မွေးစားခံရဖို့ ကလေးမလေးအဖြစ်ဟန်ဆောင်ခဲ့တဲ့အမျိုးသမီး

မွေးစားခံရဖို့ ကလေးမလေးအဖြစ်ဟန်ဆောင်ခဲ့တဲ့အမျိုးသမီး

09 Jun, 2026
🙄 မွေးစားခံရဖို့ (၁၂) နှစ်အရွယ် ကလေးမလေးအဖြစ် ဟန်ဆောင်လိမ်လည်ခဲ့တဲ့ (၃၇) နှစ်အရွယ် အမျိုးသမီး

ဘရာဇီးနိုင်ငံမှ အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ယောက်က မိသားစုတစ်ခုရဲ့ မွေးစားခံရဖို့ အော်တစ်ဇင် (autistic) ဖြစ်နေတဲ့ (၁၂) နှစ်အရွယ် မိန်းကလေးငယ်လေးအဖြစ် တစ်နှစ်ကျော်ကြာ ဟန်ဆောင်လှည့်စားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ Santa Catarina ပြည်နယ် ရဲတပ်ဖွဲ့ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အဆန်းပြားဆုံး မှတ်ပုံတင်အတုလုပ် လိမ်လည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ နှိပ်စက်ခံထားရတဲ့ (၁၂) နှစ်အရွယ် ကလေးမလေး တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ဒေသခံ မိသားစုတစ်ခုက သူမကို မွေးစားလာအောင် လှည့်စားခဲ့တာ ဖြစ်ပါတယ်။

ဒီအမျိုးသမီးဟာ ဆော်ပိုလို၊ ရီယိုဒီဂျနေရိုနဲ့ မိနာစ်ဂျရိုက်မှာလည်း ယခုလို ကလေးအဖြစ် ဟန်ဆောင်ပြီး လိမ်လည်ခဲ့ဖူးတဲ့ အကြိမ်ကြိမ် ပြစ်မှုကျူးလွန်ထားသူ ဖြစ်နေကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။

Amanda Maria Souza de Oliveira ဆိုသူ ဒီအမျိုးသမီးဟာ Joinville မြို့မှ ဘုရားကျောင်း သင်းအုပ်ဆရာတစ်ယောက်ကို အရင်ဆုံး လှည့်စားခဲ့ပါတယ်။

သူမဟာ Pará ပြည်နယ်ရှိ နှိပ်စက်တတ်တဲ့ မိသားစုဆီကနေ ထွက်ပြေးလာတဲ့ Gabriela အမည်ရှိ (၁၂) နှစ်အရွယ် ကလေးမလေးဖြစ်ကြောင်း ယုံကြည်အောင် လှည့်စားပြောခဲ့ပါတယ်။

သင်းအုပ်ဆရာနဲ့ ဘုရားကျောင်းတက်သူတွေရဲ့ ယုံကြည်မှုကို ရသွားပြီးနောက် ငွေကြေးအကူအညီတွေ ရခဲ့ရုံသာမကဘဲ သူမကို ခေါ်ယူစောင့်ရှောက်ပေးမယ့် မိသားစုတစ်ခုနဲ့လည်း တွေ့သွားခဲ့ပါတယ်။

ထို့နောက် အိမ်သစ်ကို ရောက်သွားချိန်ခါမှာလည်း သူမက ကလေးတစ်ယောက်လို ပုံစံမျိုးဖြစ်အောင် အသေအချာ သရုပ်ဆောင်ခဲ့ပါတယ်။

နို့ဗူးနဲ့ နို့စို့တာ၊ ညဘက်အိပ်တဲ့အခါ စောင်ခြုံအိပ်မှ အိပ်ပျော်တယ်ဆိုတာမျိုးတွေအပြင် ကလေးအသံနဲ့ စကားပြောတာနဲ့ ညဘက်တွေမှာ အိပ်မက်ဆိုးတွေမက်လို့ လန့်နိုးသလိုမျိုး ဇာတ်လမ်းဆင်တာတွေ လုပ်ခဲ့ပါတယ်။

လူအများစုက ဒီအမျိုးသမီးရဲ့ ရုပ်ရည်က သူမရဲ့ အသက်ထက် ပိုကြီးပုံပေါက်နေတာကို ဒီမိသားစုက ဘာကြောင့် ယုံသွားရတာလဲလို့ အံ့သြနေကြပါတယ်။

ဒါပေမဲ့ Amanda က သူမဟာ ငယ်ငယ်တုန်းက ဟော်မုန်းဆေးတွေ အတင်း တိုက်ကျွေးခံခဲ့ရလို့ ရုပ်ရည်က ပြောင်းလဲသွားတာဖြစ်ပြီး ဖခင်ရဲ့ နှစ်ရှည်လများ နှိပ်စက်မှုကို ခံခဲ့ရတာကြောင့်လည်း ရုပ်ရည်ရင့်သွားတာပါလို့ လိမ်ထားခဲ့ပါတယ်။

သူမကို ခေါ်ယူစောင့်ရှောက်ထားတဲ့ မိသားစုကလည်း Amanda ပြောသမျှကို ယုံကြည်ပြီး သူမကို ချစ်ခဲ့ကြပါတယ်။ သူမအတွက် (၁၂) နှစ်ပြည့် မွေးနေ့ပွဲ လုပ်ပေးခဲ့ကြပြီး ဝလွန်းတဲ့ရောဂါအတွက် ဆေးဖိုးတွေ စိုက်ထုတ်ပေးကာ တရားဝင် မွေးစားဖို့အထိ စီစဉ်ခဲ့ကြပါတယ်။

ဒီမိသားစုကတော့ မရိပ်မိခဲ့ပေမဲ့ သူတို့ ပတ်ဝန်းကျင်မှ လူတွေကတော့ Amanda ကို သံသယဝင်လာကြပါတယ်။ နောက်ဆုံးမှာ ဆွေမျိုးတစ်ယောက်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ဒီကလေးမလေးရဲ့ နောက်ကြောင်းကို စုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလိုက်ရာ Amanda ဟာ အသက် (၁၂) နှစ်အရွယ် Gabriela အဖြစ် သရုပ်ဆောင်ကာ ဘရာဇီးနိုင်ငံအနှံ့မှာ မိသားစုတွေကို သနားအောင်လုပ်ပြီး လိမ်လည်စားသောက်နေတဲ့ အသက် (၃၇) နှစ်အရွယ် လူကြီးတစ်ယောက် ဖြစ်နေတာကို သိရှိလာရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း သူမက (၁၂) နှစ်အရွယ် ကလေးမလေးအဖြစ် ဟန်ဆောင်ပြီး စုန်းကဝေ အစီအရင်တွေရဲ့ သားကောင်ဖြစ်ခဲ့ရတယ်လို့ လူတွေယုံအောင် သူ့အရေပြားထဲကို သံအပ် အချောင်း (၁၀၀) ခန့် ထိုးထည့်ပြီး လိမ်လည်ခဲ့ဖူးပါသေးတယ်။

နောက်ဆုံးမှာ Amanda ဟာ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချိန်မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ သူမကို လိမ်လည်မှု၊ မှတ်ပုံတင် အလွဲသုံးစားပြုမှုတွေနဲ့ တရားစွဲဆိုထားပြီး Joinville အကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

သူမရဲ့ ရှေ့နေကတော့ Amanda ဟာ စိတ်ရောဂါ ခံစားနေရတာဖြစ်နိုင်ပြီး မိမိလုပ်ရပ်အပေါ် အပြည့်အဝ တာဝန်မယူနိုင်တဲ့အတွက် စိတ်ကျန်းမာရေး စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။