အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်း

09 Jun, 2026
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇွန်လ ၈ ရက်တွင် တွေ့ဆုံပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုထားသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ကိုယ်တိုင်ရေးပေးပို့စာကို ပေးအပ်ခဲ့သည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို လမ်းညွှန်ချက်အဖြစ်ထားရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဂျာကာတာက ထောက်ခံကြောင်း ဆူဂီယိုနိုက ထပ်လောင်းအတည်ပြုခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအဆင့်မြင့်တွေ့ဆုံမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံထုတ်ပြန်ချက်များအကြား ကွဲလွဲမှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဧပြီလရွေးကောက်ပွဲနှင့် အစိုးရသစ်ကို အင်ဒိုနီးရှားက အသိအမှတ်ပြုကြောင်း စစ်အုပ်စု၏ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် ယင်းကိစ္စရပ်များကို လုံးဝဖော်ပြထားခြင်းမရှိပေ။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအပြင် ဆူဂီယိုနိုသည် စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့်လည်း သီးခြားတွေ့ဆုံကာ ကုန်သွယ်ရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

သို့သော်လည်း အင်ဒိုနီးရှားသည် ပဋိပက္ခတွင် ပါဝင်နေသည့် အင်အားစုအသီးသီးနှင့် ဆက်လက်ထိတွေ့ဆက်ဆံလျက်ရှိပြီး စစ်အုပ်စုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း တက်ကြွစွာ ဆက်သွယ်လျက်ရှိသည်။

ယခုလဆန်းပိုင်းက တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအဖွဲ့များနှင့် စစ်အုပ်စုတို့ကို ဂျာကာတာ၌ သီးခြားစီဖိတ်ခေါ်၍ အလွတ်သဘောဆွေးနွေးပွဲများ ကျင်းပပေးခဲ့သည်။

ဆူဂီယိုနို၏ခရီးစဉ်သည် မကြာသေးမီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့ နေပြည်တော်သို့ လာရောက်ခဲ့သည့် ခရီးစဉ်များနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုသို့ သံတမန်ရေးအရ ထိတွေ့မှုများရှိနေသော်လည်း ဘုံသဘောတူညီချက် ငါးချက်ကို စစ်အုပ်စုက အကောင်အထည်ဖော်ရန် ပျက်ကွက်နေသဖြင့် ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးကတည်းက မင်းအောင်လှိုင်အား အာဆီယံတရားဝင်ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။

စာတည်း။ ။ နောင်နောင်

ဓာတ်ပုံ - အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇွန်လ ၈ ရက်တွင် တွေ့ဆုံပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုထားသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ကိုယ်တိုင်ရေးပေးပို့စာကို ပေးအပ်ခဲ့သည်။ (စစ်အုပ်စု)