ငါ့ပညာအစွမ်းကလည်း သူများမယားကို ကြာခိုမှပဲ တိုးမှာမို့ပါ နင့်ကို တကယ်ကျေးဇူးတင်တယ်"

​"ရတယ် အိမ်ကဟာကြီးမသိရင် ပြီးတာပဲ ဆရာစိုးတင့်က ကျုပ်တို့အကျိုးအတွက်လုပ်ပေးနေတာ ဒီလောက်ကတော့ ပေးဆပ်ရမှာပေါ့ ကဲ သွားပြီ ဆရာစိုးတင့်"

​ယခု အောက်လမ်းစိုးတင့်နှင့် မိငွေ စကားပြောနေသောနေရာသည် အိမ်အိုကြီး၏အိမ်ခန်းတခုအတွင်းဖြစ်သည်။စိုးတင့်သည် အသက်လေးဆယ်အရွယ်ရှိပြီး ရှည်လျားသောဆံပင်၊မုတ်ဆိတ်ကျင်စွယ်တို့နှင့် အသားမဲသူလည်းဖြစ်သည်။ ကွမ်းအစ်အား နေရာမရွေး ယူသွားတတ်သူဖြစ်သည်။မိငွေအား ပညာစဉ်အကြောင်းပြ၍ ကာမလိမ်လည်ကာ အချိန်အတန်ကြာ ယုတ်မာနေသူလည်းဖြစ်သည်။မိငွေသည်ကား လင်ကိုနိုင်စားသည့်မိန်းမတစ်ယောက်ဖြစ်၍ ယခုကဲ့သို့ စိုးတင့်နှင့်ဖောက်ပြန်နေမှုအပေါ် မည်သို့မှစိုးထိတ်မှုမရှိပေ။ ယခုလည်း မိငွေသည် သူမ၏လုံချည်နှင့် အင်္ကျီတို့အား သေသပ်အောင်ပြန်ပြင်ဝတ်လိုက်ပြီးနောက် အိပ်ခန်းထဲမှ ထွက်သွားရာ စိုးတင့်သည်လည်း ကွမ်းအစ်ကိုယူပြီး သူ၏အိမ်ဦးခန်းတွင်ပြောင်းထိုင်ရင်း တစ်ယောက်တည်း ကျေနပ်စွာဖြင့်ပြုံးရင်း ကျန်နေခဲ့ပါလေတော့သည်။

◾​အခန်း (၅)

​လပြည့်ကျော်ရက်များမို့ လမင်းကြီးသည် သန်းခေါင် ကျော်အချိန်ရောက်လာလေ အလင်းရောင်တို့အား ပိုထုတ်လွှတ်စမြဲဖြစ်၏။ယခု လရောင်အောက်တွင် သစ်ပင်များ၊ခြုံနွယ်များဖြင့်ဖုံးလွှမ်းနေသော သင်္ချိုင်းကြီးအား ရှင်းရှင်းလင်း လင်းမြင်နေရပြီး သင်္ချိုင်းနှင့် မလှမ်းမကမ်းတွင်တော့ ကျွန်းတိုင်လုံးများဖြင့်တည်ဆောက်ထားပြီး သက်ကယ်မိုးထားသော ဇရပ်တစ်ဆောင်ရှိလေသည်။ထိုဇရပ်နှင့် ထိုသင်္ချိုင်းမှာ ညောင်ပင်စုရွာ၏ သင်္ချိုင်းနှင့် ဇရပ်ဖြစ်လေသည်။​ယခု ထိုနေရာသို့ ညောင်ပင်စုရွာမှထွက်လာသော လူသုံးယောက်တို့ လှမ်းလာနေသည်။သူတို့မှာ ဘိုးထင်၊သာအေး နှင့် ပေတူးတို့ ဖြစ်လေသည်။ပေတူးနှင့် သာအေးသည် သူတို့နှစ်ယောက်၏ အလယ်တွင် လမ်းလျှောက်နေသော ဘိုးထင်အား အသံခပ်အုပ်အုပ်ဖြင့် မေးမြန်းလာလေ၏။

​"ဘိုးထင် မင်း ဘယ်သွားနေတာတုန်း သင်္ချိုင်းနားလည်း ရောက်တော့မယ်"

​"ဟုတ်တယ် ဘိုးထင် မင်း သွားစရာရှိလို့ဆိုပြီးတော့ခေါ်လာတာ ခုက ဘယ်ကိုသွားနေတာတုန်း"

​ပေတူးနှင့် သာအေးတို့နှစ်ယောက်မှ ဘိုးထင်အား ထိုသို့မေးလာရာ ဘိုးထင်သည် သင်္ချိုင်းကိုမေးငေါ့ပြကာ

​"ဒီသင်္ချိုင်းကိုပဲလာတာလေ မင်းသက်ဆိုတဲ့သူနဲ့တွေ့ဖို့"

​"ဟင် မင်းသက် ဟိုတစ်ခါ မင်းတွေ့ခဲ့တယ်လို့ပြောတဲ့ တစ်ယောက်ပေါ့"

​"ဟုတ်တယ် သူနဲ့တွေ့မှာ သူ ငါ့ကို အကူအညီတောင်းထားတယ်လို့ ငါပြောတယ်လေကွာ အဲ့ဒါကို ကူညီပေးမယ်ဆိုတာ ကိုပြန်လာပြောတာ"

​"ဪ အေး အေး ဒါနဲ့ တို့ကော သူ့ကိုမြင်ချင်တယ်ကွာ လုပ်ပါဦး မင်းခြေစာမှုန့်လေးနဲ့ အမြင်ဖွင့်ပေးဦး"

​ပေတူးမှ ထိုသို့တောင်းဆိုလာရာ ဘိုးထင်တစ်ယောက် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး သူ၏လှမ်းနေသည့် ခြေလှမ်းတို့အားရပ်ကာ ခြေစာမှုန့်ကိုယူ၍ အသံခပ်တိုးတိုးဖြင့် မန္တန်ရွတ်ကာ ပေတူး နှင့် သာအေးတို့နှစ်ယောက်လုံး၏ မျက်လုံးတွင် ကွင်းပေးလိုက်သည်။ထို့နောက် ပေတူးသည် ဘိုးထင်အား ကြည့်လိုက်ရင်း

​"ဘိုးထင် ငါ တစ်ခုလောက်မေးချင်တယ်ကွာ"

​"မေးလေကွာ ဘာမေးမှာလဲ"

​"အခုလို မင်းခြေစာမှုန့်တွေနဲ့မဟုတ်ဘဲ ငါတို့ကို တခြားနည်းနဲ့လုပ်ပေးလို့ မရဘူးလား"

​"ငါ့အဘသင်ထားတာတော့ ဒီတနည်းပဲရှိတယ် မင်းတို့တွေအဲ့လိုမလုပ်ဘဲ မြင်ချင်တယ်ဆိုရင်တော့ အောက်လမ်း ပညာသင်ဖို့ပဲရှိတယ်"

​"အဲ့လိုအောက်လမ်းလည်း မသင်ချင်ပါဘူးကွာ တခြား အထက်လမ်း"

​"အင်း အဘပြောဖူးတာတော့ အထက်လမ်းဆရာတွေလည်းမြင်နိုင်တယ်တဲ့ကွ သူတို့နည်းလမ်းတွေတော့ ငါလည်း မပြောတတ်ဘူး ဘာဖြစ်လို့မေးတာလဲ ပေတူးရ"

​"ဒီလိုပါပဲကွာ သိချင်လို့ပါ ကဲ ကဲ သွားရအောင်"

​သူတို့သုံးယောက်သည် စကားတပြောပြောနှင့် သင်္ချိုင်းဆီသို့လှမ်းလာနေ၏။သူတို့ သင်္ချိုင်းအနီးရောက်လာသည့်အခါ သင်္ချိုင်းထဲတွင်ပေါက်နေသည့် ကုက္ကိုလ်ပင်ကြီးတပင်ပေါ်မှ ကျီးကန်းငှက်များ ရုတ်တရက်အော်ဟစ်ပြီးထပျံသွားရာ ဘိုးထင်မှလွဲပြီး ပေတူး နှင့် သာအေးတို့နှစ်ယောက်လုံး ရုတ်တရက်မို့ အနည်းငယ်လန့်ဖျန့်သွားကြသည်။

​"ငှက်တွေကလည်းကွာ လန့်လိုက်တာ"

​"အေးကွာ သူတို့အသံတွေကလည်း လန့်စရာကောင်းနေတာကို"

​အမှတ်မထင်လန့်ဖျန့်သွားသော ပေတူးနှင့် သာအေးတို့အား ဘိုးထင်မှ မကျေမနပ်နှင့်လှည့်ကြည့်လိုက်ကာ

​"မင်းတို့ကလည်း အခုမှပဲ ကျီးကန်းပျံတာကိုလာလန့်နေတယ် လာ လာ ဆက်သွားမယ် မင်းသက်ဆိုတဲ့သူ ရှိသေးလား သွားကြည့်ရမယ်"

​ဘိုးထင်သည် ပြောပြောဆိုဆို အရှေ့မှဦးဆောင်ပြီး သင်္ချိုင်းဆီသို့သွားနေသည်။သင်္ချိုင်းအနီးရောက်လာသည့်အခါ ဘိုးထင်သည် သူ၏ခြေလှမ်းတို့အားရပ်လိုက်ပြီး သင်္ချိုင်းအား စူးစိုက်ကြည့်ပြီး လေသံခပ်မာမာနှင့်စကားဆိုလိုက်သည်။

​"ကဲ ဒီသင်္ချိုင်းထဲမှာနေတဲ့ မင်းသက်ဆိုတဲ့ နာနာဘာဝကောင် အခုချက်ခြင်း ငါ့ရှေ့ကို လာခဲ့စမ်း မဆိုင်တဲ့သူတွေ မလာနဲ့ မင်းသက်ကိုတားဆီးပိတ်ပင်သူ ဘယ်သူမှ မရှိစေရဘူး အကယ်၍တားဆီးတဲ့သူရှိရင် ဘိုးထင်ဆိုတဲ့ ငါနဲ့တွေ့မယ်"

​ဘိုးထင်၏မာထန်သောလေသံဖြင့်ပြောသည့်စကားအဆုံး ကောင်းကင်၌ ထွန်းလင်းတောက်ပနေသည့် လမင်းကြီးသည် တိမ်များအကြားသို့ ရုတ်တရက်ဝင်ရောက်ပျောက်ကွယ်သွားသလို သင်္ချိုင်းအတွင်းမှ သစ်ပင်များသည်လည်း လူတစ်ယောက်က ကိုင်လှုပ်လိုက်သည့်အလား ဘယ်ညာရမ်းခါလို့သွားတော့၏။များမကြာမီအချိန်တွင်တော့ သင်္ချိုင်းအတွင်းမှ အရိပ်မဲတစ်ခုသည် ဘိုးထင်အနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာနေသည်ကိုတွေ့လိုက်ရလေသည်။ထိုအရိပ်သည် ​ဘိုးထင်နှင့် မလှမ်းမကမ်းသို့ရောက်သည့်အခါ ရပ်တန့်လိုက်ပြီး သူရပ်တန့်လိုက်သည်နှင့် တိမ်များအကြား ဖုံးကွယ်နေသည့် လသည်လည်းပြန်လည်ပေါ်ထွက်လို့လာသလို ရမ်းခါနေသည့် သင်္ချိုင်းအတွင်းမှ သစ်ပင်များသည်လည်း ပြန်လည်ငြိမ်သက်လို့သွားလေ၏။ပေတူးနှင့် သာအေးသည် ဘိုးထင်နံဘေးသို့ တိုးကပ်ရပ်လိုက်ပြီး သူတို့၏အရှေ့တွင် ရပ်နေသည့် နာနာဘာဝဖြစ်နေသည့် မင်းသက်အား စူးစမ်းလိုက်သည်။
မကျွတ်မလွတ်သေးဘဲ နာနာဘာဝဖြစ်နေသည့် မင်းသက်၏ မျက်နှာမှာ ညှိုးငယ်နေပြီး သွေးရောင်ကင်းမဲ့နေကာ မျက်လုံးတို့သည်လည်း မဲနက်လို့နေသည်။သာမန်ကျေးလက်တော သားတစ်ယောက်နှယ် ဝတ်ဆင်ထား၏။သူ၏ပုံပန်းသဏ္ဌာန်မှာ သာမန်လူများအဖို့ ကြောက်မက်ဖွယ်ကောင်းနေသော် လည်း ဘိုးထင်တို့အဖို့မှာဖြင့် ကြောက်စရာကောင်းမနေဘဲသနားစရာပင်ကောင်းသည်ဟု ထင်နေမိ၏။ဘိုးထင်သည် သူ၏အရှေ့တွင် ရပ်နေသော မင်းသက်အား အသံခပ်မာမာနှင့် မေးမြန်းလိုက်သည်။

​"မင်းသက် မင်း ငါ့ကိုသိလား မှတ်မိလား"

​"မှတ်မိတယ် မင်း ငါ့ကို လွန်ခဲ့တဲ့လတွေက အစားအစာကျွေးခဲ့တယ်လေ"

​"ဟုတ်တယ် အဲ့တုန်းက မင်း ငါ့ကို အကူအညီတောင်းခဲ့တယ်နော်"

​မင်းသက် မည်သည့်တုံ့ပြန်မှုမှမပြုဘဲ ခေါင်းကိုသာညိတ်ပြလာရာ ဘိုးထင်မှ ဆက်လက်၍စကားဆိုလိုက်သည်။

​"ခု အကြောင်းတိုက်ဆိုင်လာလို့ မင်းကို ကူညီပေးလို့ရတော့မယ် ကဲ ပြောစမ်းပါဦး မင်းကိုဘယ်သူသတ်တာလဲ"

​"ငါမပြောချင်ဘူး ငါ့ကိုသာ ဒီဘဝက ကျွတ်အောင်လုပ်ပေး"

​"မင်းကိုသတ်ခဲ့တဲ့သူကို မင်းက မပြောချင်ဘူးဆိုတော့ ဘာဖြစ်လို့လဲ"

​"ငါမပြောချင်ဘူး ငါ့ကိုသာ ကျွတ်အောင်လုပ်ပေး"

​"မင်းမပြောရင် ငါမလုပ်ပေးနိုင်ဘူး မလုပ်ပေးနိုင်တဲ့အပြင်"

​ဘိုးထင်သည် ထိုသို့ပြောပြီး မန္တန်တစ်ပုဒ်အား အသံခပ်တိုးတိုးဖြင့်ရွတ်လိုက်သည်နှင့် မင်းသက်၏လက်တို့သည် နောက်သို့ပစ်သွားပြီး ဒူးထောက်ထိုင်ကျသွားသည့်အပြင် ကိုယ်ခန္ဓာမှ အမဲရောင်အခိုးအငွေ့များလည်းထောင်းထောင်း ထလာပြီး ဘိုးထင်အား စူးရှရှအက်ကွဲကွဲအသံနှင့် မကျေမနပ် စကားဆိုလာလေသည်။

​"မင်း မင်း ဘာလုပ်တာလဲ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

​"မင်းသက် မင်း ငါ့စကားနားထောင်မှ ပြန်လွှတ်ပေးမယ် မင်းကိုဘယ်သူသတ်တာလဲဆိုတာ ပြောပြစမ်း"

​"မပြောဘူး ငါ့ကိုကျွတ်အောင်သာ လုပ်ပေး"

​"မင်းမပြောရင် ပြန်မလွှတ်ပေးဘူး ကျွတ်အောင်လည်း မလုပ်ပေးဘူး မင်းကို တစ်သက်လုံးခိုင်းစားမှာ"

​"မင်း မင်း လူယုတ်မာ"

​"အောက်လမ်းဆရာက လူကောင်းဖြစ်ဦးမလား ကဲ ပြောစမ်း မင်းမပြောရင် မင်းကို ဒီထက်ဆိုးတဲ့ဘဝကို ပို့ပစ်မယ်"

​ရုတ်တရက်စိတ်ပြောင်းသွားသော ဘိုးထင်ကြောင့် မင်းသက်သည်သာမက ပေတူးနှင့် သာအေးကပါ နားမလည်နိုင် ဖြစ်လို့နေသည်။ထို့ကြောင့် ပေတူးသည် ဘိုးထင်အနားသို့တိုးကပ်ကာ အသံခပ်တိုးတိုးဖြင့်မေးမြန်းလိုက်သည်။

​"ဘိုးထင် မင်း ဘာတွေလုပ်နေတာတုန်း မင်း ဘာလို့ သူ့ကို ချုပ်ထားတာလဲ"

​"ငါ သူ့ကို ကောင်းကောင်းမေးတယ်လေ သူမှ မဖြေတာ"

​"အဲ့ဒါနဲ့ပဲ ခုလိုချုပ်ရော့လား"

​"မင်းမသိပါဘူး"

​"မသိလို့မေးနေတာပေါ့ ငါ မကြည့်ရက်ဘူး ဘိုးထင်ရာ"

​"ပေတူး မင်း ဘာဖြစ်နေတာလဲ မင်းမသိရင် အေးဆေးနေကွာ ဒီကိစ္စ ငါ့ဘာသာလုပ်မယ်"

​ပေတူးတယောက် ဘိုးထင်အားထပ်အထွန့်တက်ရန်ပြင် နေစဉ် သာအေးမှဆွဲထားလိုက်ကာ

​"ပေတူး နေစမ်းပါ ဘိုးထင်က မလိုအပ်ဘဲ အခုလိုလုပ်မှာမဟုတ်ဘူး"

​"မဟုတ်ဘူးလေကွာ"

​"ဟုတ်ပါတယ်ကွ အခြေအနေကိုစောင့်ကြည့်စမ်းပါအုံးကွာ လာ လာ"

​သာအေးသည် ပေတူးအား ဘိုးထင်၏နောက်သို့ဆွဲထားလိုက်၏။ဘိုးထင်သည်ကား မင်းသက်အား လက်ညှိုးငေါက်ငေါက်ထိုးကာ

​"မင်းကိုသတ်ခဲ့တဲ့သူကို မင်းက ဘာလို့ မပြောချင်ရတာလဲ ပြောစမ်းပါအုံး တကယ်ဆို မင်းကို သတ်ခဲ့တဲ့သူကို မင်းက လက်စားပြန်ချေရမှာမလား"

​"မချေဘူး မပြောဘူး ငါ့ကိုလွတ်အောင်သာ လုပ်ပေး"

​"အေး ငါကလည်း ခေါင်းမာတယ် မင်းကလည်း ခေါင်းမာတယ် အဲ့တော့ ဘယ်သူပိုခေါင်းမာလဲဆိုတာသိရတာပေါ့ ကဲ ပြောစမ်း မင်းကိုဘယ်သူသတ်တာလဲ"

​ဘိုးထင်မှာ အစောကထက်ပို၍မာထန်သောလေသံဖြင့် မေးလိုက်သည်။မင်းသက်မှာလည်း လုံးဝမပြောပေ။ထိုအခါဘိုးထင်သည် သူ၏လွယ်အိတ်ထဲမှ အစီအရင်တချို့အား ထုတ်ယူလိုက်ပြီး မင်းသက်ထံပစ်ပေါက်လိုက်သည်။သူပစ်ပေါက်လိုက်သည်မှာ အနက်ရောင်အမှုန့်များဖြစ်ပြီး မင်းသက်ကိုထိသည်နှင့် မီးကျီးခဲများသဏ္ဌာန်ပြောင်းလဲသွားပြီး မင်းသက်တစ်ယောက် နာကျင်စွာအော်ဟစ်နေလေတော့သည်။ ဘိုးထင်သည်ကား နာကျင်နေသော မင်းသက်အားဂရုမစိုက်သူသိလိုသောအရာကိုသာ အတင်းမေးနေလေသည်။

​"ဟေ့ကောင် ပြောစမ်း မင်းကို ဘယ်သူသတ်တာလဲ ပြောမလားမပြောဘူးလား မပြောရင် မင်းကို တသက်လုံး နှိပ်စက်မှာနော်"

​"မပြောဘူး ငါ မပြောဘူး"

​"မင်း ရူးနေလား မင်းကိုသတ်တဲ့သူကို မင်းက ဘာလို့ မပြောချင်ရတာလဲ"

​"ငါ့ကို ဘယ်လောက်နှိပ်စက်နှပ်စက် ငါ မပြောဘူး"

​တစ်ကိုယ်လုံးတွင် မီးကျီးခဲများအကပ်ခံထားရသော်လည်း မင်းသက်တစ်ယောက် သူ့အားသတ်သူကို လုံးဝထုတ်မပြောပေ။ဘိုးထင်သည်ကား သက်ပြင်းတချက်ချလိုက်ပြီး တစ်ခုခုကိုအလေးအနက်ထားစဉ်းစားနေပြီးလျှင် တည်ငြိမ်သော လေသံနှင့် မင်းသက်အားမေးပြန်လေသည်။

​"မင်း မပြောချင်ပုံထောက်ရင်တော့ မင်းကိုသတ်တာ မင်းမြတ်နိုးရတဲ့သူဖြစ်ပုံရတယ် ကဲ မင်းကိုသတ်တာ မင်းအမေလား"

​ဘိုးထင်၏အမေးအား မင်းသက်မှာ ငြင်းဆန်ခြင်းလည်းမပြု။ဝန်ခံခြင်းလည်းမပြုပေ။ထို့အတွက် ဘိုးထင်သည် နောက်ထပ် ထပ်မံ မေးမြန်းပြနါလေသည်။

​"မင်းကိုသတ်တာ မင်းအဖေလား၊ဒါမှမဟုတ် မင်း ညီအစ်ကိုမောင်နှမတွေလား"

​မင်းသက်တယောက် ဆိတ်ဆိတ်သာနေလေသည်။ထိုကြောင့် ဘိုးထင်သည် ဦးခေါင်းအားခါရမ်းလိုက်ပြီး

​"သေချာတယ် မင်းကိုသတ်တာ မင်းရည်းစား စန္ဒာမဟုတ်လား"

​"မဟုတ်ဘူး သူမဟုတ်ဘူး"

​"ဟေ့ကောင် ငါသိပြီ မင်းကိုသတ်တာ မင်းရည်းစား စန္ဒာပဲငါ့ကိုညာဖို့ မကြိုးစားနဲ့"

​"မဟုတ်ဘူး မဟုတ်ဘူး"

​"မင်း ငါ့ကိုအမှန်အတိုင်းမပြောဘူးဆိုရင် ငါ မစန္ဒာကို ဒုက္ခပေးရလိမ့်မယ်၊ မင်းပြောစမ်း မင်းကိုသတ်တာ မစန္ဒာမလား"

​ဘိုးထင်စကားကြောင့် ပေတူးနှင့် သာအေးမှာ နားမလည်နိုင်ဖြစ်နေလေသည်။မင်းသက်သည်ကား သူ၏စူးရှရှအက်ကွဲကွဲအသံကြီးဖြင့် အကြောက်အကန်ငြင်းဆိုနေပြီးနောက် စတင်ငိုကျွေးလာလေသည်။ထို့နောက် သူသည် ဘိုးထင်အား ကြည့်ကာ

​"သူ့ သူ့ကိုဒုက္ခမပေးပါနဲ့ ငါအမှန်အတိုင်းပြောပြပါ့မယ် ငါ သူ သူကျွေးတဲ့ထမင်းစားပြီးသေတာ ငါအဆိပ်မိတာ"

​"မင်းဆိုလိုတာက မင်းချစ်သူ မစန္ဒာကျွေးတဲ့ထမင်းကိုစားပြီးတာနဲ့ မင်းသေခဲ့တာလား"

​"ဟုတ်တယ် ဟုတ်တယ် အဲ့တာပဲ ငါ့ကိုဆက်မမေးတော့နဲ့ ငါ့ကိုလွှတ်ပေး၊ယတော့ ငါ့ချစ်သူကိုလည်းမနှိပ်စက်နဲ့ သူသတ်လို့သေရလည်း ငါကျေနပ်တယ်"

​"အေး အေး မင်းကို ငါလွှတ်ပေးမယ် မင်း ကျွတ်တယ် မကျွတ်တာတော့ ငါလည်းမပြောတတ်ဘူး ဒါပေမဲ့ အမှန်တရားက တနေ့ ပေါ်လာမှာပဲ"

​ဘိုးထင်သည် ထိုသို့ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်နှင့် မင်းသက်၏ကိုယ်တွင်ကပ်နေသည့် မီးကျီးခဲသဏ္ဌာန်များ ပျောက်ကွယ်သွားသလို မင်းသက်သည်လည်း လက်နောက် ပစ်ပြီး ဒူးထောက်နေရာမှ လွတ်မြောက်သွားပြီးနောက် သင်္ချိုင်းအတွင်း ထွက်ပြေးဝင်ရောက်ပျောက်ကွယ်သွားပါလေတော့သည်။

◾​အခန်း (၆)

​"ဘာတွေလဲ ဘိုးထင်ရာ ငါတော့ လုံးဝ နားမလည်တော့ဘူး"

​"ဟုတ်တယ် ဘိုးထင် ဘာတွေဖြစ်နေတာလဲ ငါတို့ကိုလည်း ရှင်းပြစမ်းပါအုံးကွာ"

​ဘိုးထင်၊သာအေးနှင့် ပေတူးတို့သည် ညသန်းခေါင်ကျော်အချိန်အထိ ညောင်ပင်စုသင်္ချိုင်းဘေးရှိဇရပ်တွင် ထိုင်နေပြီး ရွာသို့ မပြန်ဖြစ်ကြသေးပေ။ပေတူး နှင့် သာအေးတို့သည် သူတို့မြင်ရကြားရသည်များအား နားမလည်နိုင်ဖြစ်နေပြီး ဘိုးထင်အား မေးမြန်းနေသည်။ဘိုးထင်သည်ကား သူတို့နှစ်ယောက်၏အမေးကို ချက်ခြင်းပြန်မဖြေသေးဘဲ တစ်ခုခုကို တွေးတောနေကာ သက်ပြင်းတစ်ချက်အားချပြီးနောက် စကားဆိုလာသည်။

​"ဟေ့ကောင်တွေ ငါတို့တော့ အရှုပ်ထုပ်ကြီးထဲ ဝင်မိပြီကွ"

​"ဘာပြောတာလဲ ဘိုးထင် ငါ နားမလည်ဘူး"

​"ငါတို့တွေဇာတ်ရှုပ်ကြီးထဲ ဝင်ရှုပ်မိပြီလို့ပြောတာ"

​"အဲ့ဒါဆိုလည်းကွာ ထားခဲ့လိုက် တို့ရွာ တို့ပြန်ကြတာပေါ့ ဘယ်လိုလဲ"

​"အဲ့လိုလည်းမဖြစ်သေးဘူး သာအေးရ ငါတို့ အခုလို ထားခဲ့ရင် ငါတို့ ပေးထားတဲ့ကတိ မတည်သလိုဖြစ်သွားမှာပေါ့"

​"မင်းကလည်း ငါတို့ကူညီမယ်ဆိုတဲ့ မစန္ဒာကိုယ်တိုင်က လူသတ်သမားဖြစ်နေတာ ကူညီပေးစရာမလိုတော့ပါဘူး ငါ့အထင် သရဲကတော့ လိမ်ပြောမယ်မထင်ဘူး"

​"ဟုတ်တယ် မင်းသက် လိမ်ပြောနေတာမဟုတ်ဘူး မစန္ဒာကျွေးတဲ့ထမင်းစားပြီး သေတယ်ဆိုတာနဲ့ မစန္ဒာကို လူသတ်သမားလို့ပြောလို့မရဘူးလေ ငါတို့ ဘကြီးမှုန်ပြောတဲ့ ကြည်တင်ဆိုတဲ့သူကို မနက်ဖြန်သွားမေးကြည့်ကြတာပေါ့"

​"ကြည်တင်ဆိုတာ ဘယ်သူတုန်း"

​"ငါလည်းမသိဘူးလေ မင်းသက်နဲ့ပတ်သက်နေတဲ့သူ တစ်ယောက်ဖြစ်မှာပေါ့"

​"ငါကတော့ ခေါင်းတွေရှုပ်နေပြီ ဘိုးထင်ရာ ဘာမှနားမလည်နိုင်တော့ဘူး"

​"အချိန်တန်ရင်တော့ အဖြေမှန်ပေါ်လာမှာပါ ကဲ တို့တွေ ရွာထဲ ပြန်ကြစို့ကွာ"

​"မစန္ဒာက မင်းသက်ကို တကယ်ပဲသတ်ခဲ့တာလား အဲ့ဒါကို ပဲ ငါသိပ်သိချင်နေတာ မင်းသက်ကတော့ သူ့ကိုသတ်တာ မစန္ဒာလို့ သတ်မှတ်ထားပုံပဲ"

​"အဲ့ဒါတော့ သူလည်းမမှားပါဘူး ဘာလို့လဲဆိုတော့ သူသေသွားရတာ မစန္ဒာကျွေးတဲ့ထမင်းကိုစားပြီးမှလေ သူ့စိတ်ထဲမှာ အဲ့ဒါကြောင့် သေတယ်ပဲ စွဲနေတာနေမှာပေါ့"

​ဘိုးထင်တို့သည် ညောင်ပင်စုသင်္ခချိုင်းနံဘေးရှိ ဇရပ်ပေါ်မှ ဆင်းကာ စကားတပြောပြောနှင့် ရွာဘက်ဆီသို့ ပြန်လာခဲ့ကြ လေ၏။များမကြာသောအချိန်တွင်တော့ သူတို့နှင့်မျက်နှာချင်းဆိုင်ဆီမှ လူတစ်ယောက်လမ်းလျှောက်လာသည်ကိုမြင်လိုက်ရ၍ ပြောလက်စစကားများအားရပ်ပြီး ဆိတ်ဆိတ်နေကာ လမ်းလျှောက်လိုက်သည်။​များမကြာသောအချိန်တွင် သူတို့၏မျက်နှာချင်းဆိုင်တွင် လမ်းလျှောက်လာသူနှင့်နီးကပ်လာပြီး မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသူသည် သူတို့၏ရှေ့တွင် ရပ်တန့်လိုက်ပြီး လေသံခပ်အေးအေးဖြင့် စကားဆိုလေသည်။

​"ရွာလယ်က စန္ဒာခေါ်လို့လိုက်လာတယ်ဆိုတာ မင်းတို့လား"

​"ဟုတ်တယ် ခင်ဗျားက ဘယ်သူလဲ"

​"ငါ့နာမည် စိုးတင့် အောက်လမ်းစိုးတင့်လို့ခေါ်တယ် ကဲ မင်းတို့ထဲက ပညာတတ်တဲ့ကောင်က ဘယ်သူလဲ"

​စိုးတင့်မှထိုသို့မေးလာရာ ဘိုးထင်သည် စိုးတင့်အား စူးစူးရဲရဲကြည့်လိုက်ပြီး

​"ကျုပ်ပဲ ဘာပြဿနာရှိလို့လဲ"

​"ဘာပြဿနာမှတော့မရှိပါဘူး မနက်ဖြန်ညကျရင် မင်းတို့ ကိုခေါ်လာတဲ့ ကောင်မလေးအိမ်ကို ပစ်မထားနဲ့ဦးနော်"

​"ခင်ဗျားဆိုလိုချင်တာက"

​"မနက်ဖြန်ကျရင် မင်းသိရမှာပေါ့ကွာ ကဲ ကဲ မင်းတို့လည်း သွားနားလိုက်ကြဦး မနက်ဖြန် မင်းတို့အိပ်ရမှာ မဟုတ်လို့"

​စိုးတင့်သည်ထိုသို့ပြောပြီး ဘိုးထင်တို့၏ပုခုံးအားဝင်တိုက်ကာ သင်္ချိုင်းဖက်ဆီသို့ ထွက်သွားလေသည်။ မကျေမနပ်ဖြစ်နေသည့် ပေတူးနှင့် သာအေးတို့ အောက်လမ်းစိုးတင့်အား ပြစ်တင်ပြောဆိုမည့်ပြင်လိုက်ချိန် ဘိုးထင်မှ သူတို့ နှစ်ယောက်၏ပုခုံးကိုပုတ်လိုက်ပြီး

​"လာစမ်းပါကွာ ထားလိုက်"

​"ဟေ့ကောင် အဲ့လူ ငါတို့ကိုလာပြီး စော်ကားသွားတာလေ"

​"ဒီကိစ္စက ပညာချင်းယှဉ်ရမဲ့ကိစ္စတွေပါကွာ ထားလိုက်တော့ လာ လာ တို့ပြန်အိပ်ရအောင်"

​ဘိုးထင်သည် ပေတူး နှင့် သာအေးတို့၏ ပုခုံးတစ်ဖက် တစ်ချက်ကိုဖက်ကာ ခပ်ပြုံးပြုံးအမူအရာနှင့်ပင် ရွာထဲသို့ ပြန်ဝင်လာလေသည်။ထို့နောက် သူသည် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်သော အောက်လမ်းစိုးတင့်အားလှည့်ကြည့်လိုက်ကာ မဲ့ပြုံးတစ်ချက် ပြုံးပြီးနောက် ဘကြီးမှုန်အိမ်သို့ တန်းတန်းမတ်မတ်ပြန်လာလိုက်ကြပါလေတော့သတည်း။