ဘွားမယ်စိန်နှင့်ဝဋ်ကြွေးဆပ်သူ  မူရင်းရေးသားသူ ယဥ်မင်း(ကန့်ဘလူ)

ဘွားမယ်စိန်နှင့်ဝဋ်ကြွေးဆပ်သူ မူရင်းရေးသားသူ ယဥ်မင်း(ကန့်ဘလူ)

09 Jun, 2026
"မမဝင်း...ဘယ်သွားမလို့လဲဗျ..." ဒေါ်ဝင်းနှင့်သူကြီးဦးနောင်ချိုတို့ ရွာလမ်းမ၌တွေ့ကြသည်။ "ဟော...သူကြီးတို့ပါလား... ဘယ်မှမသွားပါဘူးတော်...မနက်ဖြန် မုန့်ဆီကြော်လေး အမေတို့ကိုကြော်ကျွေးချင်တာနဲ့ ကောက်ညှင်းဆန်သွားထောင်းလာတာ..." "ကောင်းပါ့ဗျာ...ဒါနဲ့အိမ်မှာဘွားရှိတယ်မလား" "ရှိပါ့တော်...ဘာလဲ... သူကြီးတို့က ကျုပ်အိမ်ဆီကို​သွားမလို့လား" "ဟုတ်ပဗျာ...ဒီမှာလေ ကျုပ်ဧည့်သည်က ဘွားနဲ့တွေ့ချင်တယ်ဆိုလို့ လိုက်ပို့ပေးတာပါ..." "ဟယ်...ဒါဆိုရင်အမေတို့တော့ ခရီးထွက်ရဦးမယ်ထင်တယ်... ကျုပ်မုန့်ဆီကြော်မယ့်ကိစ္စကတော့ နောက်ရွေ့ရပြန်ဦးမယ်" ဟုဒေါ်ဝင်းကပြောတော့သူကြီးဦးနောင်ချိုမှ... "ခရီးမသွားရပါဘူးဗျာ...အဲ့အတွက်စိတ်မပူပါနဲ့ ကျုပ်ဧည့်သည်ကဘွားနဲ့တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ယုံတင်ပါမမဝင်းရဲ့" "သြော်...တော်ပါသေးရဲ့တော်" ဟုပြော၍ဒေါ်ဝင်းရယ်လေသည်။ အိမ်သို့ရောက်လာကြတော့... "အမေ...ဟောသည်မှာသူကြီးနဲ့ အတူတူဧည့်သည်လည်းပါလာတယ်တော့်..." "ဟုတ်လား...ဒါဖြင့်လည်းဝင်လာကြလေ..." ဘွားမယ်စိန်ကကွပ်ပျစ်ခင်းပေါ်၌ထိုင်နေသည်။ ထိုင်နေသည်ဆိုသော်လည်းလက်၌ပုတီးကိုင်၍ စိပ်နေခြင်းဖြစ်၏။ သူကြီးဦးနောင်ချိုနှင့်အတူပါလာသောဧည့်သည်တို့က ကွပ်ပျစ်ခင်း၌ဝင်ထိုင်ကြသည်။ ဒေါ်ဝင်းကတော့ ကောက်ညှင်းဆန်ထောင်းထားသော ဗန်းအားမီးဖိုထဲသို့​အရင်သွားထား၏။ ပြီးလေမှအကြမ်းရည်အိုးကိုရေနွေးထပ်ဖြည့်ပေးပြီး ပြန်ရောက်လာခဲ့လေသည်။ "ဘွား...ဒါကျုပ်ဧည့်သည်... သဲချောင်းရွာကသူကြီးခင်ဗျ... နာမည်ကတော့ဦးဘတူတဲ့..." "သြော်...အေးကွယ်... တွေ့ရတာဝမ်းသာပါတယ်... ဘွားဆီကိုလာတာဆိုတော့ ဘာအကြောင်းကိစ္စများရှိနေလို့လဲ..." ဟုမေးသောအခါသဲချောင်းရွာသူကြီးဦးဘတူမှ... "အကြောင်းကိစ္စရယ်လို့မရှိပါဘူးခင်ဗျာ... ကျုပ်နဲ့သူကြီးဦးနောင်ချိုတို့ မြို့မှာဆုံလို့စကားစပ်မိရာကနေ ဘွားရဲ့အကြောင်းတွေသိခဲ့ရပါတယ်... ဘွားအကြောင်းကြားတော့တွေ့ချင်စိတ်တွေကတဖွားဖွားပေါ်လာခဲ့တာမလို့ကျုပ်လည်းရွာကိုပြန်သေးဘဲ ဒီရွာကိုလိုက်လာခဲ့တာပါ" "သြော်...အေးပါကွယ်..." "ဘွားကိုမြင်တော့ကျုပ်တို့ရဲ့ အမေညိုကိုတောင် သတိရမိပါသေးတယ်ဗျာ..." "အမေညိုဆိုတာဘယ်သူများလဲ... မောင်ရင့်ရဲ့အမေလားကွဲ့" "မဟုတ်ပါဘူးဗျာ... အမေညိုဆိုတာကျုပ်နဲ့ကဆွေမျိုးနီးစပ်တော်တဲ့သူပါ... ကျုပ်တို့သဲချောင်းတစ်ရွာလုံးကို ဝဋ်ကြွေးဆပ်သွားရသူပေါ့ဗျာ" "ဝဋ်ကြွေးဆပ်သွားရတဲ့သူ...ဟုတ်လား မောင်ရင့်စကားကထူးဆန်းလှပါလားကွဲ့" " အမေညိုအကြောင်းကိုဘွားကိုပြောပြရင်တော့ အကြောင်းစုံသိရမှာပါခင်ဗျာ... ဒါကလည်းဘွားသိချင်မှပါ..." "အင်း...စိတ်တော့ဝင်စားမိသားကွဲ့... ကဲပါ...မောင်ရင်ပြောပြမယ်ဆိုရင်တော့ နားထောင်ချင်တာပေါ့ကွယ်..." "ဟုတ်ကဲ့...ဘွားကနားထောင်မယ်ဆိုရင်တော့ ကျုပ်ပြောအားရှိတာပေါ့..." ဟုသူကြီးဦးဘတူကဘွားမယ်စိန်ကိုပြောလိုက်သည်။ ပြီးနောက်...အမေညိုဆိုသူ၏အကြောင်းနှင့် သဲချောင်းရွာ၏အကြောင်းအား ဆက်၍ပြောပြတော့၏။ ** ရွာအမည်က သဲချောင်းရွာဟုခေါ်သည်။ သဲချောင်းလေးက ရွာနံဘေး၌စီးဆင်းနေပြီး ယာခင်းများဖြင့်စိမ်းစိမ်းစိုနေသော သာယာလှသည့်ရွာကလေးပင်ဖြစ်၏။ ရွာ၏အနောက်ဖက်၌ဘုရားနီဟုခေါ်သော ဘုရားပျက်ကြီးကလည်းခြုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာဖြင့်တည်ရှိလေသည်။ ထိုသို့အေးချမ်းသာယာလှသောရွာကလေး၌... "အမယ်လေး...ကယ်ကြပါဦး...ကျုပ်သားအပူတွေကြီးပြီး ခေါ်လို့မရတော့ဘူး...အီးးးဟီးးးးဟီးးးးးးး..." ဟုသောအော်ဟစ်ငိုယိုသံသည် ညသန်းခေါင်အချိန်၌ထွက်ပေါ်လာခဲ့လေသည်။ ထိုနည်းတူစွာ... "အမေရေ...ကျွန်မသားလေးကိုကယ်ပါဦးတော့်... အီးးးးဟီးးးးးးဟီးးးးးးးးးး" ဟူသောအော်သံကတူညီစွာထပ်မံထွက်ပေါ်လာလေတော့ ရွာသူ၊ရွာသားတို့မှာ လန့်၍နိုးလာခဲ့ကြသည်။ ရွာသူရွာသားတို့နိုးလာကြစဥ် ငိုယိုသံများဖြင့် ဆေးဆရာကြီး၏အိမ်သို့အပြေးအလွှားသွားသံများကိုပါ ကွားလိုကျကွရ၏။ ထိုသို့ရွာလန့်သဖြင့်... သဲချောင်းရွာသူကြီးဦးဘတူမှာလည်း ဆေးဆရာကြီးဦးဖိုးထူးအိမ်ဆီသို့လူအုပ်ဖြင့် ရောက်လာခဲ့တော့သည်။ "ဘာဖြစ်ကြတာလဲဟေ့... ဘယ်အိမ်ကဘယ်သူဘာဖြစ်တာလဲ..." ဟုမေးလေရာ...ရွာသားတစ်ဦးမှ... "သူကြီး...ကလေးနှစ်ယောက်ဖျားပြီးခေါ်မရဖြစ်နေလို့ဗျ..." "ဟေ...ဘယ်သူ့ကလေးတွေလဲကွ..." "မပုတင်သားနဲ့ မတင်လှသားသူကြီး" "ဟ...ဒီကလေးတွေကတစ်ရွယ်ထဲလည်းဖြစ်... ကစားဖော်တွေလည်းဖြစ်နေကြတာမလား... ဘယ်လိုများဖြစ်ကြတာလဲကွ" "မသိဘူးသူကြီး...အခုတော့ဆေးရာကြီးကြည့်ပေးနေတယ်... ကလေးတွေကြည့်ရတာ တစ်ခုခုလန့်နေကြပုံပဲဗျ" ရွာသားစကားကိုဘေးမှလည်းထောက်ခံကြသည်။ သူကြီးဦးဘတူကလည်းသူ၏မုတ်ဆိတ်မွှေးများကိုလက်ဖြင့် သပ်ရင်းစဥ်းစားနေပုံရ၏။ စဥ်းစားပြီးလေမှ... "တစ်ခုခုတော့တစ်ခုခုပဲကွ... အဲ့တစ်ခုခုကိုစဥ်းစားရရင်......" ဟုဆိုကာ သူကြီးဦးဘတင်ကဆက်၍ မပြောဘဲရပ်ထားလေသည်။ ရွာသားတွေကလည်းသူကြီးဦးဘတူပြောမည့်စကားကို သိချင်နေကြသည်။ သို့သော် သူကြီးဦးဘတူက ပညာရှိဂိုက်ကြီးဖမ်းကာ စဥ်းစားခန်းဝင်နေသည်ကိုစိတ်မရှည်သော ရွာသားတစ်ယောက်မှ..."သူကြီးပြောချင်တာက ဒီကလေးနှစ်ယောက် သာမာန်ဖျားနာတာမဟုတ်ဘဲ... ပယောဂတစ်ခုခုကြောင့်လို့ ပြောချင်တာမဟုတ်လားဗျ" ဟုပြောလိုက်တော့ သူကြီးဦးဘတူကမကျေမနပ်ဟန်ဖြင့်... "နေပါဦးကွာ...အခြေအနေကြည့်ပါရစေဦး..." ဟုဖြေသောအခါထိုရွာသားကပဲ... "ဒီအချိန်ကြီး ဒီလိုထဖြစ်တာကတော့မရိုးဘူးဗျ... ကြည့်ရတာကျုပ်တော့... အမေညိုလက်ချက်ပဲလို့ ထင်တယ်ဗျ" ဟုပြောသောအခါ... "ဟဲ့ကောင် ဝက်တိုး...စကားဆိုတာစဥ်းစားပြီးမှ ပြောရတယ်ကွ... စိတ်ထင်တိုင်းပြောနေရင်မှားကုန်တော့မှာပေါ့" ဟု...သူကြီးဦးဘတူကငေါက်လိုက်လေတော့ ဝက်တိုးဆိုသည့်ရွာသားက မကျေမနပ်ဟန်ဖြင့် ပါးစပ်ကိုပွစိပွစိလုပ်၍ ခပ်တိုးတိုးပြောနေလေသည်။ ထိုစဥ်ဆေးဆရာကြီးကသူကြီးဆီသို့ရောက်လာပြီး... "သူကြီးလည်းရောက်နေပြီပဲဗျ..." "ဘာထူးသလဲဗျ...ကလေးတွေဖျားတာသာမာန်ပဲလား" "အဲ့သည်လိုထင်ရပေမယ့်...မဟုတ်ဘူးဗျ... ကလေးတွေကြည့်ရတာတစ်ခုခုကိုလန့်နေပုံရတယ်..." "ဟင်...ဟုတ်လား" ဆေးဆရာကြီး၏စကားကြောင့်သူကြီးဦးဘတူတင်မက နံဘေးရှိရွာသူ၊ရွာသားများပါ အံ့သြကုန်ကြသည်။ "ဟုတ်တယ်သူကြီး...သူကြီးကိုယ်တိုင်ဝင်ကြည့်လိုက်ပါ... အဲ့တာမှကျုပ်ပြောတာဟုတ်မဟုတ်သိရမှာ..." ဆေးဆရာကြီးက​ပြောတော့ သူကြီးဦးဘတူခေါင်းညိတ်လိုက်သည်။ ပြီးနောက်ဆေးဆရာကြီး၏အိမ်ထဲသို့ဝင်ကာကြည့်တော့ ကလေးနှစ်ယောက်ကကြမ်းပေါ်၌ ပက်လက်အနေအထားရှိနေပြီး ကလေးတွေ၏ မိဘများကလည်းနံဘေး၌သောက ကိုယ်စီဖြင့်ရှိကြလေသည်။ သူကြီးဝင်လာတာကိုမြင်တော့သူတို့မျက်လုံးများက သူကြီးကိုအားကိုးတကြီးလှမ်း၍ကြည့်ကြ၏။ "အားးးး...နာတယ်....နာတယ်....မရိုက်ပါနဲ့ ကြောက်ပါပြီဗျ..." "အမေ...အား...နာတယ်...နာတယ်.... အီးးးးဟီးးးးးဟီးးးး..." ကလေးတွေကသတိပြန်ရလာတော့ ကြောက်အားလန့်အားဖြင့်အော်ဟစ်ငိုယိုနေကြသည်။ ကလေးတွေကိုကြည့်ရင်းမိဘတွေမှာလည်း ခြေမကိုင်မိ၊လက်မကိုင်မိဖြင့်မည်သို့လုပ်ပေးရမည်မသိဘဲ ကူကယ်ရာမဲ့သူများအလား....မျက်ရည်များဖြင့် ဗျာများနေကြရရှာသည်။ သူကြီးဦးဘတူလည်းသက်ပြင်းကြီးသာချ၍... "ကျုပ်တို့ဒီကလေးတွေကိုဘယ်လိုလုပ်ပေးရမလဲဗျာ... ဘယ်လိုလုပ်ပေးမှသူတို့သက်သာမှာလဲ..." ဟုဆေးဆရာကြီးကိုမေးလေတော့ ဆေးဆရာကြီးကလည်းသက်ပြင်းကြီးချ၍... "ထုံးစံအတိုင်းပဲပေါ့ဗျာ...အမေညိုဆီကိုသွားရမှာပေါ့" "ဟာဗျာ...ဒီကိစ္စတွေကမပြီးတော့ဘူးလား" သူကြီးကအလိုမကျစွာဖြင့်ပြောသည်။ အမေညိုဆိုတာက စမ်းချောင်းရွာ၏အပယ်ခံလိုဖြစ်နေသူပင်။ အမေညိုကိုစုန်းမ...ကဝေမဟု စမ်းချောင်းတစ်ရွာလုံးက သမုတ်ကြ၏။ အမေညိုကလည်းသူတို့ထင်ရင်ထင်စရာပင်... အရပ်ကရှည်ရှည်...အသားအရေက ချောက်ကပ်ကပ်မဲပြာပြာ...မျက်နှာကလည်း အမြဲတန်းလိုလိုရုပ်တည်ကြီးဖြင့်နေတတ်လေသည်။ ထိုမျှမကသေး အမေညို၏ ဆံပင်တွေကတစ်ခေါင်းလုံးဖြူကာဖွေးလို့နေ၏။ ထိုသို့အသွင်ရှိသောအမေညိုသည် သားနှစ်​ယောက်ရှိပါသော်လည်းအရက်သမားဘိန်းစားများဖြစ်၍ လောကကြီးမှစောစီးစွာထွက်ခွာသွားကုန်ကြ၏။ အမေညိုတစ်ယောက်သာကျန်ရှိခဲ့ပြီး ရွာထဲ၌ သက်ကယ်မိုး...ထရံကာအိမ်အိုလေး၌နေထိုင်လေသည်။ မရှိခိုးနိုး...မလှစုန်းယိုးဟုဆိုသည့်အတိုင်း တစ်ရွာလုံးကအမေညိုကိုအခေါ်အပြော အဆက်ဆံမလုပ်ကြပေ။ ရွာ၌အသက်ကြီးသူဖြစ်သော်ငြားလည်း အမေညိုကိုဆိုလျှင်ဝေးဝေးရှောင်ကာနေကြ၏။ "တို့အမေပြောဖူးတယ်... အမေညိုကစုန်းမတဲ့အေ့... သူ့ယောကျာ်းကဆိုရင်အရမ်းဆိုးတာတဲ့နော်.. အဲ့သည်သူ့ယောကျာ်းကို သူကိုယ်တိုင် မသာကြီးသွေးအန်သေပါစေလို့ ကျိန်စဲလိုက်တာ... တကယ်လည်းသူ့ယောကျာ်းက သွေးအန်ပြီးသေသွားတာဆိုပဲ..." "ဟယ်ဟုတ်လား" "ဟုတ်တယ်...ဟုတ်တယ်... ငါ့အမေလည်းပြောဖူးတယ်... အမေညိုကစုန်းမှ ရိုးရိုးစုန်းမဟုတ်ဖူးတဲ့နော်... ဆယ်နှစ်ကြိုးပိုင်တဲ့ ဆယ့်နှစ်ကြိုးကဝေတဲ့" "အမယ်လေး...ကြောက်စရာကြီးပါလား" "ဟုတ်တယ်...အဲ့သည်လိုစုန်းမျိုးကလေ လူရဲ့အသွေးအသားတွေကိုစားတတ်သတဲ့..." "အဲ့သည်လိုသာဆိုရင်တော့ ဒီအဘွားကြီးနဲ့ ခပ်ဝေးဝေးနေမှဖြစ်မယ်အေ့... မဟုတ်ရင်တို့တွေကိုတစ်ခုခုလုပ်လိုက်မှဖြင့်အေ..." ဟူသောအမျိုးသမီးတို့၏စကားများကြောင့် အမေညိုအပေါ်တစ်ရွာလုံးကပို၍ကြောက်လာကြသည်။ ကြောက်လာသည့်အပြင်အမေညိုကို အခေါ်အပြောအဆက်ဆံပင်မလုပ်ကြ။ သို့ပေမယ့် အမေညိုနဲ့ရွာသူကြီးဦးဘတူတို့က ဆွေမျိုးနည်းစပ်တော်သေးသည်မလို့ အမေညိုအပေါ်မှာတော့ အမှားမလုပ်ရဲကြပေ။ အမေညိုကိုယ်တိုင်ကလည်း မာနရှိ၏။ အခေါ်အပြောမလုပ်သူများကို သူကိုယ်တိုင်က အဖက်ပင်မလုပ်ခဲ့။ ဒါ့ကြောင့်လည်းရွာသူအမျိုးသမီး တို့ပြောသောသတင်းစကားကိုအမှန်ဟု အားလုံးကလက်ခံထားကြလေသည်။ ရွာ၌နာမကျန်း​ဖြစ်သူရှိလျှင်အမေညို၏ခြံဝိုင်းအပြင်၌ ခေါစာများကပစ်ပြီးသားဖြစ်၏။ ထိုသို့လူကြီးမှကလေးပေါက်စနအဆုံး သရိုးသရီတအီအီဖြစ်သည်နှင့် အမေညိုအိမ်ရှေ့သို့ပြေးကာ ခေါစာပစ်ကြသည်မှာရွာ၏ထုံးစံလိုပင်ဖြစ်နေခဲ့သည်။ ယခု ကလေးနှစ်​ယောက်၏အဖြစ်ကိုလည်း အမေညိုလက်ချက်ဟုထင်ကာ ... "အချိန်မရှိဘူးဟေ့...ခေါစာသွားပစ်ကြ..." ဟုပြော၍ အမေညိုအိမ်ရှေ့ကိုခေါစာသွားပစ်ကြသည်။ သို့သော်လည်းကလေးတွေက မသက်သာဘဲ တငိုငိုတရီရီဖြစ်နေကြပြန်တော့အမေတွေကငို... အဖေတွေကဒေါသထွက်ဖြစ်နေကြရ၏။ "ဒီအဘွားကြီးကိုသွားသတ်မယ်... ဒါမှ ငါတို့ကလေးတွေသက်သာမှာ...""အို...မလုပ်ကြပါနဲ့ရှင်... တော်တို့အဲ့သည်လိုလုပ်တော့ပိုဆိုးကုန်မှာပေါ့..." "ဟုတ်ပါတယ်ကွာ...စိတ်လေးတွေလျော့ကြပါဦး..." ဒေါသထွက်နေသောယောကျာ်းသားများကို ဝိုင်းဝန်းတားဆီးကြရပြန်သည်။ သူကြီးဦးဘတူကတော့အတော်လေး စဥျးစားရခကျနေ၏။ ပြီးလေမှ... "မင်းတို့အသာနေကြစမ်း.. ဟုတ်သလား...မဟုတ်သလား ငါကိုယ်တိုင် အမေညိုဆီကိုသွားမေးကြည့်မယ်... ဒီလိုဆိုရင်မင်းတို့ကျေနပ်သလား" "ရတယ်ဗျာ...သူကြီးကိုယ်တိုင်သွားမေးမယ်ဆိုရင် ကျုပ်တို့ဘာမှမလုပ်ဘူး... ဒါပေမယ့် အဲ့ဘွားတော်ကြီးလက်ချက်ဆိုတာသေချာရင် ကျုပ်ကိုယ်တိုင်လာသတ်မှာနော်..." "အေးပါကွာ...အေးပါ" သူကြီးဦးဘတူလည်းကြံရာမရသည့်အဆုံး အမေညိုအိမ်ဆီကိုလာခဲ့လေသည်။ ရွာသားတွေနဲ့အမေညိုကို ပြသာဒ်နာတက်မည်ဆိုး၍သာ သူကြီးဦးဘတူ ထိုသို့ ဆုံးဖြတ်ခဲ့ရသော်လည်း သူကြီးဦးဘတူကိုယ်တိုင်အမေညိုကိုကြောက်ရှာ၏။ အမေညိုက သူကြီးဦးဘတူကို ရှိသည်ဟူ၍ပင်မထင်... စကားပင်လေးငါးခွန်းပြည့်အောင်မပြောဖူးပေ။ ယခုတော့သူကြီး ဦးဘတူအမေညိုအိမ်သို့ရောက်လာခဲ့သည်။ မှောင်မည်းနေသောပတ်ဝန်းကျင်ကို ဒီအတိုင်းလျှော​က်လာခဲ့ပြီး အမေညို၏ခြံဝိုင်းရှေ့ဆီကိုရောက်တော့... "အမေညို....အမေညိုအိပ်နေတာလား... ကျုပ်ပါ သူကြီးဘတူပါအမေညိုရဲ့... ခဏလောက်ထပါဦး" ဟုအသံပြုကာအော်ခေါ်လိုက်သည်။ သူကြီးဦးဘတူနောက်သို့ရွာသူ၊ရွာသားတချို့က လိုက်လာကြပြီး မလှမ်းမကမ်းမှကြည့်နေကြလေသည်။ တဲအိမ်လေးအတွင်းမှဖယောင်းတိုင်တစ်တိုင်ကိုကိုင်၍ အမေညိုထွက်လာခဲ့၏။ ခါးလေးကုန်းပြီးမသွက်လက်သော​ခြေလှမ်းများဖြင့် အမေညိုထွက်လာခဲ့ကာ ခြံတံခါးအနီးရောက်တော့... "ဘာကိစ္စရှိလို့လဲသူကြီး" ဟုမေးရင်းခြံတံခါးကိုဖွင့်ပေးလိုက်သည်။ "ဟို...ဟိုလေအမေညို" သူကြီးဦးဘတူပြောဖို့မရဲဖြစ်နေခဲ့သည်။ "ရွာထဲဘာဖြစ်ပြန်တာလဲဘတူရဲ့..." ဟုအမေညိုကထပ်မေးလေတော့... "ကျုပ်ကိုတော့တမျိုးမထင်ပါနဲ့အမေညို... ရွာထဲမှာကလေးနှစ်ယောက်လန့်ပြီးငိုယိုနေကြတယ်... မိဘတွေကလည်းဘာလုပ်လို့ဘာကိုင်ရမလဲကို မသိဖြစ်​နေကြရှာတယ်...အဲ့တာ..." "သိပြီ...သိပြီ...ငါ့လက်ချက်လို့ပဲပြောနေကြပြန်တာလား..." "အဲ့တာထက်ပိုဆိုးတယ်အမေညို... အခုကအမေညိုအသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ်...အဲ့တာကြောင့် ကျုပ်ကိုယ်တိုင်လာပြောရတာပါ..." "ရပါတယ်...ငါကိုယ်ကဝဋ်ကြွေးတွေ ဆပ်နေရတာပါလေ... တစ်ခုတော့ပြောမယ်ဘတူ... ဒီကလေးတွေကိုငါဘာမှမလုပ်ဖူး... သင်းတို့ဘယ်သွားပြီးဘာတွေမှားလာကြတယ်မသိဘူး... ဒီတော့ငါလိုက်ကြည့်ပေးမယ်... ပြီးမှသင်းတို့ငါ့ကိုသတ်ချင်လည်းသတ်ကြပါစေတော့ ဒီဝဋ်တွေမြန်မြန်ကျေတော့အေးတာပါပဲဟယ်..." အမေညိုစကားကိုဦးဘတူခေါင်းညိတ်လိုက်သည်။ သို့သော်စိတ်မကောင်းစွာဖြင့်သက်ပြင်းချလိုက်သေး၏။ "ကဲ...ရှေ့ကသွားဘတူ...ငါလိုက်ခဲ့မယ်" သူကြီးဦးဘတူကရှေ့မှသွားသည်။ အမေညိုကဖယောင်းတိုင်ကမီးမှုတ်ထားခဲ့ပြီး သူကြီးဦးဘတူအနောက်မှ ခါးလေးတကုန်းကုန်းဖြင့် လိုက်လာခဲ့ရှာ၏။ လှမ်းကြည့်နေကြသောရွာသူ၊ရွာသားများကလည်း အမေညိုလိုက်လာတာကြောင့်အံ့သြနေကြလေသည်။ "အမေညိုကိုယ်တိုင်လိုက်လာတာဟေ့" ဟုရွာသားတစ်ယောက်က ကျန်လူများကို လှမ်းအော်ကာပြောလေသည်။ သူကြီးဦးဘတူကလည်းဆေးဆရာကြီးအိမ်သို့ အမေညိုကိုခေါ်လာခဲ့သည်။ အမေညိုလာတာမြင်တော့တချို့ကနေရာရွေ့သွားကြသလို မလိုမုန်းတီးအကြည့်များဖြင့်ကြည့်နေကြ၏။ "အမေညို...ကျုပ်တွဲပေးမယ်..." "ရတယ်...ရတယ်...ကိုယ့်ဘာသာပဲတက်ပါ့မယ်" လှေကားထစ်လေးကိုအမေညိုတက်ဖို့အားယူနေရ၍ သူကြီးဦးဘတူကတွဲပေးဖို့ပြင်တော့အမေညိုကလက်မခံဘဲ ငြင်းဆန်လိုက်ပြီး သူကိုယ်တိုင်အားပြု၍တက်ရှာသည်။ "ကလေးတွေဘယ်မှာလဲ" "ဟိုမှာအမေညို..." အမေညိုရောက်လာတော့ကလေးမိဘတွေက ဘေးဖယ်ပေးကြသည်။ ဆေးဆရာကြီးနဲ့သူကြီးဦးဘတူတို့ကလည်းအမေညိုကို ရပ်၍ကြည့်​နေကြ၏။ အမေညိုက ကြမ်းပေါ်၌လှဲနေသော ကလေးနှစ်ယောက်နံဘေးကိုထိုင်လိုက်သည်။ ကလေးတွေက ကယောင်ကတမ်းအော်ဟစ်နေကြ၏။ အမေညိုက ကလေးတွေ၏နဖူးကိုသူ့လက်တစ်ဖက်စီ တင်ကာစမ်းသည်။ ကလေးတွေကိုလည်း သေချာစိုက်ကြည့်ပြီးလေမှ... "ဘတူ...ငါ့ကိုရေတစ်ခွက်ပေး" ဟုတောင်းလိုက်၏။ သူကြီးဦးဘတူကိုယ်တိုင်ရေတစ်ခွက်ခပ်ပေးလိုက်တော့ အမေညိုကရေခွက်ကိုနှုတ်ခမ်းနားသို့ကပ်၍ တတွတ်တွတ်ရွှတ်ဆိုနေခဲ့သည်။ အသံပင်မကြားရ၍ဘာတွေရွတ်နေသလဲဆိုတာ သူကြီးဦးဘတူတို့ပင်မသိကြပေ။ ပြီးလေမှ အမေညိုကရေခွက်ထဲမှရေများကို ကလေးနှစ်ယောက်၏ပါးစပ်များကိုလက်ဖြင့်ဟလိုက်ပြီးမှ တိုက်လေသည်။ ရေတိုက်လို့ပြီးသောအခါ ကလေးတွေ၏ခေါင်းကိုလက်ဖြင့် ပွတ်သပ်ပေးပြန်၏။ အမေညိုလုပ်သမျှကိုအားလုံးကကြည့်နေကြသည်။ အမေညိုရောက်လာမှကလေးတွေငြိမ်သွားသည်ဟုလည်း ပြောဆိုနေကြ၏။ အမှန်ပင်...အမေညိုရေတိုက်လိုက်မှကလေးတွေ အော်ဟစ်သံများတိတ်ဆိတ်သွား၏။ အဲ့သည်နောက်အမေညိုကြမ်းပေါ်မှထလိုက်သည်။ "ကဲ...ဘတူ မနက်ရောက်မှကလေးတွေကို ဘယ်သွားပြီးဘာလုပ်ထားသလဲမေး... တောင်းပန်သင့်ရင်သွားတောင်ပန်... ငါတော့ဒါပဲပြောတတ်တယ်...ငါပြန်ပြီဟဲ့" ဟုပြောကာ အိမ်ပေါ်မှဆင်း၍နောက်သို့လှည့်ပင် မကြည့်ဘဲထွက်သွားတော့လေသည်။ "အမေညိုပြောတာကြားကြတယ်... မနက်မှကိုယ့်သားသမီးကိုယ်မေးကြတော့" သူကြီးဦးဘတူလည်း ကလေးမိဘများကို ပြောလိုက်လေသည်။ နောက်တစ်နေ့ရောက်တော့..."ဟဲ့...ကလေးတွေက ဘုရားနီဘက်သွားဆော့ကြတာတဲ့... အဲ့မှာဆော့ရင်းကနေ ဘုရားနီထဲဝင်ဖို့ပြင်နေတဲ့မြွေကို ခဲတွေတုတ်တွေနဲ့ပေါက်ခဲ့ကြသတဲ့..." "ဟယ်...ဘုရားနီကသိုက်စောင့်တွေရှိတယ်ဆို... မြွေကောဟုတ်ရဲ့လားသိုက်စောင့်တွေများ ဖြစ်နေမလားမသိဘူးနော်..." "အတော်လက်ကမြင်းတဲ့ကလေးတွေလေ... ခုတော့သူတို့မိဘတွေလည်းဘုရားနီမှာပွဲထိုးပြီး သွားတောင်းပန်နေကြတယ်..." "အေးနော်...ဒါထက်လေ ညက ကိစ္စကို အမေညိုစိတ်များဆိုးသွားသလားမသိဘူးနော်... သူတို့က အမေညိုကိုသတ်ပစ်မယ်တောင်လုပ်နေကြတာ" "အမေညိုကိုယ်တိုင်လိုက်လာတာရှာတယ်လေ... ပြီးတော့အမေညိုကသူတစ်ယောက်ထဲနေတာ ဒီရွာကဘယ်သူနဲ့စကားပြောဖူးလို့လဲ... မနေ့ညကလည်းကလေးတွေဖြစ်နေတာကြောင့် အမေညိုလိုက်လာတာလေ...ညည်းမတွေ့ဖူးလား အမေညိုကရေတွေကိုမန်းတိုက်လိုက်တော့မှ ဟိုကလေးတွေသက်သာသွားတာလေဟယ်..." "ဟုတ်ပနော်..." အမေညိုအ​ကြောင်းများပြောရင်း အမေညိုအပေါ်၌အမြင်ကြည်လာကြသည်။ "သူကြီး..." "ဟေ..." "ကျုပ်တို့အမေညိုကိုတောင်းပန်ချင်တယ်ဗျာ" "ဘာလို့လဲကွ" "ဟာဗျာ...ဟိုနေ့က ကျုပ်သားအတွက်သွေးဆူနေတုန်း အမေညိုကိုသတ်ပစ်မယ်လို့ပြောမိတယ်လေ... တကယ်တော့အမေညိုကြောင့်ကလေးတွေ သက်သာသွားတာဗျ... ဒါကြောင့်အမေညိုကိုကျုပ်တို့သွားတောင်းပန်ချင်လို့ သူကြီးလိုက်ခဲ့ပေးပါဗျာ" "အေးလေ...မင်းတို့စိတ်တွေပြောင်းလဲလာတော့လည်း ငါဝမ်းသာပါတယ်ကွာ...လိုက်ခဲ့ပေးရမှာပေါ့" သူကြီးကလည်းကျေကျေနပ်နပ်ကြီးဖြင့်ပြုံး၍ပြောသည်။ ကလေးနှစ်ယောက်၏မိဘများကလည်းအမေညိုကို ကန်တော့ဖို့ဆန်များ၊ဆီများကိုတောင်းဖြင့်ထည့်၍ အမေညိုအိမ်ကိုသွားကြ၏။ အမေညိုအိမ်ရှေ့ရောက်တော့... "အမေညို...အမေညိုရှိလား... ကျုပ်တို့ဝင်လာမယ်နော်အမေညို..." ဝိုင်းတံခါးကဟထားသည်မလို့ သူကြီးဦးဘတူကအသံပြု၍ဝင်လာခဲ့သည်။ "အမေညို...အမေညို ကျုပ်ပါဘတူပါအမေညိုရဲ့" ဟုအော်သော်လည်းပြန်ထူးသံကိုမကြားရပေ။ ထိုသို့ဖြင့်တဲအိမ်လေးထဲကိုကြည့်တော့... "ဟာ...အမေညို..." သူကြီးဦးဘတူ လန့်သွားသည်။ အမေညိုကတဲအိမိလေးအတွင်းမြေပေါ်၌ ကွေးကွေးလေးလဲကျနေခြင်းပင်။ သူကြီးဦးဘတူအမေညိုအနီးသို့ပြေးကာသွားရင်း ပွေ့ထူလေတော့ အမေညိုခန္ဓာကိုယ်ကအေးစက်၍နေခဲ့၏။ "အမေညို ဆုံးပြီ" အမေညိုဆုံးပြီဆိုသောသတင်းကြောင့် သဲချောင်းတစ်ရွာလုံးမပျော်နိုင်ခဲ့။ အမေညိုဆုံးလေမှ အမေညိုအပေါ်အထင်လွဲမှားနေမှုများကို သိရှိခဲ့သည်။ အထင်လွဲမှားခဲ့ကြတာကအမှန်ဆိုတာကို အမေညိုအိမ်အတွင်းရှိ ဘုရားပန်းများဖြင့်ဝေဆာနေသော ဘုရားစင်ကြီးကသက်သေပင်ဖြစ်လို့နေခဲ့သည်။ သူကြီးဦးဘတူပြောပြသောအမေညိုအကြောင်းများကိုနားထောင်ပြီး ဘွားမယ်စိန်တို့မှာစိတ်မကောင်းဖြစ်ကြရသည်။ ဘွားမယ်စိန်မှ... "အင်းပေါ့လေ သူ့ခမျာလည်း ဝဋ်ကြွေးတွေကျေသွားရှာတာပေါ့..." ဟုသာပြောလေသည်။ "ဟုတ်ပါတယ်ဗျာ...အမေညိုဝဋ်ကြွေးတွေကျေသွားတာ​ပါ... သူ့ဘဝတစ်လျှောက်လုံးယောကျာ်းကအရက်သမား... သားတွေကအရက်သမား...ဒီလူတွေကိုပေးဆပ်ခဲ့တာတောင် ဝဋ်ကြွေးကမကျေပဲ... တစ်ရွာလုံးရဲ့အထင်အမြင်လွဲမှားတာကိုပါခံရရှာပါသေးတယ်" ဟုသူကြီးဦးဘတူကပြောတော့ဘွားမယ်စိန်က ခေါင်းလေးတညိတ်ညိတ်ဖြင့်နားထောင်နေပြီး... "မောင်ရင်တို့ရွာကဘုရားနီမှာသိုက်ရှိတယ်ဆိုရင် သိုက်တူးမယ့်ဆရာတွေလာလိမ့်မယ်... သတိတော့ထားကြပေါ့ကွယ်..." "ဟုတ်ကဲ့" "ဘုရားဟောင်းကိုပြန်ပြင်လိုက်တာတော့အကောင်းဆုံးပေါ့... ဒါမှမသူတော်တွေရန်က ကင်းဝေးကြရမှာ" ဟု...ဘွားမယ်စိန်ကပြောလိုက်သည်။ ပြီးနောက်သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရှိုက်ရင်းမည်သည့်စကားမှဆက်မပြောတော့ဘဲ အမေညိုအကြောင်းများတွေးရင်းငြိမ်နေခဲ့တော့၏။ သူကြီးဦးဘတူ...သူကြီးဦးနောင်ချိုနှင့်ဒေါ်ဝင်းတို့သာ စကားဆက်ပြောနေကြ​ရသည်။ အချိန်အတော်ကြာစကားပြောပြီးလေမှ သူကြီးဦးဘတူတို့လည်းဘွားမယ်စိန်ကို နှုတ်ဆက်၍ပြန်သွားကြတော့၏။ သူကြီးတို့ပြန်သွားကြတော့ဒေါ်ဝင်းလည်း ရွာထဲကိုထွက်သွားလေသည်။ ဘွားမယ်စိန်တစ်ဦးထဲကွပ်ပျစ်ခင်း၌ကျန်နေရစ်ခဲ့ပြီး... "ဝဋ်ကြွေးတွေဒီဘဝဒီမျှနဲ့ကျေခဲ့ပြီး... နောက်ဘဝမှာအေးချမ်းပါစေ..." ဟုဘွားမယ်စိန် နှုတ်မှရေရွတ်နေခဲ့၏။ ပြီးပါပြီခင်ဗျာ။