ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော ဘုန်းကြီးကျောင်းကခေါင်းတလားကြီး

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော ဘုန်းကြီးကျောင်းကခေါင်းတလားကြီး

12 Jun, 2026
သောင်ထွန်းရွာသို့မောင်တိုးတို့ပြန်ရောက်လာသည်မှာ
တစ်ပတ်မျှရှိလေပြီ။

"အမယ်လေး...ကျုပ်ဖြင့် ဒင်းထက် ဒီမိန်းကလေးကို
စိတ်ပူနေခဲ့ရတာ...တော်ပါသေးတယ်...အခုလိုလေးမြင်ရတော့ စိတ်အေးရပါတယ်တော်..."

ဒေါ်တာ ခမျာ သားထက်ချွေးမကိုအချစ်ပိုနေခဲ့ရှာသည်။

"မင်္ဂလာပွဲအတွက်တော့ စုထားဆောင်းထားတာလေးနဲ့တင်တောင်းရမှာပေါ့...မိန်းကလေးဘက်က ကျုပ်သားနဲ့
သဘောတူပေးကြတင်ပဲကျုပ်က
ဝမ်းသာနေရပါပြီတော်..."

အမေတစ်ခုသားတစ်ခုဘဝပေမို့ ဒေါ်တာသည်
ရှာဖွေစုဆောင်းထားသမျှအား သားဖြစ်သူအတွက်
တင်တောင်းပေးဖို့ ဆုံးဖြတ်ခဲ့ရှာသည်။

"အေးလေ...ညည်းတို့တတွေနှစ်ဦးနှစ်ဖက်အဆင်ပြေကြတော့ ဘွားအနေနဲ့လည်းဝမ်းသာပါတယ်...
နေ့ကောင်းရက်မြတ်ရွေးပြီးရင် ရွာသစ်မှာပဲ
မင်္ဂလာပွဲပြင်ကြတာပေါ့ကွယ်..."

ဘွားမယ်စိန်ကပြောတော့ မောင်တိုးနဲ့ခင်မြချစ်တို့
အပြုံးများဝေဖြာနေခဲ့ကြသည်။
ထိုသို့ဖြင့် နှစ်ဖက်မိဘလူကြီးများတိုင်ပင်ကာ
မင်္ဂလာပွဲကိုပြင်ဆင်ပေးခဲ့ကြလေသည်။
သောင်ထွန်းရွာ...ရွာသစ်ရွာအပြင် နံဘေးရွာများကိုပါ
မင်္ဂလာဆောင်လာရောက်ဖို့ဖိတ်ကြားခဲ့ကြသည်။
ဘွားမယ်စိန်၏သားတပည့်ဖြစ်တာကြောင့်
မင်္ဂလာပွဲရက်သို့ရောက်တော့ ထင်ထားကြသည်ထက်
လူအတော်များများရောက်လာခဲ့ကြသည်။
အလှုကြီးတစ်ခုပမာအတော်လေးစည်းကားလှ၏။
မင်္ဂလာဆောင်၌ထမင်းကျွေးသည်မို့
ထမင်းချက်သူ...ဟင်းချက်သူများပင် အတော်လေး
ပင်ပန်းကြရရှာသည်။

"ဟူးးးးး...အခုမှပဲအမောပြေတော့တယ်ဗျို့..
မောင်တိုးရေ...မင်းအလှည့်ပြီးရင် ငါ့အလှည့်ဆိုတာ
မမေ့နဲ့ဟေ့...."

မောင်အုန်းမှာ ဧည့်ခံပွဲလာသူများနည်းပါးသွားလေမှ
အသံကျယ်ကျယ်ငြီးတွားရှာသည်။
သတိုးသားနဲ့သတိုးသမီးမှာတော့
မမောနိုင်မပန်းနိုင်ဖြစ်နေကြလေသည်။

"ကဲ...ရော့ရော့...ရေနွေးလေးသောက်လိုက်ဦးမောင်အုန်း"

ဘွားမယ်စိန်နဲ့ ဒေါ်နော်ခမ်းတို့လူကြီးများက စားပွဲ၌
ထိုင်၍ မင်္ဂလာပွဲလာသူများကို ကြည့်နေခဲ့ကြသည်။
မောင်အုန်းမှာဒေါ်ဝင်းငှဲ့ပေးသော ရေနွေးကို
တဖူးဖူးမှုတ်၍မော့သောက်နေရှာသည်။
မောင်တိုးနဲ့ခင်မြချစ်တို့၏မင်္ဂလာပွဲမှာအောင်အောင်မြင်မြင်ဖြင့် ပြီးဆုံးသွားခဲ့လေသည်။
မင်္ဂလာပဲဲပြီးလေတော့ သျှောင်နောက်ဆံထုံးပါဆိုသည့်အတိုင်း ခင်မြချစ်မှာ မောင်တိုးတို့အိမ်၌သာ နေထိုင်ခဲ့လေသည်။ ဒေါ်နော်ခမ်းတို့တူဝရီးလည်း မောင်တိုးတို့မင်္ဂလာပွဲအပြီးနောက်ရက်မှာပင်တောင်ခြေရွာသို့
ပြန်သွားခဲ့ကြတော့သည်။

တစ်ရက်မှာတော့...

"ဘွားရေ...ဘွား...ဘွားရှိလားဗျို့..."

"ဟေ့...ဘယ်သူလဲ...ဝင်ခဲ့လေကွယ်..."

ခြံဝိုင်းအပြင်ဆီမှ အော်ခေါ်နေသံကြောင့် ဘွားမယ်စိန်ပြန်၍ထူးလိုက်သည်။
ဝိုင်းထဲဝင်လာသည်က ဘုန်းကြီးကျောင်းသားငသွင်ဖြစ်နေခဲ့၏။

"ဦးကြီးလာဗျ...ဘွားရှိတယ်..."

ငသွင်၏အနောက်၌ လူကြီးတစ်ယောက်လည်းပါလာခဲ့သည်။

"ဟဲ့ ငသွင်...ဧည့်သည်ပါလားတာလား"

ဒေါ်ဝင်းက ငသွင်ကိုမေးလိုက်တော့ ငသွင်က
ခေါင်းကိုညိတ်၍...

"ဟုတ်တယ်အရီး...ကျုပ်တို့ဆရာတော်ရဲ့
ဧည့်သည်ဗျ...ဆရာတော်က ဘွားဆီကိုလိုက်ပို့လိုက်စမ်းဆိုလို့ ကျုပ်က ခေါ်လာပေးတာ...ဦးကြီးထိုင်ဗျ"

"အေး...အေး...ငါ့တူ"

လူကြီးကလည်း ကွပ်ပျစ်ပေါ်သို့ဝင်ထိုင်လိုက်သည်။

"မမနန်း​ကြိုင်...ကျုပ်တို့ဆီမလာတာတောင်ကြာနေပြီနော်..."

ငသွင်က နန်းကြိုင်ကိုပြောရင်း ထန်းလက်ခုံ၌ဝင်ထိုင်သည်။

"အမေကြီးက ဘွားမယ်စိန်ထင်တယ်ဗျ"

"ဟုတ်ပါတယ်..."

"ကျုပ်နာမည်က ဦးသန်းထိုက်ပါ...
ဆရာတော်ဘုရားဆီလာရာကနေ အမေကြီးအ​ကြောင်းတွေ သိခဲ့ရပါတယ်...ကိုယ့်မှာလည်း
အခက်အခဲလေးကရှိနေတော့
လာပြီးအကူအညီတောင်းကြည့်တာပါဗျာ..."

ဟု...ဦးသန်းထိုက်ကပြောလေသည်။
ဘွားမယ်စိန်က ခေါင်းလေးညိတ်၍...

"ဘာအခက်အခဲများရှိနေလို့လဲ..."

ဟု...မေးလိုက်သည်။
ဦးသန်းထိုက်မျက်နှာက အကြောင်းအရာတစ်ခုကို
ပြန်လည်တွေးမိဟန်ဖြင့်လေပူတစ်ချက်ကိုအရင်
မှုတ်ထုတ်လိုက်သည်။

"ဒီလိုအမေကြီးရဲ့...ကျုပ်တို့ရွာမှာ
ကပ်ဆိုက်ပြီး လူတွေဒုက္ခရောက်နေကြရလို့ပါ"

"ဟေ...ကပ်ဆိုက်တယ်...ဟုတ်သလား...
ဘယ်လိုမျိုးကြောင့် ကပ်ဆိုက်တယ်လို့ပြောရတာလဲ"

ဘွားမယ်စိန်ကမေးတော့ ဦးသန်းထိုက်က...

"ကျုပ်တို့ရွာမှာလူတွေအဆက်မပြတ်သေနေကြလို့ခင်ဗျ...
အကြောင်းအရင်းမရှိဘဲ သေနေကြတာဆိုတော့
ရွာကလူတွေလည်း အကြောက်ကြီး
ကြောက်နေကြတာပေါ့အမေကြီးရယ်...
အဲ့သည်လိုကနေတခြားရွာကိုပြောင်းတဲ့သူတွေက
ပြောင်းပြေးကုန်ကြတော့
ရွာမှာကျုပ်တို့နဲ့ ကိုယ်အိမ်ကိုယ့်ယာကို
မစွန့်ခွာလိုကြတဲ့သူတွေသာကျန်ခဲ့တော့တာဗျ..."

"ဒီလိုကိစ္စမျိုး...ဘွားကြုံဖူးပါတယ်...
အဲ့သည်တုန်းကလည်း အလောင်းမြုပ်နည်းမမှန်လို့
လူတွေသေလိုက်ကြတာမပြောပါနဲ့ကွယ်...
ဘွားဖြေရှင်းပေးလိုက်လို့သာ ကျန်တဲ့သူတွေ
အသက်ချမ်းသာရခဲ့တာပေါ့...
အခုမောင်ရင်တို့ရွာကလည်း အဲ့သည်လိုမျိုးတစ်ခုခု
မှားနေပုံရတယ်ကွဲ့"

(လူတစ်ရာသေမည့်ရွာစာမူကိုပြန်လည်ဖတ်ရှု့နိုင်ပါတယ်)

"အလောင်းမြုပ်တာတွေကတော့
ကျုပ်တို့လူကြီးတွေကိုယ်တိုင် ကြီးကြပ်ပြီးလုပ်ကိုင်တာ
မလို့ အဲ့သည်ဘက်က​တော့မမှားလောက်ဖူးခင်ဗျ..."

ဦးသန်းထိုက်စကားကိုဘွားမယ်စိန်ခေါင်းညိတ်
လက်ခံလိုက်သည်။

"ဒါဆိုရင်တော့ ဘွားကိုယ်တိုင်မောင်ရင်တို့ရွာကို
လိုက်ခဲ့ပြီး ကြည့်ရှု့စစ်ဆေးပေးရတော့မှာပဲကွယ်..."

"ဒီလိုဆိုရင်တော့ကောင်းတာပေါ့အမေကြီးရယ်...
ကျုပ်လည်းဒီကိစ္စကိုစဥ်းစားရတာခေါင်းတောင်
ဆံပင်ကျန်​တော့မယ်မထင်ဘူးဗျာ"

"အေးပေါ့...ဒီလောက်ကြီးဖြစ်ပျက်နေတော့
ဘယ်စိတ်ချမ်းသာကြပါ့မလဲကွယ်...
ဒါနဲ့မောင်ရင့်ရွာနာမည်ကဘာများလဲကွဲ့"

"ကျုပ်ရွာနာမည်က ညောင်ကုန်းရွာလို့ခေါ်တယ်ဗျ...
ကျုပ်ကတော့ ညောင်ကုန်းရွာရဲ့သူကြီးပါအမေကြီး"

"သြော်...အေး...အေး...မောင်ရင်က အဲ့သည်ရွာကသူကြီးကိုးကွဲ့...ဒါကြောင့်လည်း ရွာအရေးကို
စိတ်ပူနေရှာတာပေါ့..."

"ဟုတ်ပါ့အမေကြီးရယ်...လူတွေအသေအပျောက်များတာ
အရမ်းသိသာလာတော့ ကျုပ်တို့လူကြီးတွေလည်း
အဖြေရှာကြပါသေးတယ်...ဒါပေမယ့်ဘယ်လိုမှကို
အဖြေကမပေါ်ဘူးခင်ဗျာ...အဲ့တာနဲ့ရွာမသန့်လို့များလားလို့တွေးမိကြပြီးဘုန်းကြီးတွေနဲ့ရွာကို ပရိတ်တရားတွေရွှတ်ခဲ့ကြပါသေးတယ်...မထူးပါဘူးဗျာ....
သေကြတာပါပဲ...ဘာကြောင့်သေလို့သေမှန်းကို
မသိရတာပါအမေကြီးရယ်..."

ညောင်ကုန်းရွာသူကြီးဦးသန်းထိုက်မှာ သူ့ရွာအတွက်
အတော်ပင်စိတ်သောကရောက်နေရရှာသည်။
ဘွားမယ်စိန်တို့လည်း လူသေဆုံးမှုများနေသော
ညောင်ကုန်းရွာအတွက်လည်း စိတ်မကောင်း
ဖြစ်နေမိကြသည်။

"အမေကြီး...ညောင်ကုန်းကိုဘယ်တော့လောက်
လိုက်လာခဲ့နိုင်မလဲ...ဟို...မေးတာကိုတော့
စိတ်မရှိပါနဲ့ဗျာ...အမေကြီးအားတဲ့ရက်လေး
ကျုပ်ဘက်ကသိချင်လို့ပါ..."

"မောင်ရင်ကရောဘယ်တော့လောက်
ညောင်ကုန်းကိုပြန်မှာလဲ...
ဖြစ်နိုင်ရင်တော့ မောင်ရင်ပြန်တဲ့နေ့လောက်ပဲ
လိုက်ခဲ့ပါ့မယ်"

"ကျုပ်ကအမေကြီးအတူလိုက်မယ်ဆိုရင်
မြန်လေကောင်းလေပေါ့ခင်ဗျာ..."

"အင်း...ဒါဆိုရင်ဖြင့် မနက်ဖြန်လောက်ပဲညောင်ကုန်းကို
သွားကြတာပေါ့ကွယ်...ဒါမှလည်း စောစောစီးစီး
ဘယ်အရာကရွာကို ဒုက္ခပေးနေသလဲဆိုတာ အဖြေရှာလို့ရမှာ"

"ဟုတ်ကဲ့အမေကြီး...ဒါဆိုရင်
မနက်ဖြန်မနက်စောစောလောက်
ကျုပ်လာခေါ်လိုက်ပါ့မယ်...
ဘုန်းကြီးကျောင်းမှာကျုပ်ရဲ့
နွားလှည်းကို ထားထားတယ်ခင်ဗျ..."

"အေးကွယ်...ဒါဆိုရင်​တော့ကောင်းတာပေါ့
ဘွားတို့ကိုလှည်းမောင်းလိုက်ပို့
လိုက်နေကြ သားတော်မောင်တွေက
မိန်းမယူထားတာမကြာသေးတဲ့သူနဲ့
ဟောနောက်တစ်ယောက်က
မိန်းမယူဖို့ပြင်ဆင်နေပြန်တော့...ဒီတစ်ခေါက်တော့
သူတို့ကိုထားခဲ့ပြီးဘွားရယ်...ဟောသည်က
ဘွားသမီးရှင်ညိုရယ်က...
မောင်ရင့်လှည်းနဲ့ပဲလိုက်ခဲ့လိုက်တော့မယ်ကွယ်..."

"ဟုတ်ကဲ့အမေကြီးစိတ်ချ...အပြန်လည်း
ကျုပ်လှည်းနဲ့လိုက်ပို့ပေးပါ့မယ်..."

သူကြီးဦးသန်းထိုက်က ဘွားမယ်စိန်တို့ညောင်ကုန်းရွာကို
လိုက်လာပေးမည်ဆို၍ ဝမ်းသာနေခဲ့သည်။
အလာတုန်းကအပူရုပ်ဖြစ်နေသော်လည်း
ယခုတော့ ရွှင်ပြလို့နေရှာသည်။

ဦးသန်းထိုက်နဲ့ငသွင်တို့ဘုန်းကြီးကျောင်းသို့ပြန်သွားကြချိန်...

"အမေ...ဒီတစ်ခေါက်အမေ့သားတွေကို
မခေါ်တော့ဘူးလား..."

"မခေါ်တော့ပါဘူးအေ...
သူတို့မှာက အိမ်ထောင်ဖက်တွေရှိနေကြပြီလေ...
သူတို့ကလိုက်ချင်ရင်တောင် အိမ်ထောင်ဖက်က
ကြည်ဖြူဦးမှ...ဒါကြောင့် မခေါ်တော့ပါဘူး"

"အမေရယ်...မောင်တိုးက​
ဘယ်ကိုသွားသွားအရင်လိုပဲခေါ်ဖို့မှာ
ထားတယ်လေတော်..."

"နေပါစေတော့အေ...
မနက်ဖြန်တို့အမေတို့ကြီးပဲသွားလိုက်တော့မယ်...
သမီးရှင်ညို...အဝတ်အစားလေးထည့်ထားဦး...
ဘွားက လူကြီးဆိုတော့ နှစ်ထည်လောက်ဆိုရပြီ
ညည်းကတော့လိုရမယ်ပိုယူခဲ့ပေါ့..."

"ဟုတ်ကဲ့အဘွား"

ဘွားမယ်စိန်က ရှင်ညိုကို အဝတ်အစားထည့်ဖို့ပြောလိုက်လေတော့ ဒေါ်ဝင်းစကားဆက်မပြောတော့ပေ။
အမေဖြစ်သူ၏စိတ်ကိုသိသောကြောင့်
အဝတ်အစားထည့်ဖို့အပေါ်တက်သွားသော
ရှင်ညို၏အနောက်သို့ ဒေါ်ဝင်းလိုက်လာခဲ့ရှာသည်။

"ရှင်ညို..."

"ရှင် အရီး"

"အမေ့ကိုတော့ပြောမရလို့မပြောတော့ပါဘူးအေ...
ဒါပေမယ့်ညည်းကိုတော့အရီးမှာလိုက်ဦးမယ်"

"ဘာများလဲအရီးရဲ့..."

"တခြားမဟုတ်ပါဘူးအေ...
ညည်းအဘွားကအရင်ကဆိုရင် ဘယ်ကိုပဲသွားသွား
ညည်းအစ်ကိုတွေနဲ့အတူတူဆိုတော့
အရီးကစိတ်ချတယ်အေ့...
မောင်တိုး...မောင်အုန်းတို့ဆိုတာကလည်း
သူတို့အဘွားအတွက်ဆို အသက်ပေးပြီးကို ကာကွယ်ရဲကြတဲ့သူတွေမဟုတ်လား...
အခုသူတို့ကိုမခေါ်သွားတော့ဘူးဆိုတော့ညည်းအဘွားအတွက် အရီးစိတ်ပူမိပြန်တယ်...
ဒါကြောင့် ညည်းအဘွားကို ဂရုစိုက်ပေးပါဦးရှင်ညိုရယ်"

ဟု...ဒေါ်ဝင်းကပြောတော့ ရှင်ညိုပြုံး၍
ခေါင်းကိုညိတ်လိုက်သည်။

"စိတ်ချပါအရီးရယ်...
ကျုပ်ကော အဘွားကောက သာမာန်လူတွေမဟုတ်ဖူးဆိုတာ အရီးလည်းသိနေတာပဲ...
ဒါပေမယ့်လို့ အန္တရာယ်တစ်ခုခုနဲ့ထိပ်တိုက်တွေ့လာပြီဆိုရင်တော့ အဘွားကို ကျူပ်ဘက်ကအထိခိုက်မခံပါဘူး...
ဒါကိုတော့စိတ်ချပါအရီး"

"အေးပါအေ...ညည်းဘက်ကဒီလိုလေးပြောတော့အရီးစိတ်ချမ်းသာပါတယ်...ညည်းလည်း
ဂရုစိုက်ဦးနော်ရှင်ညို...ညည်းလည်း အရီးရဲ့သမီးပါပဲ...
ညည်းကိုလည်းစိတ်ပူပါတယ်အေ"

"စိတ်မပူပါနဲ့အရီးရယ်...
ဖြစ်မလာသေးတာကိုကြိုတွေးပြီးစိတ်ပူပန်တာက
လူကိုအိုမင်းစေတယ်တဲ့လေ...
ဒါကြောင့် မအိုချင်ရင်တော့စိတ်လေးကိုလျော့ထားပါအရီးရဲ့"

"အေးပါအေ...ကျုပ်ကလည်းမအိုချင်သေးပါဘူး...
နုနုပျိုပျိုလေးတော့နေချင်သေးတာပေါ့အေ့..."

"ကဲ ဆက်နုတော် ဆက်နု...
ကျုပ်ကတော့အဝတ်ရွေးလိုက်ဦးမယ်"

ဟု...ရှင်ညိုကပြောပြီးယူသွားမည့် အဝတ်အစားများကို
ရွေးနေတော့သည်။ ဒေါ်ဝင်းကတော့ ရှင်ညိုကိုသာ
ပြုံးပြုံးကြီးကြည့်နေခဲ့ရှာသည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့
သူကြီးဦးသန်းထိုက်က သူ၏နွားလှည်းဖြင့်
ဘွားမယ်စိန်တို့ကိုလာခေါ်သွားခဲ့သည်။
ညောင်ကုန်းကျေးရွာက အတော်လေးတိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။
လှည်းအထက်မှနေ၍ဘွားမယ်စိန်သည် ရွာအား သေချာပင်ကြည့်နေခဲ့၏။

"အရင်ကတော့အတော်နေထိုင်လို့ကောင်းတဲ့
ရွာပါအမေကြီးရယ်...အခုတော့ကြည့်ပါဦးဗျာ...
ခြောက်ကပ်ပြီး တိတ်ဆိတ်နေလိုက်တာ...
နေတဲ့လူတွေကလည်း လူကြီးတွေပဲများတော့တယ်...
လူငယ်တွေကိုတော့ ရွာမှာမထားကြဘူးခင်ဗျ..."

ဟု...သူကြီးဦးသန်းထိုက်က သူ့ရွာအားကြည့်၍
စိတ်မကောင်းစွာပြောရှာလေသည်။
ဘွားမယ်စိန်နဲ့ရှင်ညိုတို့ခမျာလည်း ရွာလေးကိုကြည့်ရင်း
စိတ်မကောင်းဖြစ်နေကြရှာသည်။

"ဒါ...ကျုပ်အိမ်ပဲဗျ...
မိန်းမရေ...မိန်းမ..."

"ဟင်...ကိုသန်းထိုက်...တော်ပြန်လာပြီ..."

"အေးဟ...လာပါဦး...အမေကြီးတို့ကို
အိမ်ထဲခေါ်သွားဟေ့...နေရာထိုင်ခင်းကိုလည်း
သေချာချပေးဦး...ငါနွားတွေဖြုတ်လိုက်ဦးမယ်"

"ဟုတ်ကဲ့...အမေကြီး...ကျူပ်ကိုတွဲဆင်းပါ..."

သူကြီးဦးသန်းထိုက်၏မိန်းမက ဘွားမယ်စိန်ကို
နွားလှည်းပေါ်မှဆင်းရတာလွယ်ကူစေရန် ကူ၍
တွဲခေါ်ပေးသည်။
နေအိမ်ထဲသို့ခေါ်သွားပြီး...

"အမေကြီးဟောသည်မှာ ထိုင်ပါဦး...
တူမကြီးလည်းထိုင်နော်..."

"ဟုတ်ကဲ့"

ရှင်ညို ခေါင်းညိတ်၍ ပြောလိုက်သည်။

အိမ်ထဲ၌ သူကြီးက​တော်အပြင်
အဘွားအိုတစ်ဦးလည်းရှိနေခဲ့သည်။
အဘွားအို၏ခန္ဓာကိုယ်မှာပိန်ပိန်သေးသေးလေးသာ
ဖြစ်သည်။အဘွားအိုသည်ကွမ်းအားသွားမပါသော်လည်း
သွားဖုံးဖြင့် ကြိတ်ချေကာဝါးနေခဲ့ပြီးမျက်လုံးများက
ဘွားမယ်စိန်တို့ကိုစူးစမ်းသလိုဖြင့်ကြည့်နေခဲ့လေသည်။

"အမေကြီး...ဟောဒါက ကျုပ်မိန်းမ မိပြားတဲ့ဗျ...
ဒါကတော့သူ့အမေ ဒေါ်အေးပုတဲ့...
မိန်းမရေ...ဟောသည်အမေကြီးက
ငါတို့ရွာကိစ္စကြောင့်လိုက်လာခဲ့တာဟ...
အမေကြီးတို့နေဖို့စားဖို့ အကုန်လုံး
နင်သေချာလုပ်ပေးပေါ့ဟာ..."

"ဟုတ်ကဲ့ပါကိုသန်းထိုက်ရယ်...
ကျုပ်အမေကြီးတို့ကို ဂရုစိုက်ပါ့မယ်တော့်"

သူကြီးဦးသန်းထိုက်က ဘွားမယ်စိန်တို့ကိုဂရုစိုက်ဖို့
သူကြီးကတော်ကိုသေချာစွာမှာကြားနေခဲ့သည်။

"အမေကြီးတို့ ထမင်းစားကြရအောင်လေ...
ကျုပ်ပြင်ထားပြီ"

"အေး...အေး...အေး...စားကြတာပေါ့...
ဒါနဲ့ ညည်းတို့ကောအတူတူဝင်စားကြလေအေ"

"ရတယ်အမေကြီး...ကျုပ်နဲ့အမေက မဆာသေးလို့ပါ
အမေကြီးတို့က ခရီးလည်းပန်းလာကြတာဆိုတော့
ဆာနေကြမှာလေ...အမေကြီးတို့ပဲ လွတ်လွတ်လပ်လပ်စားကြပါ"

"ဟုတ်တယ်...ကျုပ်တို့ကမဆာသေးဘူး"

သူကြီးကတော်နဲ့အမေဖြစ်သူတို့က ဘွားမယ်စိန်တို့ကို
ထမင်းအရင်စားစေသည်။
ဘွားမယ်စိန်တို့ထမင်းစားနေစဥ် သူကြီးကတော်က
နံဘေး၌ ယပ်တောင်ခတ်ပေးနေခဲ့သည်။
ထမင်းစားပြီးလေတော့အကြမ်းရေအိုးနှင့်
ထန်းလျက်ခဲပန်းကန်လေးထပ်ချပေးထားပြန်သည်။
အကြမ်းရေလေးသောက် ထန်းလျက်လေးစားရင်း...

"သူကြီးကဘယ်များထွက်သွားတာလဲ"

"ကိုသန်းထိုက်က အမေကြီးတို့ထမင်းစားနေတုန်း
ရွာထဲခဏထွက်သွားတယ်တော့်...
သူ့ခမျာလည်းဒီရွာအတွက် စိတ်မအေးဖြစ်နေရရှာတာပါ
အမေကြီးရယ်..."

"အင်းပေါ့...ဒါနဲ့ ညည်းတို့အိမ်မှာနေတဲ့
လူကဒါအကုန်ပဲလားအေ့..."

"သားတစ်ယောက်သမီးတစ်ယောက်တော့ရှိပါတယ်အမေကြီးရယ်...ရွာကလည်းအမေကြီးသိတဲ့အတိုင်း...လူသေတာတွေများနေတော့ ကလေးတွေကို တစ်ဖက်ရွာက
ဦးလေးတွေဆီပို့ထားရတယ်လေ..."

ဒေါ်ပြားကလည်း ဘွားမယ်စိန်မေးသမျှကို
ပြန်ဖြေရှာသည်။
ခဏမျှကြာတော့ ရွာထဲထွက်သွားသည့်
သူကြီးဦးသန်းထိုက်ပြန်ရောက်လာခဲ့၏။

"ဘာထူးသေးလဲကိုသန်းထိုက်..."

"ဘာမှမထူးပါဘူးကွာ...
အဘတင်တို့ဆီစကားဝင်ပြောနေတာပါ"

"တော်ထမင်းတော့မလား...
ကျုပ်ပြင်လိုက်မယ်"

"နေနေ...ငါမဆာသေးပါဘူး...
သြော်ဒါနဲ့...အမေကြီး...ရွာလည်းရောက်ပြီဆိုတော့
လုပ်စရာကိစ္စရှိရင်လည်းကျုပ်ကိုပြောပါဦး..."

"လုပ်စရာကိစ္စကတော့ နောက်မှပေါ့...
အခုဘွားရွာထဲကိုလှည့်ကြည့်ချင်သေးတယ်ကွဲ့"

"ရတယ်လေဗျာ...ကျုပ်လိုက်ပို့ပေးပါ့မယ်..."

"အေး...ဒါဆိုလည်းအချိန်မလင့်ခင်သွားကြတာပေါ့"

ဘွားမယ်စိန်က သူကြီးဦးသန်းထိုက်ကို
ရွာထဲလိုက်ပို့ခိုင်းသည်။
ဘွားမယ်စိန်၊ရှင်ညိုနဲ့သူကြီးဦးသန်းထိုက်တို့
ရွာထဲသို့ ထွက်လာခဲ့ကြတော့သည်။

ရွာထဲလှည့်လည်ကြည့်ပြီးနောက်...

"ရှေ့ဆို ရွာဦးကျောင်းကိုရောက်ပြီအမေကြီး...
အဲ့ကျောင်းမှာဆရာတော်ဘုရားရှိတယ်ဗျ...
ဝင်လိုက်ကြရအောင်ဗျ....အမေကြီးတို့နဲ့မိတ်ဆက်ပေးရတာပေါ့..."

ဟု...သူကြီးဦးသန်းထိုက်ကပြောလေသည်။
ဘွားမယ်စိန်လည်း ရွာဦးကျောင်းသို့လိုက်လာခဲ့သည်။
ဆရာတော်ဘုရားကို ဝတ်ပြုကြပြီးနောက်
ဆရ​တော်ဘုရားမှဘွားမယ်စိန်တို့၏အကြောင်းများကို
မေးမြန်းလေရာ သူကြီးဦးသန်းထိုက်မှ ပြန်လည်ဖြေပေး
ရှာသည်။

"ဘွား...ကျုပ် ကျောင်းအောက်ခဏဆင်းဦးမယ်..."

"အေး...အေး...သမီး...လျှော​က်မသွားနဲ့ဦးနော်"

"ဟုတ်ကဲ့..."

ရှင်ညိုတစ်ယောက်ထဲကျောင်းအောက်သို့ဆင်းလာခဲ့လိုက်သည်။
ကျောင်း၌ရှိသောကိုရင်လေးနှစ်ပါးက ရှင်ညိုကို
ကြည့်နေကြ၏။
ရှင်ညိုကတော့ပျင်းလှ၍ ကျောင်းဝန်းကိုသာ
လှည့်ပတ်ကြည့်နေခဲ့သည်။

လှည့်ပတ်ကြည့်ရင်း တံခါးဖွင့်ထားသည့် အခန်းတစ်ခုကို
ရှင်ညိုတွေ့လိုက်သည်။

"ဟင်..."

ရှင်ညိုမြင်လိုက်သောအရာကြောင့်
အလန့်တကြားပင်ဖြစ်သွားခဲ့ရှာသည်။
သို့သော် အမြင်မှားလေသလားအတွေးဖြင့်
ထိုအခန်းအနီးသို့ ရှင်ညိုသေချာသွားကြည့်ပြန်သည်။

"ဒါ...ဒါ...အခေါင်းကြီးပဲ...ဒါကြီးက
ဘာလို့ဒီမှာရှိနေရတာလဲ"

ဟု...ရှင်ညိုသည် ကြီးမားသော သစ်သားအခေါင်းကြီးကို
ကြည့်ရင်း အံ့သြနေခဲ့သည်။

"ဒီအခေါင်းကြီးက ကျောင်းကပါတကာမကြီးရဲ့...
ဘာများဖြစ်လို့လဲ"

အနီးသို့ရောက်လာသောကိုရင်နှစ်ပါးက
ရှင်ညို၏အမူအရာကိုကြည့်၍မေးကြသည်။

"ဒါကြီးက ကျောင်းက...ဘာလို့များ ကျောင်းမှာရှိနေရတာလဲ...ဒါကြီးမရှိသင့်ဘူးလေကိုရင်..."

"ဒီအကြောင်းကိုတော့ ကျုပ်တ်ို့လည်း သေချာမသိဘူး
တကာမကြီးရဲ့..တကာမကြီးသိချင်ရင်တော့
ဘုန်းကြီးကိုမေးကြည့်လိုက်ပါ..."

ကိုရင်၏စကားကြောင့် ရှင်ညိုကျောင်းပေါ်သို့
ချက်ချင်းပြန်တက်သွားသည်။
အလျင်စလိုဖြစ်နေသော ရှင်ညို၏အမူအရာကြောင့်
ဘွားမယ်စိန်သည်...

"ဘာများဖြစ်လို့လဲသမီး"

ဟု...မေးရှာ၏။

"ကျောင်းအောက်က အခန်းထဲမှာ
အခေါင်းကြီးတစ်ခုကို ကျုပ်တွေ့ခဲ့တယ်အဘွား..."

"ဟေ...အခေါင်းကြီး ဟုတ်လားသမီး"

"ဟုတ်တယ်အဘွား..."

ဘွားမယ်စိန်နှင့်ရှင်ညိုတို့ပြောနေကြသည်များကို
နားထောင်နေသည့် ဆရာတော်မှ...

"သြော်...တကာမလေးက သူဌေးဦးဘသန်းလှုခဲ့တဲ့
ကျွန်းအခေါင်းကြီးကိုမြင်ခဲ့ပုံရပါတယ်...
မလန့်ပါနဲ့တကာမလေးရယ်...
အဲ့တာကျောင်းကိုလှုခဲ့တဲ့ပစ္စည်းပါကွဲ့"

"ရှင်..."

"ဘယ်လိုဘုရား...ကျွန်းအခေါင်းကြီးကို
ဘုန်းကြီးကျောင်းလှူခဲ့တယ်...တပည့်တော်ကို
သေချာလေးပြောပြပေးပါဦးဘုရား... သေချာသိရမှပဲ
တပည့်တော်ဘက်က လုပ်သင့်တာလုပ်ပေးနိုင်မှာပါဘုရား..."

ဘွားမယ်စိန်စကားကြောင့် ဆရာတော်ဘုရားမှ...

"အင်း...ဒီလိုတကာမကြီးရဲ့...
ကျုပ်တို့ရွာမှာ အလွန်ချမ်းသာတဲ့
သူဌေးကြီးဦးဘသန်းဆိုတာရှိခဲ့တယ်...
သူဌေးကြီးက လူကြီးနာဖြစ်ပြီး အိပ်ရာထဲလှဲနေချိန်
သူကိုယ်တိုင်သူ့ကိုထည့်မယ့်အခေါင်းကို
စိတ်ကြိုက်လုပ်ခိုင်းခဲ့တာဗျ...
သူလုပ်ခိုင်းတာက ကျွန်သားနဲ့လုပ်တဲ့
အခေါင်းကြီးပဲဗျ...ကနုတ်ပန်းတွေဘာတွေနဲ့ဆိုတော့
အခေါင်းကြီးကအတော်လေးလှပြီး
ငွေကြေးအတော်ပေးရတယ်လို့ပြောကြတယ်...
အဲ့သည်လိုကနေ သူဌေးကြီးဦးဘသန်းလည်းဆုံးကော
သူ့အခေါင်းကြီးနဲ့သင်္ချိုင်းကုန်းကိုပို့ရတာပေါ့...
သူ့ကို မြေမြုပ်သဂြိုလ်ပေးပြီးတဲ့နောက်
ဒီအခေါင်းကြီးကိုသူ့မိသားစုက ကျုပ်ကျောင်းကို
လာလှူပေးသွားတာပဲဗျ...
အဲ့တာကလည်းသေသူရဲ့ဆန္ဒဆိုပဲတကာမကြီးရဲ့...
ရွာမှာနာရေးရှိခဲ့ရင် ဒီအခေါင်းကြီးနဲ့ပဲ
ပို့ပေးရတာပေါ့တကာမကြီးရယ်..."

ဟု....ရှင်းပြပေးလေသည်။

"တပည့်တော်တို့ အဲ့သည် အခေါင်းကို
ကြည့်လို့ရမလားဘုရား..."

"ရတာပေါ့...လာ...လာ...တကာမကြီး
ကျုပ်အနောက်ကလိုက်ခဲ့ပါ..."

ဘွားမယ်စိန်တို့လည်း ကျောင်းအောက်ကအခန်းထဲရှိ
ကျွန်းအခေါင်းကြီးကိုသွားကြည့်တော့သည်။
အခန်းအတွင်းရှိသစ်သားအခေါင်းကြီးကို ဘွားမယ်စိန်
မြင်လိုက်တော့အံ့သြသွားခဲ့သည်။
ရှင်ညိုကိုကြည့်လိုက်​တော့လည်း ရှင်ညိုကခေါင်းညိတ်ပြ၏။

ဘွားမယ်စိန်အခေါင်းကြီးပေါ်သို့ လက်ကိုတင်၍
မျက်လုံးများကိုမှိတ်လိုက်သည်။
ထိုစဥ် ဘွားမယ်စိန်၏အာရုံ၌ မည်းမည်းမှောင်မှောင်အခန်းကြီးထဲတွင် အခေါင်းကြီးက လှုပ်နေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ပြီးနောက်ဘွားမယ်စိန်မျက်လုံးများကို
ပြန်ဖွင့်လိုက်သည်။
ဆရာတော်ဘုရားနှင့် သူကြီးတို့ကိုကြည့်၍...

"ရွာမှာလူတွေသေနေရတာတွေ...
ရွာခိုက်နေတာတွေက ဒီကျွန်းအခေါင်းကြီးကြောင့်ပဲဘုရား"

"ဗျာ..."

ဆရာတော်ဘုရားနှင့် သူကြီးတို့အံ့သြသွားကြသည်။

"ဒီအခေါင်းကြီးက ညဘက်ဆိုရင် လှုပ်တယ်ဘုရား...
လူတွေသေဖို့ကိုခေါ်နေပုံရပါတယ်..."

"ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ရမလဲ အမေကြီး"

သူကြီးကမေးတော့ ဘွားမယ်စိန်လည်း သူကြီး၏မျက်နှာကိုကြည့်၍...

"ဘွားတို့ ဒီအခေါင်းကြီးကို မီးရှို့ဖျက်ဆီးပစ်ရမယ်...
ဒီလိုမှမလုပ်ပဲ ထားထားရင် မောင်ရင်တို့ရွာမှာ
လူကျန်မှာမဟုတ်တော့ဘူးကွဲ့"

"ဒါဆိုရင်တော့ မီးရှို့ကိုရှို့ရမှာပေါ့ဗျာ...
ဆရာတော်ဘုရား...တန်ဖိုးကြီးတဲ့အခေါင်းဖြစ်ပေမယ်လို့
လူ့အသက်ထက်တော့အရေးမကြီးဘူးဘုရား...
အဲ့တာကြောင့် တပည့်တော်တို့ကို မီးရှို့ဖျက်ဆီးခွင့်ပေးပါ"

"တကာကြီးရယ်...ကျုပ်ကလည်း ရွာခိုက်မယ်မှန်းမသိလို့
လက်ခံထားမိတာပါ...အခုလိုရွာခိုက်နေတာ
ဒါကြီးကြောင့်ဆိုရင်တော့ မီးရှို့...ရှို့...မြေမြုပ်မြုပ်
တကာကြီးတို့ကောင်းမယ်ထင်သလိုသာလုပ်ကြပါ"

ဆရာတော်ဘုရားထံမှခွင့်ပြုချက်ရ၍
သူကြီးမှာရွာထဲရှိလူများကိုသွားခေါ်ရသည်။
အခေါင်းကြီးအား ရွာသင်္ချိုင်းသို့သယ်၍
ဘွားမယ်စိန်ကိုယ်တိုင် ဂါထာများရွှတ်ဆိုပြီး မီးရှို့ပေးခဲ့သည်။

မီးများတောက်လောင်နေသော အခေါင်းကြီးကိုကြည့်၍
သူကြီးတို့ခမျာသက်ပြင်းတွေသာချနေကြရှာသည်။

"တောက်ကွာ...ငါတို့ရွာကလူတွေသေရတာ
ဒင်းကြောင့်ဆိုတာစောစောစီးစီးသိခဲ့ရမှာ...
အခုတော့ကွာ..."

ဟု...ပြောရင်း စိတ်မကောင်းဖြစ်နေကြရှာသည်။
ဘွားမယ်စိန်နှင့်ရှင်ညိုတို့ကိုတော့ ကျေးဇူးတင်စကားများ
လာပြောကြသည်။
ညောင်ကုန်းရွာ၌လည်း တစ်ပတ်မျှအထိဘွားမယ်စိန်တို့
နေခဲ့ကြသေးသည်။
ရွာအခြေအနေ​အေးချမ်းသည်ဟု ယုံကြည်ရလေမှ
သူကြီးဦးသန်းထိုက်က သောင်ထွန်းရွာသို့
ကိုယ်တိုင်ပြန်လိုက်ပို့ပေးရှာသည်။
ညောင်ကုန်းရွာရှိ ကျွန်းအခေါင်းကြီးကို ရှင်းလင်းပေးပြီးနောက် ရွာမှထွက်ခွာသွားကြသူများလည်း
ပြန်ရောက်လာကြသည်။
သူကြီးဦးသန်းထိုက်ခမျာ ရွာကလေး ယခင်လိုပြန်လည်
လူများလာသောကြောင့် ဝမ်းသာနေခဲ့ရှာသည်။

ပြီးပါပြီ။

ယခုဇာတ်လမ်းလေးက ရွာတစ်ရွာမှာအမှန်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါရှင်...
ဒါကိုစာရေးသူဘက်က သေချာလေးရေးပြပေးခြင်းဖြစ်ပါတယ်။

ယဥ်မင်း(ကန့်ဘလူ)